YouVersion Logo
Search Icon

ဧဖက်ဩဝါဒစာ 1

1
နှုတ်ခွန်းဆက်ခြင်း
1ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် ခရစ်တော်​ယေရှု​၌​သစ္စာ​ရှိ​သည့် ဧဖက်​မြို့​တွင်​နေ​ကြ​သော​သန့်ရှင်း​သူ​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ 2ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။
ဘုရားသခင်၏ကြွယ်ဝသောကောင်းချီးမင်္ဂလာ
3အထက်​ကောင်းကင်​အရပ်​တွင်​ရှိ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ကောင်းချီး​မင်္ဂလာ​အပေါင်း​တို့​ဖြင့် ငါ​တို့​ကို ခရစ်တော်​၌ ကောင်းချီး​ပေး​တော်မူ​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ 4ငါ​တို့​သည် ရှေ့​တော်​၌ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ဘုရားသခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ငါ​တို့​ကို ခရစ်တော်​၌​ရွေးကောက်​တော်မူ​ပြီး 5မိမိ​အလို​တော်​နှင့်ညီသော​စေတနာ​အတိုင်း ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​၏​သားသမီး​အရာ​၌ မေတ္တာ​တော်​ဖြင့် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။ 6ဤသည်ကား ချစ်​တော်မူ​သော​သား​တော်​အားဖြင့် ငါ​တို့​အား​ပေး​သနား​တော်မူ​သော မိမိ​ကျေးဇူး​တော်​၏​ဘုန်း​တော်​ကို ငါ​တို့​ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။ 7ဘုရားသခင်​၏​ကျေးဇူး​တော်​ကြွယ်ဝ​တော်မူ​သည်​နှင့်အညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော ကျူးလွန်​သည့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ထို​သား​တော်​အားဖြင့်​ရရှိ​ကြ​၏။ 8ဘုရားသခင်​သည် ထို​ကျေးဇူး​တော်​ကို ငါ​တို့​၌​ကြွယ်ဝ​ပြည့်စုံ​စေ​တော်မူ​၍ ခပ်သိမ်း​သော​ဉာဏ်ပညာ​နှင့်​အသိပညာ​အားဖြင့် 9ခရစ်တော်​၌​ကြံရွယ်​ထား​သည့် အလို​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မိမိ​စေတနာ​တော်​အတိုင်း ငါ​တို့​အား​သိ​စေ​တော်မူ​၏။ 10ထို​နက်နဲ​သော​အရာ​ဟူမူကား အချိန်အခါ​များ​ပြည့်စုံ​သောအခါ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ အရာ​ခပ်သိမ်း​တို့​ကို ခရစ်တော်​၌​ပေါင်းစည်း​စေရန် စီမံ​ခန့်ခွဲ​တော်မူ​ခြင်း​ဖြစ်​၏။
11ငါ​တို့​သည်​လည်း အရာ​ခပ်သိမ်း​တို့​ကို မိမိ​အလို​တော်​နှင့်ညီသော​ဆုံးဖြတ်​ချက်​အတိုင်း လုပ်ဆောင်​စေ​တော်မူ​သော​အရှင်​၏​အကြံအစည်​တော်​နှင့်အညီ ကြိုတင်​သတ်မှတ်​ထား​ခြင်း​ခံရ​၍ ထို​ခရစ်တော်​အားဖြင့် အမွေ​တော်​ကို​ရရှိ​ကြ​၏။ 12ဤသည်ကား ခရစ်တော်​၌ ဦးစွာ​မျှော်လင့်​ထား​သော​ငါ​တို့​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။ 13သင်​တို့​သည်​လည်း သင်​တို့​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​တည်းဟူသော သမ္မာတရား​၏​နှုတ်ကပတ်တော်​ကို ထို​သခင်​၌​ကြား​ရ​၍ ကိုယ်တော်​ကို​ယုံကြည်​သဖြင့် ကတိ​ထား​တော်မူ​သော သန့်ရှင်း​သော​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။ 14ထို​ဝိညာဉ်​တော်​သည် ပိုင်ဆိုင်​တော်မူ​သော​သူ​တို့​ရွေးနုတ်​ခြင်း​ခံရ​သည်​အထိ ငါ​တို့​၏​အမွေ​အတွက် စရန်​ဖြစ်​တော်မူ​၏။ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ရန်​အတွက်​လည်း​ဖြစ်​၏။
ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ဆုတောင်းခြင်း
15ထို့ကြောင့် ငါ​သည်​လည်း သခင်​ယေရှု​အပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ်​ထားရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ကြားသိ​သဖြင့် 16သင်​တို့​အတွက် အစဉ်မပြတ်​ကျေးဇူး​တော်​ချီးမွမ်း​လျက် ငါ​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ 17ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သည့်​ခမည်းတော်​သည် မိမိ​ကို​သိရှိ​စေရန် ဉာဏ်ပညာ​နှင့်​ဗျာဒိတ်​တော်​ဆိုင်ရာ​ဝိညာဉ်​ကို သင်​တို့​အား ပေး​တော်မူ​မည့်​အကြောင်း​နှင့် 18ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​မျက်စိ​ကို ပွင့်လင်း​စေ​၍ ခေါ်ယူ​တော်မူ​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ခံရ​မည့်​အမွေ​တော်​သည် ဘုန်း​အသရေ​နှင့် မည်မျှ​ကြွယ်ဝ​သည်​ကို​လည်းကောင်း၊ 19ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​၏​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​သော​ငါ​တို့​အပေါ်​သက်ရောက်​သည့် ကိုယ်တော်​၏​တန်ခိုး​သည် မည်မျှ​ထူးကဲ​ကြီးမား​သည်​ကို​လည်းကောင်း သင်​တို့​အား​သိ​စေ​မည့်​အကြောင်း တောင်းလျှောက်​၏။
ခရစ်တော်၌ရှိသော ဘုရားသခင်၏တန်ခိုးတော်
20ဘုရားသခင်​သည် ထို​အစွမ်းသတ္တိ​နှင့်​တန်ခိုး​အရှိန်အဝါ​တို့​ကို ခရစ်တော်​ထဲ၌ သက်ဝင်​လှုပ်ရှား​စေ​တော်မူ​၍ ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​ကာ 21ခပ်သိမ်း​သော အုပ်ချုပ်မှု၊ အာဏာစက်၊ တန်ခိုး၊ စိုးပိုင်ခွင့်​နှင့် မျက်မှောက်​ကာလ​၌​သာမက တမလွန်​ကာလ​၌​လည်း ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သည့် ဘွဲ့​နာမ​ရှိသမျှ​တို့​၏​အပေါ် အထက်​ကောင်းကင်​အရပ်​၌ မိမိ​၏​လက်ယာ​တော်​ဘက်​တွင် ထိုင်​စေ​တော်မူ​၏။ 22အရာ​ခပ်သိမ်း​တို့​ကို​လည်း ခရစ်တော်​၏​ခြေ​တော်​အောက်၌ ချ​ထား​၍ ကိုယ်တော်​ကို အရာ​ခပ်သိမ်း​တို့​အပေါ် ဦးခေါင်း​ဖြစ်​စေ​ပြီး အသင်းတော်​အား​ပေး​တော်မူ​၏။ 23ထို​အသင်းတော်​သည် အလုံးစုံ​တို့​ကို အလုံးစုံ​တို့​၌ ပြည့်စုံ​စေ​တော်မူ​သော​အရှင်​၏​ပြည့်စုံ​ခြင်း​တည်းဟူသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ဖြစ်​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in