YouVersion Logo
Search Icon

ဂလာတိဩဝါဒစာ 6

6
အချင်းချင်း၏ဝန်များကို ကူညီထမ်းရွက်ပေးခြင်း
1ညီအစ်ကို​တို့၊ လူ​တစ်​ဦး​သည် ကျူးလွန်​သော​အပြစ်​တစ်စုံတစ်ခု​ထဲ၌ နစ်မွန်း​နေ​လျှင် ဝိညာဉ်​သဘော​ရှိ​သော​သင်​တို့​သည် နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်​ပေး​ကြ​လော့။ သင်​တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ခြင်း​သို့​မ​ကျရောက်​စေရန် သတိပြု​ကြ​လော့။ 2အချင်းချင်း​၏​ဝန်ထုပ်ဝန်ပိုး​များ​ကို ကူညီ​ထမ်းရွက်​ပေး​ကြ​လော့။ ထိုသို့​ပြု​ခြင်း​အားဖြင့် သင်​တို့​သည် ခရစ်တော်​၏​တရား​တော်​ကို ပြည့်စုံ​စေ​ကြ​လိမ့်မည်။ 3တစ်စုံတစ်ယောက်​သည် ဘာမျှ​မ​ဟုတ်​ဘဲ​လျက် မိမိ​ကိုယ်​ကို​အရေးပါ​သူ​ဟု ထင်မှတ်​လျှင် သူ​သည် မိမိကိုယ်ကို​လှည့်ဖြား​၏။ 4လူ​တိုင်း မိမိ​ပြု​သော​အမှု​ကို စစ်ဆေး​ပါစေ။ သို့ပြုလျှင် သူတစ်ပါး​၌​မ​ဟုတ်​ဘဲ မိမိ​တစ်ကိုယ်တည်း​၌ ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ရှိ​လိမ့်မည်။ 5အကြောင်းမူကား လူ​တိုင်း​သည် မိမိ​ဝန်​ကို​ထမ်း​ရ​မည်​ဖြစ်​၏။
6နှုတ်ကပတ်​တရား​ကို​သင်ယူ​သော​သူ​သည် သင်ပေး​သော​သူ​အား ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ဝေမျှ​ပေး​ပါစေ။
7အယူ​မ​လွဲ​ကြ​နှင့်။ ဘုရားသခင်​သည် မထီလေးစား​ပြု​ခြင်း​ကို​ခံ​တော်​မ​မူ။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​ကို​စိုက်ပျိုး​လျှင် ၎င်း​ကို ပြန်လည်​ရိတ်သိမ်း​ရ​လိမ့်မည်။ 8မိမိ​သွေးသား​ဇာတိ​၌​စိုက်ပျိုး​သော​သူ​သည် သွေးသား​ဇာတိ​ထံမှ ပျက်စီး​ခြင်း​ကို ရိတ်သိမ်း​ရ​လိမ့်မည်။ ဝိညာဉ်​တော်​၌​စိုက်ပျိုး​သော​သူ​မူကား ဝိညာဉ်​တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်း​ရ​လိမ့်မည်။ 9ငါ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ နေ​ကြ​ကုန်စို့။ အကြောင်းမူကား စိတ်​မ​ပျက်​ဘဲ​နေ​လျှင် အချိန်တန်​သောအခါ ရိတ်သိမ်း​ရ​ကြ​လိမ့်မည်။ 10ထို့ကြောင့် ငါ​တို့​သည် အခါအခွင့်​ရ​သောအခါ လူ​အပေါင်း​တို့​အပေါ် အထူးသဖြင့် ယုံကြည်​ခြင်း​၏​အိမ်သူအိမ်သား​တို့​အပေါ် ကောင်း​သော​အမှု​ကို ပြု​ကြ​ကုန်စို့။
အဆုံးသတ်အားပေးတိုက်တွန်းခြင်း
11ငါ​သည် မည်မျှလောက်​ကြီး​သော​စာလုံး​ကို ငါ့​လက်​ဖြင့် သင်​တို့​ထံ ရေး​လိုက်​သည်​ကို ကြည့်​ကြ​လော့။
12ကိုယ်ကာယ​၌ အမြင်​ကောင်း​အောင်​ပြု​လို​သော​သူ​ရှိသမျှ​တို့​သည် ခရစ်တော်​၏​လက်ဝါးကပ်တိုင်​ကြောင့် ညှဉ်းဆဲ​ခြင်း​မ​ခံ​လို​၍​သာ သင်​တို့​ကို အရေဖျား​လှီး​ခြင်း​ခံ​ရန် အတင်းအကျပ်​စေခိုင်း​ကြ​ခြင်း​ဖြစ်​၏။ 13အကြောင်းမူကား အရေဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​သည်​လည်း မိမိ​တို့​ကိုယ်တိုင်​ပညတ်​တရား​ကို​စောင့်ထိန်း​ခြင်း​မ​ရှိ​ကြ​ပေ။ ထို​သူ​တို့​သည် သင်​တို့​၏​ကိုယ်ကာယ​၌ ဝါကြွား​နိုင်​ရန် သင်​တို့​အား အရေဖျား​လှီး​ခြင်း​ကို​ခံ​စေ​လို​ကြ​၏။ 14ငါ့​အတွက်​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​လက်ဝါးကပ်တိုင်​၌ ဝါကြွား​ခြင်း​မှတစ်ပါး အခြား​ဝါကြွား​စရာ​မ​ရှိ။ ငါ့​အနေဖြင့် လောက​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​၍ လောက​အနေဖြင့်​လည်း ငါ​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​လေ​ပြီ။ 15အကြောင်းမူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ ပဓာန​မ​ဟုတ်။ အသစ်​ဖန်ဆင်း​ခံရ​ခြင်း​သာ ပဓာန​ဖြစ်​၏။ 16ဤ​နည်းဥပဒေသ​အတိုင်း လိုက်လျှောက်​သူ​ရှိသမျှ​တို့​အပေါ်​၌​လည်းကောင်း၊ ဘုရားသခင်​၏​အစ္စရေး​အမျိုး​တို့​အပေါ်​၌​လည်းကောင်း ငြိမ်သက်​ခြင်း​နှင့်​ကရုဏာ​တော် သက်ရောက်​ပါစေသော။
17ယခု​မှစ၍ မည်သူမျှ ငါ့​အား အနှောင့်အယှက်​မ​ပေး​ပါစေ​နှင့်။ အကြောင်းမူကား ငါ​သည် ယေရှု​နှင့်ဆိုင်သော​အမှတ်တံဆိပ်​များ​ကို ငါ​၏​ကိုယ်ခန္ဓာ​၌ ဆောင်​ထား​၏။
18ညီအစ်ကို​တို့၊ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​နှင့်အတူ ရှိ​ပါစေသော။ အာမင်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in