YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 17

17
ကျောက်ဆောင်မှရေထွက်လာခြင်း
1အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သိန်​တောကန္တာရ​မှ​ထွက်ခွာ​၍ ခရီးဆက်​ကာ ရေဖိဒိမ်​အရပ်​၌ စခန်းချ​ကြ​၏​။ ထို​အရပ်​၌ လူ​တို့​သောက်​ရန် ရေ​မ​ရှိ​ပေ​။ 2ထိုအခါ လူ​တို့​က မောရှေ​အား “​ငါ​တို့​သောက်​ဖို့​ရေ​ပေး​ပါ​လော့​”​ဟု ဆို​၍​ရန်တွေ့​ကြ​၏​။ မောရှေ​က​လည်း “​ငါ့​ကို အဘယ်ကြောင့်​ရန်တွေ့​ကြ​သနည်း​။ ထာဝရဘုရား​ကို အဘယ်ကြောင့်​အကဲစမ်း​ကြ​သနည်း​”​ဟု ဆို​၏​။
3ထို​အရပ်​၌ လူ​တို့​သည် ရေ​ငတ်​ကြ​သဖြင့် မောရှေ​အား “​ငါ​တို့​နှင့်တကွ ငါ​တို့​၏​သားသမီး​များ​၊ တိရစ္ဆာန်​များ​ကို ရေငတ်​၍​သေ​စေရန် ငါ​တို့​ကို အဘယ်ကြောင့် အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​သနည်း​”​ဟု ညည်းညူ​ပြ​ကြ​၏​။
4ထိုအခါ မောရှေ​က ထာဝရဘုရား​အား “​ဤ​လူ​တို့​ကို အကျွန်ုပ်​မည်သို့​ပြု​ရ​ပါ​မည်နည်း​။ သူ​တို့​သည် အကျွန်ုပ်​ကို ခဲ​နှင့်​ပေါက်​လုနီး​ပါ​ပြီ​”​ဟု ဆို​လျက် အော်ဟစ်​တောင်းလျှောက်​လေ​၏​။
5ထာဝရဘုရား​က​လည်း မောရှေ​အား “​ထို​လူ​တို့​၏​ရှေ့​မှ​သွား​လော့​။ သင်​နှင့်အတူ အစ္စရေး​သက်ကြီးဝါကြီး​တို့​ကို ခေါ်သွား​လော့​။ နိုင်း​မြစ်​ကို​ရိုက်​ခဲ့​သော သင်​၏​တောင်ဝှေး​ကို ကိုင်ဆောင်​၍ သွား​လော့​။ 6ကြည့်ရှု​လော့​။ ငါ​သည် ဟောရပ်​တောင်​ရှိ​ကျောက်ဆောင်​ပေါ်တွင် သင့်​ရှေ့​၌ ရပ်​နေ​မည်​။ သင်​သည် ထို​ကျောက်ဆောင်​ကို​ရိုက်​လော့​။ ထို​ကျောက်ဆောင်​မှ ရေ​ထွက်လာ​သဖြင့် လူ​တို့​သည် ရေသောက်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း အစ္စရေး​သက်ကြီးဝါကြီး​တို့​၏​မျက်မှောက်​၌ ထိုအတိုင်း​ပြု​လေ​၏​။ 7အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ရန်တွေ့​ကြ​သောကြောင့်​လည်းကောင်း​၊ “​ထာဝရဘုရား​သည် ငါ​တို့​၌​ရှိ​သလော​၊ မ​ရှိ​သလော​”​ဟု ဆို​လျက် ထာဝရဘုရား​အား အကဲစမ်း​ကြ​သောကြောင့်​လည်းကောင်း ထို​အရပ်​၏​အမည်​ကို မဿာ#17:7 “အကဲစမ်းသည်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟူ၍​လည်းကောင်း​၊ မေရိဘ#17:7 “ရန်တွေ့သည်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟူ၍​လည်းကောင်း ခေါ်​လေ​၏​။
အာမလက်လူမျိုးတို့ လာ၍တိုက်ခိုက်ခြင်း
8ထို့နောက် အာမလက်​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရေဖိဒိမ်​အရပ်​၌ လာ​၍​တိုက်ခိုက်​ကြ​၏​။ 9ထို့ကြောင့် မောရှေ​က ယောရှု​အား “​ငါ​တို့​အတွက် လူ​တို့​ကို​ရွေးချယ်​ပြီးလျှင် အာမလက်​လူမျိုး​တို့​ကို ထွက်​၍​တိုက်​လော့​။ မနက်ဖြန်​၌ ငါ​သည် ဘုရားသခင်​၏​တောင်ဝှေး​ကို ကိုင်​လျက် တောင်ကုန်း​ထိပ်​တွင်​ရပ်​နေ​မည်​”​ဟု ဆို​လေ​၏​။
10ယောရှု​သည်​လည်း သူ့​အား​မောရှေ​ပြော​သည့်​အတိုင်း​ပြု​၍ အာမလက်​လူမျိုး​တို့​ကို​တိုက်​လေ​၏​။ မောရှေ​၊ အာရုန်​နှင့် ဟုရ တို့​မူကား တောင်ကုန်း​ထိပ်​သို့ တက်သွား​ကြ​၏​။ 11မောရှေ​သည် သူ​၏​လက်​ကို​မြှောက်​သောအခါ အစ္စရေး​လူမျိုး​တို့​နိုင်​၍ သူ​၏​လက်​ကို​ချ​သောအခါ အာမလက်​လူမျိုး​တို့​နိုင်​လေ​၏​။ 12မောရှေ​လက်​ညောင်း​လာ​သောအခါ အာရုန်​နှင့်​ဟုရ​သည် ကျောက်တုံး​ကို​ယူ​၍ မောရှေ​အောက်​၌​ထား​ပြီး ထို​ကျောက်​ပေါ်၌ သူ့​ကို​ထိုင်​စေ​၏​။ ထို့နောက် သူ​တို့​သည် မောရှေ​၏​လက်​ကို တစ်ယောက်​တစ်ဖက်စီ မ​ထား​ကြ​သဖြင့် နေ​ဝင်​သည့်​တိုင်အောင် သူ​၏​လက်​သည် မြဲမြံ​လေ​၏​။ 13ထို့ကြောင့် ယောရှု​သည် အာမလက်​နှင့်​သူ​၏​လူ​တို့​ကို ဓား​ဖြင့်​အနိုင်ရ​လေ​၏​။
14ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​အာမလက်​လူမျိုး​တို့​ကို ကောင်းကင်​အောက်​တွင် အမှတ်ရစရာ​မျှ​မ​ကျန်​အောင် ငါ​ဖျောက်ဖျက်​ပစ်​မည်​ဖြစ်၍ ဤ​အမှု​ကို အောက်မေ့ဖွယ်​အဖြစ် ကျမ်းစာလိပ်​၌ ရေးမှတ်​ထား​ပြီး ယောရှု​ရှေ့​၌ ဖတ်ပြ​လော့​”​ဟု မိန့်​တော်မူ​၏​။ 15မောရှေ​သည်​လည်း ယဇ်ပလ္လင်​ကို​တည်​၍ ၎င်း​၏​အမည်​ကို “​ထာဝရဘုရား​သည် ငါ​၏​အောင်လံ​ဖြစ်​တော်မူ​၏​”​ဟု ခေါ်​၏​။ 16မောရှေ​က “​လက်​တစ်ဖက်​သည် ထာဝရဘုရား​၏​ပလ္လင်​တော်​အပေါ် ဆန့်ထား​လျက်​ရှိ​သည်​ဖြစ်၍ ထာဝရဘုရား​သည် အာမလက်​လူ​တို့​ကို မျိုးဆက်အဆက်ဆက် စစ်တိုက်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in