ငါကြည့်လိုက်သော် မြောက်ဘက်အရပ်မှ လေပြင်းမုန်တိုင်း လာနေသည်ကို မြင်ရ၏။ ထိုလေပြင်းမုန်တိုင်းတွင် မီးတောက်မီးလျှံဖြင့်လင်းလက်နေသော တိမ်တိုက်ကြီးပါလာ၍ တိမ်တိုက်ကြီးပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပလျက်ရှိ၏။ မီးတောက်မီးလျှံအလယ်တွင် အရောင်တောက်နေသော ကြေးဝါကဲ့သို့သောအရာတစ်ခုလည်းပါ၏။ ထိုမီးတောက်မီးလျှံအလယ်တွင်လည်း သတ္တဝါသဏ္ဌာန်လေးခု ပါလာ၏။ ထိုသတ္တဝါတို့၏သဏ္ဌာန်သည် လူ၏သဏ္ဌာန်နှင့်တူ၏။ တစ်ပါးစီ၌ မျက်နှာလေးခု၊ တောင်ပံလေးခု ပါရှိ၏။ သူတို့၏ခြေသည် ဖြောင့်တန်း၍ ခြေဖဝါးမူကား နွားသငယ်၏ခွာနှင့်တူပြီး တိုက်ချွတ်ထားသောကြေးနီကဲ့သို့ ပြောင်လက်လျက်ရှိ၏။ ဘေး၌ရှိသော အတောင်ပံလေးခုအောက်တွင် လူလက်ပါ၏။ ထိုသတ္တဝါလေးပါးတို့တွင် မျက်နှာနှင့်တောင်ပံများရှိ၏။ အတောင်ပံတို့သည် တစ်ခုနှင့်တစ်ခု ထိစပ်လျက်ရှိ၏။ ထိုသတ္တဝါလေးပါးတို့သည် သွားသောအခါတွင်လည်း ဟိုဘက်သည်ဘက်မလှည့်ဘဲ မျက်နှာမူရာသို့သာ တည့်တည့်သွားတတ်၏။