ဧသတာဝတ္ထု 8
8
ဂျူးလူမျိုးတို့အတွက် ဧသတာအသနားခံတောင်းလျှောက်ခြင်း
1ထိုနေ့တွင်ပင် အာရွှေရုမင်းကြီးသည် ဂျူးလူမျိုးတို့၏ရန်သူဟာမန်၏အိမ်ကို မိဖုရားဧသတာအား ပေးလေ၏။ ဧသတာက မော်ဒကဲသည် မိမိနှင့်မည်သို့တော်စပ်သည်ကို လျှောက်တင်ရာ ရှင်ဘုရင်က မော်ဒကဲအား ရှေ့တော်သို့ခစားခွင့်ပေးလေ၏။ 2ရှင်ဘုရင်သည် ဟာမန်ထံမှ ပြန်သိမ်းယူထားသော တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ မော်ဒကဲအား ပေးလေ၏။ ဧသတာသည်လည်း ဟာမန်၏အိမ်ကို မော်ဒကဲအား ကြီးကြပ်ကွပ်ကဲစေ၏။
3ထို့ပြင် ဧသတာသည် ရှင်ဘုရင်၏ခြေရင်းတွင် ပျပ်ဝပ်လျက် ဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းပစ်ရန် အာဂတ်လူမျိုး လူယုတ်မာဟာမန် ကြံစည်သောအကြံအစည်ကို ဖယ်ရှားပေးပါမည့်အကြောင်း ငိုကြွေးလျက် အသနားခံလျှောက်ထားလေ၏။ 4ရှင်ဘုရင်သည် ဧသတာအား ရွှေရာဇလှံတံကို ကမ်းပေးသဖြင့် ဧသတာသည်ထ၍ ရှင်ဘုရင်ရှေ့တွင် ရပ်လျက် 5“အရှင်မင်းကြီးစိတ်တော်နှင့်တွေ့၍ ကျွန်တော်မျိုးမကို မျက်နှာသာပေးမည်ဆိုလျှင်လည်းကောင်း၊ ဤအမှုလျောက်ပတ်သည်ဟုထင်၍ ကျွန်တော်မျိုးမကို အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင်လည်းကောင်း အရှင်မင်းကြီးပိုင်နယ်မြေဒေသအသီးသီးရှိဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု အာဂတ်လူမျိုး၊ ဟမ္မေဒါသ၏သားဟာမန် မကောင်းကြံစည်၍ ရေးသားသည့်အမိန့်စာကို ပြန်လည်ရုပ်သိမ်းမည့်အကြောင်း အမိန့်ထုတ်ပြန်တော်မူပါ။ 6ကျွန်တော်မျိုးမ၏လူမျိုးအပေါ်ကျရောက်မည့်ဘေးဆိုးကို အဘယ်သို့ ကြည့်နေနိုင်ပါမည်နည်း။ ကျွန်တော်မျိုးမ၏ဆွေမျိုးသားချင်းတို့ ဖျက်ဆီးခံရမည်ကို အဘယ်သို့ ကြည့်နေနိုင်ပါမည်နည်း”ဟု လျှောက်တင်လေ၏။
7ထိုအခါ အာရွှေရုမင်းကြီးက မိဖုရားဧသတာနှင့် ဂျူးလူမျိုးမော်ဒကဲအား “ဟာမန်သည် ဂျူးလူမျိုးတို့ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သောကြောင့် သူ့ကို သစ်တိုင်မှာဆွဲထားစေလေပြီ။ ဟာမန်၏အိမ်ကိုလည်း ဧသတာအား ပေးအပ်လေပြီ။ 8ဘုရင့်နာမည်နှင့် ရေးသားထား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ထားသောစာကိုမူ အဘယ်သူမျှပြန်လည်ရုပ်သိမ်းခွင့်မရှိသည်ဖြစ်၍ သင်တို့ကောင်းမည်ထင်သည့်အတိုင်း ဂျူးလူမျိုးတို့နှင့်ပတ်သက်သောအမိန့်စာကို ဘုရင့်နာမည်နှင့် ရေးသား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ကြလော့”ဟု မိန့်ဆို၏။
9သိဝန်ဟုခေါ်သော တတိယလ၊ နှစ်ဆယ့်သုံးရက်နေ့တွင် ရှင်ဘုရင်၏စာရေးတော်များကို ဆင့်ခေါ်၍ အိန္ဒိယပြည်မှ အီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်၌ရှိသော ဂျူးလူမျိုးများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ဘုရင်ခံများနှင့် အကြီးအကဲများထံသို့ အမိန့်စာကိုရေးသားပေးပို့စေ၏။ ထိုစာကို ဒေသအလိုက် သူ့စာပေ၊ လူမျိုးအလိုက်သူ့ဘာသာစကားဖြင့်လည်းကောင်း၊ ဂျူးလူမျိုးအတွက်လည်း သူ့စာပေ၊ သူ့ဘာသာစကားဖြင့်လည်းကောင်း မော်ဒကဲပြောကြားသမျှအတိုင်း ရေးသား၏။ 10ထိုစာကို အာရွှေရုမင်းကြီး၏နာမည်နှင့် ရေးသား၍ ဘုရင်၏တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ပြီးလျှင် ခြေမြန်တော်တို့အား ဘုရင့်မြင်းဇောင်းတွင်မွေးထားသော၊ အပြေးမြန်သောမြင်းတို့ကိုစီးစေ၍ ပေးပို့စေ၏။ 11ထိုစာတွင် ရှင်ဘုရင်က မြို့ရွာအသီးသီးရှိ ဂျူးလူမျိုးတို့သည် စုရုံး၍ ကိုယ့်အသက်ကိုကာကွယ်ရန်နှင့် ဂျူးလူမျိုးတို့ကိုရန်ပြုသည့် မည်သည့်လူမျိုး၊ မည်သည့်ဒေသမှစစ်သည်တို့ကိုမဆို သူတို့နှင့် သူတို့၏မိန်းမများ၊ သူတို့၏ကလေးများပါမကျန် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းပစ်၍ သူတို့၏ဥစ္စာပစ္စည်းများကိုလည်း သိမ်းယူရန် ခွင့်ပြု၏။ 12ထိုအမှုကို အာရွှေရုမင်းကြီးပိုင် နယ်မြေအားလုံးထဲ၌ အာဒါလဟုခေါ်သောတစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက်နေ့ တစ်နေ့ချင်းတွင် ပြုရမည်ဟု ပါရှိ၏။
13ဤသို့ဖြင့် ထိုနေ့ရက်တွင် ဂျူးလူမျိုးတို့ အဆင်သင့်ဖြစ်လျက် ရန်သူများကိုတုံ့ပြန်နိုင်အောင် ထိုစာ၏မိတ္တူကို အမိန့်တော်စာအဖြစ် နယ်မြေဒေသအသီးသီးရှိ လူမျိုးအားလုံးထံသို့ ထုတ်ပြန်ကြေညာစေ၏။ 14ရှင်ဘုရင်၏အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် တော်ဝင်မြင်းများကို ဒုန်းစိုင်းစီးထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင်လည်း ကြေညာ၏။
15မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေသရဖူကြီးကိုဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။ 16ဂျူးလူမျိုးတို့အဖို့ ထွန်းလင်းတောက်ပခြင်း၊ ဝမ်းမြောက်ရွှင်မြူးခြင်း၊ ဂုဏ်ကျက်သရေရှိခြင်း ဖြစ်လေ၏။ 17ဘုရင့်စာ၊ ဘုရင့်အမိန့်ရောက်ရှိသော နယ်မြေဒေသအသီးသီးရှိ မြို့ရွာတိုင်းတွင် ဂျူးလူမျိုးတို့ ဝမ်းမြောက်ပျော်ရွှင်ကြပြီး နေ့ထူးနေ့မြတ်အဖြစ် စားသောက်ပွဲကျင်းပကြ၏။ ပြည်သားအမြောက်အမြားတို့သည် ဂျူးလူမျိုးတို့ကို ကြောက်ရွံ့သဖြင့် ဂျူးလူမျိုးအဖြစ် ခံယူကြ၏။
Currently Selected:
ဧသတာဝတ္ထု 8: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative