ယေဇကျေလအနာဂတ္တိကျမ်း 1
1
1အနှစ်သုံးဆယ်ပြည့်သောနှစ်၊ စတုတ္ထလ၊ ငါးရက်နေ့တွင် ငါသည် ဖမ်းခေါ်သွားခြင်းခံရသူတို့နှင့်အတူ ခေဗာမြစ်နား၌ရှိနေစဉ် ကောင်းကင်ပွင့်၍ ဘုရားသခင်ဖွင့်ပြတော်မူသောနိမိတ်အာရုံကို ငါမြင်ရ၏။ 2ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရသော ပဉ္စမနှစ်၊ ထိုလ ငါးရက်နေ့တွင် 3ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။
စိတ်အာရုံတွင် ထာဝရဘုရား၏ဘုန်းတော်ကိုမြင်ရခြင်း
4ငါကြည့်လိုက်သော် မြောက်ဘက်အရပ်မှ လေပြင်းမုန်တိုင်း လာနေသည်ကို မြင်ရ၏။ ထိုလေပြင်းမုန်တိုင်းတွင် မီးတောက်မီးလျှံဖြင့်လင်းလက်နေသော တိမ်တိုက်ကြီးပါလာ၍ တိမ်တိုက်ကြီးပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပလျက်ရှိ၏။ မီးတောက်မီးလျှံအလယ်တွင် အရောင်တောက်နေသော ကြေးဝါ#1:4 သို့မဟုတ် “ပယင်း”။ကဲ့သို့သောအရာတစ်ခုလည်းပါ၏။ 5ထိုမီးတောက်မီးလျှံအလယ်တွင်လည်း သတ္တဝါသဏ္ဌာန်လေးခု ပါလာ၏။ ထိုသတ္တဝါတို့၏သဏ္ဌာန်သည် လူ၏သဏ္ဌာန်နှင့်တူ၏။ 6တစ်ပါးစီ၌ မျက်နှာလေးခု၊ တောင်ပံလေးခု ပါရှိ၏။ 7သူတို့၏ခြေသည် ဖြောင့်တန်း၍ ခြေဖဝါးမူကား နွားသငယ်၏ခွာနှင့်တူပြီး တိုက်ချွတ်ထားသောကြေးနီကဲ့သို့ ပြောင်လက်လျက်ရှိ၏။ 8ဘေး၌ရှိသော အတောင်ပံလေးခုအောက်တွင် လူလက်ပါ၏။ ထိုသတ္တဝါလေးပါးတို့တွင် မျက်နှာနှင့်တောင်ပံများရှိ၏။ 9အတောင်ပံတို့သည် တစ်ခုနှင့်တစ်ခု ထိစပ်လျက်ရှိ၏။ ထိုသတ္တဝါလေးပါးတို့သည် သွားသောအခါတွင်လည်း ဟိုဘက်သည်ဘက်မလှည့်ဘဲ မျက်နှာမူရာသို့သာ တည့်တည့်သွားတတ်၏။ 10တစ်ပါးစီ၏မျက်နှာပုံသဏ္ဌာန်မှာ ရှေ့မျက်နှာသည် လူမျက်နှာ၊ ယာဘက်မျက်နှာသည် ခြင်္သေ့မျက်နှာ၊ ဝဲဘက်မျက်နှာသည် နွားမျက်နှာ၊ အနောက်ဘက်မျက်နှာသည် လင်းယုန်ငှက်မျက်နှာ စသည်ဖြင့်#ယေဇ 10:14၊ ဗျာ 4:7။ 11မျက်နှာပုံစံများ ရှိ၏။ အတောင်ပံများသည်လည်း တစ်စုံမှာ အထက်သို့ဖြန့်၍ တစ်ပါးနှင့်တစ်ပါး အတောင်ချင်းထိထား၏။ ကျန်တောင်ပံတစ်စုံမှာ ကိုယ်ကိုဖုံးအုပ်ထား၏။ 12သူတို့သည် မျက်နှာမူရာသို့သာ တည့်တည့်သွားတတ်၏။ သွားသောအခါ ဟိုဘက်သည်ဘက်မလှည့်ဘဲ ဝိညာဉ်တော်ညွှန်ပြရာသို့သာသွား၏။
13ထိုသတ္တဝါတို့၏သဏ္ဌာန်သည် မီးတောက်နေသော မီးခဲသဏ္ဌာန်နှင့်တူ၏။ မီးရှူးမီးပန်းသဏ္ဌာန်နှင့်တူသောအရာများသည်လည်း ထိုသတ္တဝါတို့ကြားတွင် ရွေ့လျားသွားလာလျက်ရှိ၏။ မီးသည် တောက်ပလျက် မီးထဲမှလည်း လျှပ်စီးတဖျပ်ဖျပ်လက်လျက်ရှိ၏။ 14ထိုသတ္တဝါတို့ သွားသောအခါ လျှပ်စီးလက်သကဲ့သို့ လှစ်ကနဲလှစ်ကနဲ ဖြစ်၏။
15ထိုသတ္တဝါတို့ကိုကြည့်နေစဉ် မျက်နှာလေးဖက်ပါသော သတ္တဝါတစ်ပါးစီတို့၏ဘေးရှိ မြေပေါ်တွင် ဘီးတစ်ဘီးစီရှိနေသည်ကို တွေ့ရ၏။ 16ဘီးတို့သည် ကျောက်မျက်ရွဲဖြင့် ထုလုပ်ထားသည်နှင့်တူ၏။ ကျောက်မျက်ရွဲအဆင်းအရောင်ကဲ့သို့တောက်ပ၏။ ဘီးလေးခုတို့မှာ တစ်ပုံစံတည်းဖြစ်၍ ပြုလုပ်ထားသည့်ပုံစံမှာ ဘီးတစ်ခုတွင် နောက်ဘီးတစ်ခုကို ကန့်လန့်ဖြတ်ထည့်ထားသည့်ပုံစံမျိုး ဖြစ်၏။ 17သွားသောအခါတွင်လည်း ဟိုဘက်သည်ဘက်မကွေ့ဘဲ သတ္တဝါတို့မျက်နှာမူရာ လေးဘက်လေးတန်သို့သာ သွားတတ်၏။ 18ဘီးခွေတို့သည် အလွန်မြင့်၍ အံ့ဩဖွယ်ကောင်းလှ၏။ ဘီးလေးဘီးစလုံး၏ခွေမှာ မျက်စိအပြည့်ပါရှိ၏။#ယေဇ 10:12၊ ဗျာ 4:8။ 19သတ္တဝါတို့သွားသောအခါ ဘီးတို့သည်လည်း သူတို့၏ဘေးမှ လိုက်ကြ၏။ သတ္တဝါတို့ မြေမှကြွသောအခါ ဘီးတို့လည်း မြေမှကြွကြ၏။ 20ဝိညာဉ်တော်သွားရာသို့ သတ္တဝါတို့လိုက်ပါသွားရ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သည်ဖြစ်၍ ဝိညာဉ်တော်သွားရာသို့ ဘီးတို့သည် ဝိညာဉ်တော်နှင့်အတူ ကြွကြ၏။ 21သူတို့သွားသောအခါ ဘီးတို့သည်သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သောကြောင့် သတ္တဝါတို့ မြေမှကြွသောအခါ ဘီးတို့လည်း သူတို့နှင့်အတူ ကြွကြ၏။
22သတ္တဝါတို့၏ဦးခေါင်းအထက်တွင် အံ့ဩဖွယ်ကောင်းသော၊ ကျောက်သလင်းသဏ္ဌာန်နှင့်တူသော မျက်နှာပြင်ကြီးတစ်ခုရှိ၍ သူတို့၏ဦးခေါင်းအထက်တွင် ပြန့်လျက်နေ၏။ 23မျက်နှာပြင်ကြီးအောက်တွင် သူတို့၏အတောင်ပံတို့ကို တစ်ခုနှင့်တစ်ခုထိအောင် ဖြန့်ထား၏။ ကျန်တောင်ပံနှစ်ခုစီ နှစ်ခုစီသည် သူတို့ကိုယ်ကို ဖုံးထားလျက်ရှိ၏။ 24သူတို့သွားသောအခါ ရေလှိုင်းပုတ်သံကြီးကဲ့သို့၊ အနန္တတန်ခိုးရှင်၏အသံကဲ့သို့ သူတို့၏တောင်ပံခတ်သံကို ငါကြားရ၏။ သူတို့သွားသောအသံသည် စစ်ချီသံကဲ့သို့ ဖြစ်၏။ သူတို့ရပ်နေသောအခါ အတောင်ပံများကို ချထား၏။ 25သူတို့ဦးခေါင်းအထက် မျက်နှာပြင်ကြီးပေါ်မှ အသံထွက်လာ၏။ သူတို့သည် ရပ်နေသောအခါ အတောင်ပံများကို ချထား၏။
26သူတို့ဦးခေါင်းအထက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် နီလာကျောက်အဆင်းအရောင်နှင့်တူသည့် ရာဇပလ္လင်ကဲ့သို့ သဏ္ဌာန်တစ်ခုရှိ၏။ ထိုပလ္လင်ပေါ်တွင် လူနှင့်တူသော သဏ္ဌာန်တစ်ခုရှိ၏။ 27ထိုလူ၏ခါးအပေါ်ပိုင်းသည် တောက်ပသောကြေးဝါအဆင်းရှိ၍ ဝန်းကျင်၌ မီးရောင်သဖွယ်ဖြာထွက်နေသည်ကို တွေ့ရ၏။ ခါးအောက်ပိုင်းဝန်းကျင်၌လည်း မီးရောင်သဖွယ် တောက်ပသောအလင်းဖြာထွက်လျက်ရှိသည်ကို တွေ့ရ၏။ 28ထိုအလင်းသည် မိုးရွာသောနေ့၌ မိုးတိမ်တွင်ထွက်ပေါ်လာသော သက်တံ၏အရောင်ကဲ့သို့ ပတ်ပတ်လည်တွင် ရောင်ခြည်ဖြာထွက်နေ၏။ ထာဝရဘုရား၏ဘုန်းအသရေ ထွန်းလင်းသကဲ့သို့ဖြစ်၏။ ထိုအရာကိုမြင်၍ ငါပျပ်ဝပ်လျက်နေစဉ် တစ်စုံတစ်ယောက်စကားပြောသောအသံကို ငါကြားရ၏။
Currently Selected:
ယေဇကျေလအနာဂတ္တိကျမ်း 1: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative