ဂလာတိဩဝါဒစာ 6
6
အချင်းချင်း၏ဝန်များကို ကူညီထမ်းရွက်ပေးခြင်း
1ညီအစ်ကိုတို့၊ လူတစ်ဦးသည် ကျူးလွန်သောအပြစ်တစ်စုံတစ်ခုထဲ၌ နစ်မွန်းနေလျှင် ဝိညာဉ်သဘောရှိသောသင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးကြလော့။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ခြင်းသို့မကျရောက်စေရန် သတိပြုကြလော့။ 2အချင်းချင်း၏ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ပေးကြလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏တရားတော်ကို ပြည့်စုံစေကြလိမ့်မည်။ 3တစ်စုံတစ်ယောက်သည် ဘာမျှမဟုတ်ဘဲလျက် မိမိကိုယ်ကိုအရေးပါသူဟု ထင်မှတ်လျှင် သူသည် မိမိကိုယ်ကိုလှည့်ဖြား၏။ 4လူတိုင်း မိမိပြုသောအမှုကို စစ်ဆေးပါစေ။ သို့ပြုလျှင် သူတစ်ပါး၌မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း၌ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။ 5အကြောင်းမူကား လူတိုင်းသည် မိမိဝန်ကိုထမ်းရမည်ဖြစ်၏။
6နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
7အယူမလွဲကြနှင့်။ ဘုရားသခင်သည် မထီလေးစားပြုခြင်းကိုခံတော်မမူ။ အကြောင်းမူကား လူသည် တစ်စုံတစ်ခုကိုစိုက်ပျိုးလျှင် ၎င်းကို ပြန်လည်ရိတ်သိမ်းရလိမ့်မည်။ 8မိမိသွေးသားဇာတိ၌စိုက်ပျိုးသောသူသည် သွေးသားဇာတိထံမှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၌စိုက်ပျိုးသောသူမူကား ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။ 9ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။ 10ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
အဆုံးသတ်အားပေးတိုက်တွန်းခြင်း
11ငါသည် မည်မျှလောက်ကြီးသောစာလုံးကို ငါ့လက်ဖြင့် သင်တို့ထံ ရေးလိုက်သည်ကို ကြည့်ကြလော့။
12ကိုယ်ကာယ၌ အမြင်ကောင်းအောင်ပြုလိုသောသူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ညှဉ်းဆဲခြင်းမခံလို၍သာ သင်တို့ကို အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းကြခြင်းဖြစ်၏။ 13အကြောင်းမူကား အရေဖျားလှီးခြင်းကိုခံသောသူတို့သည်လည်း မိမိတို့ကိုယ်တိုင်ပညတ်တရားကိုစောင့်ထိန်းခြင်းမရှိကြပေ။ ထိုသူတို့သည် သင်တို့၏ကိုယ်ကာယ၌ ဝါကြွားနိုင်ရန် သင်တို့အား အရေဖျားလှီးခြင်းကိုခံစေလိုကြ၏။ 14ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။ 15အကြောင်းမူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ ပဓာနမဟုတ်။ အသစ်ဖန်ဆင်းခံရခြင်းသာ ပဓာနဖြစ်၏။ 16ဤနည်းဥပဒေသအတိုင်း လိုက်လျှောက်သူရှိသမျှတို့အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏အစ္စရေးအမျိုးတို့အပေါ်၌လည်းကောင်း ငြိမ်သက်ခြင်းနှင့်ကရုဏာတော် သက်ရောက်ပါစေသော။
17ယခုမှစ၍ မည်သူမျှ ငါ့အား အနှောင့်အယှက်မပေးပါစေနှင့်။ အကြောင်းမူကား ငါသည် ယေရှုနှင့်ဆိုင်သောအမှတ်တံဆိပ်များကို ငါ၏ကိုယ်ခန္ဓာ၌ ဆောင်ထား၏။
18ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသော။ အာမင်။
Currently Selected:
ဂလာတိဩဝါဒစာ 6: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative