ထွက်မြောက်ရာကျမ်း 18
18
1ဘုရားသခင်က မောရှေနှင့် မိမိ၏လူမျိုးတော်အစ္စရေးတို့အား ပြုပေးခဲ့သောအရာအားလုံးနှင့် ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား အီဂျစ်ပြည်မှ မည်သို့ထုတ်ဆောင်လာခဲ့သည်ကို မောရှေ၏ယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော ကြားသိရ၏။
2မောရှေသည် မိမိမယားဇိပေါရကို ပြန်လွှတ်လိုက်သည်ဖြစ်၍ မောရှေ၏ယောက္ခမယေသရောသည် ဇိပေါရနှင့် 3သူ၏သားနှစ်ယောက်ကို ခေါ်ထား၏။ မောရှေက “ငါသည် တစ်ပါးအမျိုးသားပြည်၌ ဧည့်သည်ဖြစ်ရပြီ”ဟု ဆိုလျက် သားတစ်ယောက်၏အမည်ကို ဂေရရှုံ#18:3 “ဧည့်သည်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု မှည့်ခေါ်ထား၏။ 4နောက်သားတစ်ယောက်၏အမည်မှာ “ငါ့အဖ၏ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်၍ ငါ့ကို ဖာရောမင်းကြီး၏ဓားဘေးမှ ကယ်နုတ်တော်မူပြီ”ဟု ဆိုလျက် ဧလျေဇာ#18:4 “ငါ့အဖ၏ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်ထား၏။
5မောရှေ၏ယောက္ခမယေသရောသည် မောရှေ၏မယားနှင့်သားတို့ကို ဘုရားသခင်၏တောင်တော်ရှိ မောရှေစခန်းချရာ တောကန္တာရသို့ ခေါ်ဆောင်လာပြီး 6ယေသရောက “သင်၏ယောက္ခမ ငါယေသရောသည် သင့်မယား၊ သင့်သားနှစ်ယောက်တို့နှင့်အတူ သင့်ထံသို့လာနေပြီ”ဟု မောရှေထံ ပြောကြားစေ၏။
7ထို့ကြောင့် မောရှေသည် မိမိယောက္ခမကိုကြိုဆိုရန်ထွက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်ပြီး သူ့အားနမ်းလေ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သာကြောင်းမာကြောင်းမေးမြန်းပြီးလျှင် တဲထဲသို့ဝင်ကြ၏။ 8ထို့နောက် မောရှေက ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အတွက် ဖာရောမင်းကြီးနှင့်အီဂျစ်လူမျိုးတို့အပေါ် ပြုတော်မူခဲ့သမျှကိုလည်းကောင်း၊ လမ်းခရီး၌ သူတို့ကြုံတွေ့ရသောအခက်အခဲအလုံးစုံတို့ကိုလည်းကောင်း၊ သူတို့အား ထာဝရဘုရားကယ်နုတ်တော်မူခဲ့ကြောင်းကိုလည်းကောင်း မိမိယောက္ခမအား ပြောပြလေ၏။
9ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့လက်မှ ကယ်နုတ်တော်မူ၍ သူတို့အတွက် ကိုယ်တော်ပြုတော်မူခဲ့သည့် ကောင်းမြတ်သောအရာရှိသမျှတို့ကြောင့် ယေသရောသည် ဝမ်းသာအားရဖြစ်၏။ 10ထို့ကြောင့် ယေသရောက “သင်တို့ကို အီဂျစ်လူမျိုးတို့လက်မှလည်းကောင်း၊ ဖာရောမင်းကြီး၏လက်မှလည်းကောင်း ကယ်နုတ်တော်မူသောအရှင်၊ အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့၏လက်အောက်မှ ကယ်နုတ်တော်မူသောအရှင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ 11သူတို့သည် အစ္စရေးလူမျိုးတို့ကို ဖိနှိပ်ညှဉ်းဆဲသောအမှုအရာကြောင့် ထာဝရဘုရားသည် ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူကြောင်းကို ယခုငါသိပြီ”ဟု ဆို၏။
12ထို့နောက် မောရှေ၏ယောက္ခမယေသရောသည် ဘုရားသခင်ထံ မီးရှို့ရာယဇ်နှင့် ယဇ်ကောင်များကို ယူဆောင်လာ၏။ အာရုန်နှင့်အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ဘုရားသခင်ရှေ့တော်၌ မောရှေ၏ယောက္ခမနှင့်အတူ အစားအစာစားသောက်ရန် လာကြ၏။
13နောက်တစ်နေ့၌ မောရှေသည် လူတို့ကိုတရားစီရင်ရန် ထိုင်၍ လူတို့သည် နံနက်အချိန်မှ နေဝင်ချိန်တိုင်အောင် မောရှေရှေ့၌ ရပ်နေကြ၏။ 14လူတို့အတွက် မောရှေဆောင်ရွက်ပေးသမျှတို့ကို သူ၏ယောက္ခမယေသရောတွေ့မြင်လျှင် “လူတို့အတွက် သင်မည်သို့ ဆောင်ရွက်ပေးနေသနည်း။ အဘယ်ကြောင့် သင်တစ်ယောက်တည်းထိုင်၍ လူအပေါင်းတို့သည် နံနက်အချိန်မှ နေဝင်ချိန်တိုင်အောင် သင့်ရှေ့၌ရပ်နေကြရသနည်း”ဟု ဆို၏။
15မောရှေကလည်း သူ၏ယောက္ခမအား “လူတို့သည် အကျွန်ုပ်ထံသို့လာ၍ ဘုရားသခင်အား မေးလျှောက်လိုကြသောကြောင့်ဖြစ်ပါ၏။ 16သူတို့၌ အမှုအခင်းရှိသောအခါ အကျွန်ုပ်ထံသို့လာကြပါ၏။ အကျွန်ုပ်သည်လည်း သူတို့တစ်ဦးနှင့်တစ်ဦးကြား တရားစီရင်ပေး၍ ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်တရားများကိုလည်း သူတို့အား သွန်သင်ပေးရပါ၏”ဟု ပြန်ပြောလေ၏။
17ထိုအခါ မောရှေ၏ယောက္ခမက “သင် ဤသို့ပြုခြင်းသည် အဆင်မပြေပေ။ 18သင်နှင့်တကွ ဤလူတို့သည် အမှန်တကယ်ပင်ပန်းကြလိမ့်မည်။ သင့်အတွက် ဤအမှုသည် ကြီးလေးသောကြောင့် သင်တစ်ယောက်တည်း မဆောင်ရွက်နိုင်။ 19ယခု ငါ့စကားကို နားထောင်လော့။ သင့်ကို ငါအကြံပေးမည်။ ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ သင်သည် ဘုရားသခင်၏ရှေ့တော်၌ လူတို့၏ကိုယ်စားဖြစ်၍ ဘုရားသခင်ထံသို့အမှုအခင်းများကို တင်သွင်းရမည်။ 20ပြဋ္ဌာန်းချက်များ၊ ဥပဒေသများနှင့်ပတ်သက်၍ သူတို့အား သတိပေးရမည်။ သူတို့သွားရမည့်လမ်း၊ လုပ်ဆောင်ရမည့်အလုပ်ကို သူတို့အားသိစေရမည်။ 21လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။ 22သူတို့သည် လူတို့ကို အချိန်မရွေး စီရင်ပေးကြစေ။ ကြီးသောအမှုရှိသမျှကို သင့်ထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင်စီရင်ပေးကြစေ။ ဤသို့ သူတို့သည် သင့်ဝန်ကို ကူထမ်းပေးသဖြင့် သင့်အတွက် ဝန်ပေါ့လိမ့်မည်။ 23သင်သည် ဤသို့ပြုမည်၊ ဘုရားသခင်သည်လည်း ဤသို့ ခွင့်ပြုမည်ဆိုလျှင် သင်သက်သာလိမ့်မည်။ ဤလူအပေါင်းတို့သည်လည်း မိမိတို့နေအိမ်သို့ ငြိမ်းချမ်းစွာပြန်သွားရလိမ့်မည်”ဟု ဆိုလေ၏။
24မောရှေသည်လည်း မိမိယောက္ခမ၏စကားကိုနားထောင်၍ ပြောသမျှအတိုင်းပြုလေ၏။ 25အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။ 26ထိုသူတို့သည်လည်း လူတို့အား အချိန်မရွေး စီရင်ပေးကြ၏။ ခက်ခဲသောအမှုကို မောရှေထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင် စီရင်ကြ၏။
27ထို့နောက် မောရှေသည် သူ၏ယောက္ခမအား ပြန်ခွင့်ပြု၍ သူသည် နေရင်းပြည်သို့ပြန်သွားလေ၏။
Currently Selected:
ထွက်မြောက်ရာကျမ်း 18: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative