YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 20

20
စာရာကိုအဘိမလက်မင်းကြီးလက်မှကယ်တင်တော်မူခြင်း
1အာဗြဟံ​သည် ထို​အရပ်​မှ နေဂေ့​အရပ်​သို့​ရွှေ့ပြောင်း​၍ ကာဒေရှ​အရပ်​နှင့်​ရှုရ​အရပ်​ကြား​၌ နေထိုင်​လေ​၏​။ ဂေရာ​မြို့​၌​တည်းခိုနေထိုင်​စဉ် 2အာဗြဟံ​က မိမိ​မယား​စာရာ​နှင့်​ပတ်သက်၍ “​သူ​သည် ငါ​၏​နှမ​ဖြစ်​သည်​”​ဟု ဆို​သဖြင့် ဂေရာ​ဘုရင်​အဘိမလက်​မင်းကြီး​သည် လူ​လွှတ်​၍ စာရာ​ကို​သိမ်းယူ​လေ​၏​။
3သို့သော် ဘုရားသခင်​သည် အဘိမလက်​မင်းကြီး​ထံသို့ ည​အိပ်မက်​ထဲတွင်​ကြွလာ​၍ “​သင်​သိမ်းယူ​သော​မိန်းမ​ကြောင့် သင်​သေ​ရ​မည်​။ အကြောင်းမှာ သူ​သည် ယောက်ျားရှိ​သော​မိန်းမ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။
4အဘိမလက်​မင်းကြီး​သည် ထို​မိန်းမ​ထံ​မ​ချဉ်းကပ်​ရ​သေး​သည်​ဖြစ်၍ “​အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​လူမျိုး​ကို​ပင် ကွပ်မျက်​တော်မူ​မည်လော​။ 5ထို​သူ​က ‘​သူ​သည် ငါ့​နှမ​ဖြစ်​သည်​’​ဟု ဆို​သည်​မ​ဟုတ်​လော​။ ထို​မိန်းမ​က​လည်း ‘​သူ​သည် ငါ့​အစ်ကို​ဖြစ်​သည်​’​ဟု ဆို​ခဲ့​ပါ​၏​။ အကျွန်ုပ်​သည် ရိုးဖြောင့်​သော​စိတ်​နှင့် အပြစ်ကင်း​သော​လက်​ဖြင့် ဤ​အမှု​ကို ပြု​ပါ​၏​”​ဟု လျှောက်​လေ​၏​။
6ထိုအခါ ဘုရားသခင်​က “​မှန်​ပေ​၏​။ သင်​သည် ရိုးဖြောင့်​သော​စိတ်​ဖြင့် ဤ​အမှု​ကို​ပြု​ကြောင်း ငါ​သိ​၍ သင်​သည် ငါ့​ကို​မ​ပြစ်မှား​မိ​စေရန် ငါ​ဟန့်တား​၏​။ ထို့ကြောင့် ငါ​သည် သင့်​အား ထို​မိန်းမ​ကို​ထိ​ခွင့်​မ​ပေး​ခဲ့​ချေ​။ 7ယခု ထို​သူ​၏​မယား​ကို ပြန်ပေး​လော့​။ သူ​သည် ပရောဖက်​ဖြစ်​သောကြောင့် သင့်​အတွက်​ဆုတောင်း​ပေး​လိမ့်မည်​။ ထိုအခါ သင်​သည် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။ သို့သော် သင်​ပြန်​မ​ပေး​လျှင် သင်​နှင့်တကွ သင်​နှင့်သက်ဆိုင်​သူ​အားလုံး​သည် မုချ​သေ​ရ​မည်​ကို သိမှတ်​လော့​”​ဟု အဘိမလက်​မင်းကြီး​အား အိပ်မက်​ထဲတွင် မိန့်​တော်မူ​၏​။
8အဘိမလက်​မင်းကြီး​သည်​လည်း နံနက်​စောစောထ​၍ မိမိ​အမှုထမ်း​အပေါင်း​တို့​ကို​ဆင့်ခေါ်​ပြီးလျှင် ဤ​အမှုအရာ​အလုံးစုံ​တို့​ကို သူ​တို့​အား​ပြောကြား​လေ​၏​။ ထိုအခါ လူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​၏​။
9ထို့နောက် အဘိမလက်​မင်းကြီး​သည် အာဗြဟံ​ကို​ဆင့်ခေါ်​၍ “​သင်​သည် ငါ​တို့​အား မည်သို့​ပြု​ဘိ​သနည်း​။ သင့်​ကို ငါ​မည်သို့​ပြစ်မှား​မိ​သဖြင့် သင်​သည် ငါ့​အပေါ်​၌​လည်းကောင်း​၊ ငါ့​နိုင်ငံ​အပေါ်​၌​လည်းကောင်း ကြီးလေး​သော​အပြစ်​ကို ကျရောက်​စေ​သနည်း​။ သင်​သည် မ​ပြု​သင့်​သော​အမှု​တို့​ကို ငါ​၌​ပြု​လေ​ပြီ​တကား​”​ဟု သူ့​အား မိန့်ဆို​၏​။ 10တစ်ဖန် အဘိမလက်​မင်းကြီး​က “​သင်​သည် မည်သို့​တွေးထင်​၍ ဤ​အမှု​ကို​ပြု​သနည်း​”​ဟု အာဗြဟံ​အား မေး​၏​။
11အာဗြဟံ​က​လည်း “​ဤ​အရပ်​ရှိ​လူ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​လုံးဝ​မ​ရှိ​ကြ​ပါ​။ သို့ဖြစ်၍ သူ​တို့​သည် အကျွန်ုပ်​၏​မယား​အတွက်ကြောင့် အကျွန်ုပ်​ကို​သတ်​ကြ​လိမ့်မည်​ဟု အကျွန်ုပ်​ထင်​၍ ထိုသို့​ပြု​မိ​ပါ​ပြီ​။ 12ထို့ပြင် သူ​သည် အမှန်ပင် အကျွန်ုပ်​၏​နှမ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ဖခင်​၏​သမီး​ဖြစ်​သော်လည်း အကျွန်ုပ်​မိခင်​၏​သမီး​မ​ဟုတ်​ပါ​။ နောက်တွင် အကျွန်ုပ်​၏​မယား ဖြစ်လာ​ပါ​၏​။ 13ဘုရားသခင်​သည် အကျွန်ုပ်​ကို အကျွန်ုပ်​ဖခင်​၏​အိမ်​မှ​ထွက်ခွာ​၍ လှည့်လည်သွားလာ​စေ​တော်မူ​သောအခါ အကျွန်ုပ်​က ‘​သင်​သည် ငါ့​ကို မေတ္တာ​ထား​သည့်​အနေဖြင့် ငါ​တို့​သွား​လေရာရာ​၌ ငါ​နှင့်​ပတ်သက်၍ သူ​သည် ကျွန်မ​၏​အစ်ကို​ဖြစ်​သည်​ဟု ပြော​ပါ​’ ဟူ၍ သူ့​အား မှာထား​ပါ​သည်​”​ဟု ဖြေကြား​လေ​၏​။
14ထိုအခါ အဘိမလက်​မင်းကြီး​သည် သိုးအုပ်​၊ နွားအုပ်​၊ ကျွန်ယောက်ျား​နှင့်​ကျွန်မိန်းမ​တို့​ကို​ယူ​၍ အာဗြဟံ​အား​ပေး​လေ​၏​။ သူ​၏​မယား​စာရာ​ကို​လည်း သူ့​အား​ပြန်ပေး​၏​။ 15ထို့နောက် အဘိမလက်​မင်းကြီး​က “​ကြည့်​လော့​။ ငါ​၏​နယ်မြေ​သည် သင့်​ရှေ့​၌​ရှိ​၏​။ သင်​အလိုရှိ​သည့်​နေရာ​၌ နေထိုင်​လော့​”​ဟု မိန့်ဆို​၏​။ 16စာရာ​ကို​လည်း “​ကြည့်​လော့​။ သင်​၏​အစ်ကို​အား ငွေစ​တစ်ထောင်​ကို ငါ​ပေး​ပြီ​။ ဤ​ငွေ​သည် သင်​နှင့်အတူ​ရှိ​သော​သူ​အားလုံး​ရှေ့​တွင် သင်​၏​ဂုဏ်သိက္ခာ​ထိန်းသိမ်း​ခြင်း#20:16 တိုက်ရိုက်ပြန်ဆိုလျှင် “မျက်စိကိုဖုံးကွယ်ထားခြင်း”။​အတွက်​ဖြစ်​လိမ့်မည်​။ သင်​သည်​လည်း အားလုံး​ရှေ့​၌ အပြစ်ကင်း​ကြောင်း​ထင်ရှား​လိမ့်မည်​”​ဟု မိန့်ဆို​၏​။
17ထိုအခါ အာဗြဟံ​သည် ဘုရားသခင်​ထံသို့​ဆုတောင်း​လေ​၏​။ ဘုရားသခင်​သည်​လည်း အဘိမလက်​မင်းကြီး​မှစ၍ သူ​၏​မိဖုရား​၊ သူ​၏​ကျွန်မ​တို့​ကို ကျန်းမာ​စေ​တော်မူ​သဖြင့် သူ​တို့​သည် သားသမီး​ကို​မွေးဖွား​ကြ​၏​။ 18အကြောင်းမှာ အာဗြဟံ​၏​မယား​စာရာ​ကြောင့် ထာဝရဘုရား​သည် အဘိမလက်​မင်းကြီး​၏​နန်းတွင်းသူ​အားလုံး​တို့​အား သန္ဓေတည်​ခွင့်​ကို အလျှင်း​ပေး​တော်​မ​မူ​သောကြောင့်​ဖြစ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in