YouVersion Logo
Search Icon

ဧသတာဝတ္ထု 7

7
ဟာမန်ကို သစ်တိုင်ပေါ်ချိတ်ဆွဲခြင်း
1ဤသို့ဖြင့် ရှင်ဘုရင်​နှင့် ဟာမန်​သည် မိဖုရား​ဧသတာ​၏​စားသောက်ပွဲ​သို့ ရောက်လာ​ကြ​၏​။ 2ဒုတိယ​နေ့ စပျစ်ဝိုင်​သောက်​ချိန်​တွင်​လည်း ရှင်ဘုရင်​က မိဖုရား​ဧသတာ​အား “​မိဖုရား​ဧသတာ​၊ သင်​ဘာ​အလိုရှိ​သနည်း​။ သင့်​ကို ငါ​ပေး​မည်​။ သင်​ဘာ​တောင်းဆို​လို​သနည်း​။ သင်​တောင်း​သမျှ နိုင်ငံ​တော်​တစ်ဝက်​အထိ သင့်​ကို ငါ​ပေး​မည်​”​ဟု မိန့်ဆို​၏​။
3မိဖုရား​ဧသတာ​က​လည်း “​အို အရှင်မင်းကြီး​၊ ကျွန်တော်မျိုးမ​ကို မျက်နှာသာ​ပေး​မည်​ဆိုလျှင်​၊ အရှင်မင်းကြီး စေတနာစိတ်​ရှိ​မည်​ဆိုလျှင် ကျွန်တော်မျိုးမ​၏​အသက်​ကို ချမ်းသာပေး​စေ​လို​ပါ​၏​။ ကျွန်တော်မျိုးမ​၏​လူမျိုး​တို့ အသက်​ကို​လည်း ချမ်းသာပေး​မည့်​အကြောင်း တောင်းဆို​လို​ပါ​၏​။ 4ကျွန်တော်မျိုးမ​နှင့်​ကျွန်တော်မျိုးမ​၏​လူမျိုး​တို့​သည် လွတ်လမ်း​မ​ရှိ သုတ်သင်​ပယ်ရှင်း​ခံရ​ရန် ရောင်းစား​ခံ​လိုက်​ရ​ပါ​ပြီ​။ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ရောင်းစား​ခံရ​လျှင် ဘာမျှ​မ​ပြော​ဘဲ​နေ​ပါ​မည်​။ ဤ​ဒုက္ခ​မျှလောက်​နှင့်​သာ​ဆိုလျှင် အရှင်မင်းကြီး​ကို​အနှောင့်အယှက်​မ​ပေး​ဘဲ နေ​ပါ​မည်​”​ဟု လျှောက်တင်​လေ​၏​။
5ထိုအခါ အာရွှေရု​မင်းကြီး​က မိဖုရား​ဧသတာ​အား “​ထိုသို့​ပြု​ရန် စိတ်ရဲတင်း​သူ​ကား အဘယ်သူ​နည်း​။ အဘယ်မှာ နေ​သနည်း​”​ဟု မေး​လျှင် 6ဧသတာ​က​လည်း “​ကျွန်တော်မျိုးမ​ကို ရန်ပြု​သော​ရန်သူ​ကား ဤ​လူ​ယုတ်မာ​ဟာမန်​ဖြစ်​ပါ​သည်​”​ဟု ဆို​လျှင် ဟာမန်​သည် ရှင်ဘုရင်​နှင့် မိဖုရား​ရှေ့​တွင် ကြောက်လန့်​တုန်လှုပ်​လေ​၏​။ 7ရှင်ဘုရင်​သည် ဒေါသတကြီး​နှင့် စပျစ်ဝိုင်​သောက်​ရာ​မှ​ထ​၍ နန်းတော်​ဥယျာဉ်​ဘက်​သို့ ထွက်သွား​လေ​၏​။ ဟာမန်​မူကား ရှင်ဘုရင်​သည် မိမိ​အား ကျိန်းသေ​အပြစ်ဒဏ်​ပေး​တော့​မည်​ကို သိ​သဖြင့် မိမိ​ကို​အသက်​ချမ်းသာ​ပေး​မည့်​အကြောင်း မိဖုရား​ဧသတာ​ရှေ့​တွင်​ရပ်​လျက် တောင်းပန်​လေ​၏​။ 8ရှင်ဘုရင်​သည် နန်းတော်​ဥယျာဉ်​မှ စပျစ်ဝိုင်​သောက်​ရာ​နေရာ​သို့ ပြန်​ဝင်လာ​၍ ဧသတာ​လျောင်း​ရာ​ညောင်စောင်း​တွင် ဟာမန်​ပျပ်ဝပ်​နေ​သည်​ကို မြင်​လျှင် ရှင်ဘုရင်​က “​ငါ့​မျက်စိ​ရှေ့ နန်းတွင်း​မှာ​ပင် မိဖုရား​ကို ကိုယ်ထိလက်ရောက်​စော်ကား​မည်လော​”​ဟု ရှင်ဘုရင်​နှုတ်​မှ ဆို​လိုက်​သည်​နှင့် မင်းမှုထမ်း​တို့​သည် ဟာမန်​၏​မျက်နှာ​ကို ဖုံးအုပ်​လိုက်​ကြ​၏​။
9ထိုအခါ မိန်းမစိုး​တစ်​ဦး​ဖြစ်​သော ဟာဗောန​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​ကောင်းကျိုး​အတွက် လျှောက်တင်​ခဲ့​သော​မော်ဒကဲ​ကို ချိတ်ဆွဲ​ရန် ဟာမန်​ပြုလုပ်​ထား​သည့် အတောင်​ငါးဆယ်#7:9 “900 လက်မ သို့မဟုတ် 2250 စင်တီမီတာ”။​မြင့်​သော​သစ်တိုင်​သည် ဟာမန်​အိမ်​၌​စိုက်ထူ​ထား​ပါ​သည်​”​ဟု လျှောက်တင်​လျှင် ရှင်ဘုရင်​က “​ထို​သစ်တိုင်​ပေါ်တွင် သူ့​ကို​ချိတ်ဆွဲ​ထား​စေ​”​ဟု အမိန့်ပေး​လေ​၏​။
10ထို့ကြောင့် မော်ဒကဲ​အတွက် စိုက်ထူ​ထား​သော​သစ်တိုင်​ပေါ်တွင် ဟာမန်​ကို ချိတ်ဆွဲ​ကြ​၏​။ ရှင်ဘုရင်​သည်​လည်း အမျက်​ပြေ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in