YouVersion Logo
Search Icon

ဧသတာဝတ္ထု 9

9
ဂျူးလူမျိုးတို့၏အောင်ပွဲ
1ဤသို့ဖြင့် ဘုရင့်​စာ​နှင့် ဘုရင့်​အမိန့်​အတိုင်း​လုပ်ဆောင်​ရန် အာဒါ​လ​ဟု​ခေါ်​သော တစ်ဆယ့်​နှစ်​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့​ရောက်လာ​၏​။ ထို​နေ့​တွင် ရန်သူ​တို့​က ဂျူး​လူမျိုး​တို့​ကို အနိုင်ယူ​စိုးမိုး​တော့​မည်​ဟု ထင်​ထား​သော်လည်း မ​ထင်မှတ်​ဘဲ အခြေအနေ​မှာ​ပြောင်းပြန်​ဖြစ်​သွား​၍ ဂျူး​လူမျိုး​တို့​သည် သူ​တို့​ကို​မုန်း​သော​ရန်သူ​တို့​အား အနိုင်ယူ​စိုးမိုး​သွား​လေ​၏​။ 2အာရွှေရု​မင်းကြီး​၏​နယ်မြေဒေသ​အသီးသီး​ရှိ ဂျူး​လူမျိုး​တို့​သည် မိမိ​တို့​အား လုပ်ကြံ​သတ်ဖြတ်​မည့်​သူ​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် မိမိ​တို့​၏​မြို့ရွာ​တို့​တွင် စုရုံး​ကြ​၏​။ လူ​အပေါင်း​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်ရွံ့​ကြ​သဖြင့် မည်သူ​မျှ သူ​တို့​ကို မ​တိုက်ခိုက်​ဝံ့​ကြ​ပေ​။
3နယ်မြေဒေသ​အသီးသီး​ရှိ အကြီးအကဲ​များ​၊ အုပ်ချုပ်ရေး​အရာရှိ​များ​၊ ဘုရင်ခံ​များ​နှင့် ဘုရင့်​အမှုထမ်း​အပေါင်း​တို့​သည် မော်ဒကဲ​ကို​ကြောက်ရွံ့​ကြ​သဖြင့် ဂျူး​လူမျိုး​တို့​ကို ကူညီ​ကြ​၏​။ 4အကြောင်းမူကား မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တွင် တန်ခိုးဩဇာ​ကြီးမား​၍ သူ​၏​ဂုဏ်​သတင်း​သည်​လည်း နယ်မြေဒေသ​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သဖြင့် မော်ဒကဲ​၏​တန်ခိုးဩဇာ​သည်​လည်း ပို၍​ပို၍​ကြီးလာ​လေ​၏​။
5ဂျူး​လူမျိုး​တို့​သည် သူ​တို့​၏​ရန်သူ​အားလုံး​ကို​ဓား​ဖြင့် တိုက်ခိုက်​သတ်ဖြတ်​ဖျက်ဆီး​ပစ်​၏​။ သူ​တို့​ကို​မုန်း​သော​သူ​တို့​အား စိတ်တိုင်းကျ​ပြု​ကြ​၏​။ 6ဂျူး​လူမျိုး​တို့​သည် ရှုရှန်​နန်းတော်​တွင် လူ​ငါး​ရာ​ကို သတ်ဖြတ်​ဖျက်ဆီး​ပစ်​ကြ​၏​။ 7ထို့ပြင် ပါရှန်ဒါသ​၊ ဒါလဖုန်​၊ အာသပါသ​၊ 8ပေါရသ​၊ အာဒလိ​၊ အာရိဒါသ​၊ 9ပါမရှာတ​၊ အရိသဲ​၊ အရိဒဲ​နှင့် ဝါယေဇာသ စသော 10ဂျူး​လူမျိုး​တို့​၏​ရန်သူ​၊ ဟမ္မေဒါသ​၏​သား​ဖြစ်​သော ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို​လည်း သတ်ပစ်​ကြ​၏​။ သို့သော် သူ​တို့​၏​ဥစ္စာပစ္စည်း​ကို မ​သိမ်းယူ​ကြ​ပေ​။
11ထို​နေ့​၌ ရှုရှန်​နန်းတော်​တွင် အသတ်​ခံရ​သော​သူ​များ​၏​စာရင်း​ကို ရှင်ဘုရင်​ထံ​တင်ပြ​ကြ​၏​။ 12ထိုအခါ ရှင်ဘုရင်​က မိဖုရား​ဧသတာ​အား “​ဂျူး​လူမျိုး​တို့​သည် ရှုရှန်​နန်းတော်​တွင် လူ​ငါး​ရာ​နှင့် ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို သတ်ဖြတ်​ဖျက်ဆီး​ကြ​ပြီ​။ ကျန်​ဘုရင့်​နယ်မြေ​များ​တွင်​လည်း မည်သို့​ပြု​ကြ​ပြီ​နည်း​။ ယခု သင်​မည်သည်​ကို​အလိုရှိ​သေး​သနည်း​။ သင့်​အား ငါ​ပေး​မည်​။ သင်​မည်သည့်​အရာ​တောင်းဆို​လို​သေး​သနည်း​။ သင်​တောင်းဆို​သည်​ကို ငါ​ပေး​မည်​”​ဟု မိန့်ဆို​၏​။
13ဧသတာ​က​လည်း “​အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် ယနေ့​အမိန့်စာ​အတိုင်း ရှုရှန်​မြို့​ရှိ​ဂျူး​လူမျိုး​တို့ ပြု​သကဲ့သို့ နက်ဖြန်​နေ့​၌​လည်း ပြု​ခွင့်​ပေး​တော်မူ​ပါ​။ ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို​လည်း သစ်တိုင်​၌ ဆွဲထား​ခွင့်​ပြု​တော်မူ​ပါ​”​ဟု လျှောက်တင်​၏​။ 14ရှင်ဘုရင်​သည်​လည်း ထိုသို့​ပြု​ရန်​အမိန့်ပေး​လိုက်​၏​။ ထို​အမိန့်​ကို ရှုရှန်​မြို့​၌​ထုတ်ပြန်​ကြေညာ​ပြီး ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို သစ်တိုင်​၌ ဆွဲထား​ကြ​၏​။ 15အာဒါ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ရှုရှန်​မြို့​ရှိ​ဂျူး​လူမျိုး​တို့ စုရုံး​ပြီး ရှုရှန်​မြို့သား​သုံး​ရာ​ကို သုတ်သင်​ပစ်​၏​။ သို့သော် သူ​တို့​၏​ဥစ္စာပစ္စည်း​ကို မ​သိမ်းယူ​ကြ​ပေ​။
16ဘုရင့်​နယ်မြေ​အတွင်း​ရှိ ကျန်​ဂျူး​လူမျိုး​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ကာကွယ်​ရန် စုရုံး​ကြ​၍ သူ​တို့​ကို မုန်း​သော​သူ​ခုနစ်သောင်း​ငါးထောင်​ကို သုတ်သင်​ပစ်​ပြီး ရန်သူ့​လက်​မှ​လွတ်မြောက်​ခွင့်​ရ​ကြ​၏​။ သို့သော် ရန်သူ​တို့​၏​ဥစ္စာပစ္စည်း​ကို မ​သိမ်းယူ​ကြ​ပေ​။ 17ထို​နေ့​သည် အာဒါ​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့ ဖြစ်​၏​။ တစ်ဆယ့်​လေး​ရက်​နေ့​တွင် အနားယူ​ကြ​၏​။ ထို​နေ့​ကို ပျော်ရွှင်​စွာ​ပွဲခံရာ​နေ့​အဖြစ် သတ်မှတ်​လေ​၏​။
18ရှုရှန်​မြို့​ရှိ​ဂျူး​လူမျိုး​တို့​မူကား တစ်ဆယ့်​သုံး​ရက်​၊ တစ်ဆယ့်​လေး​ရက်​တို့​တွင် စုရုံး​ကြ​ပြီး တစ်ဆယ့်​ငါး​ရက်​နေ့​တွင် အနားယူ​ကြ​၏​။ ထို​နေ့​ကို ပျော်ရွှင်​စွာ​ပွဲခံရာ​နေ့​အဖြစ် သတ်မှတ်​လေ​၏​။ 19ကျေးလက်တောရွာ​များ​တွင် နေထိုင်​သော​ဂျူး​လူမျိုး​တောသူတောင်သား​တို့​မူကား အာဒါ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် စားသောက်ပွဲ​ကို ပျော်ရွှင်​စွာ​ကျင်းပ​ကာ ထို​နေ့​ကို နေ့ထူးနေ့မြတ်​အဖြစ် သတ်မှတ်​၍ အိမ်နီးချင်း​တစ်ဦး​နှင့်​တစ်ဦး​စားသောက်ဖွယ်​ရာ​များ​ကို ပေးကမ်း​ဝေငှ​ကြ​၏​။
20မော်ဒကဲ​သည် ထို​အဖြစ်အပျက်​တို့​ကို မှတ်တမ်း​တင်​ထား​၏​။ ထို့ပြင် အာရွှေရု​မင်းကြီး​ပိုင်​နယ်မြေ​တစ်ဝန်းလုံး ရပ်နီး​ရပ်ဝေး​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​ထံသို့ စာရေး​ပေးပို့​လိုက်​၏​။ 21ထို​စာ​တွင် နှစ်စဉ်နှစ်တိုင်း အာဒါ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​နှင့် တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ပွဲတော်​ကျင်းပ​ရန် ပြဋ္ဌာန်း​ထား​၏​။ 22ထို​နေ့ရက်​များ​သည် ရန်သူ​တို့​လက်​မှ ဂျူး​လူမျိုး​တို့ လွတ်မြောက်​သော​နေ့​ဖြစ်​၏​။ ထို​လ​သည် ဝမ်းနည်း​ရာ​မှ ဝမ်းမြောက်​ရ​သော​လ​၊ ငိုကြွေးမြည်တမ်း​ရာ​မှ ပျော်ပွဲ​ကျင်းပ​ရ​သော​လ ဖြစ်​၏​။ ထို့ကြောင့် ထို​နေ့​တို့​၌ စားသောက်ပွဲ​ကို ပျော်ရွှင်​စွာ​ကျင်းပ​ရ​မည်​။ အိမ်နီးချင်း​တစ်ဦး​ကို​တစ်ဦး စားသောက်ဖွယ်​ရာ​များ​ကို ပေးကမ်း​ဝေငှ​ရ​မည်​။ နွမ်းပါး​သူ​တို့​ကို ပေးကမ်း​စွန့်ကြဲ​ရ​မည်​ဟု ပါရှိ​၏​။
23ထိုသို့ ဂျူး​လူမျိုး​တို့ စတင်​ကျင်းပ​သည့်​ပွဲ​နှင့်​ပတ်သက်၍ မော်ဒကဲ​ရေးသား​ထား​သည့်​အတိုင်း ဆက်လက်​ကျင်းပ​ရန် သဘောတူ​ကြ​၏​။ 24အကြောင်းမူကား ဂျူး​တစ်မျိုးသားလုံး​၏​ရန်သူ အာဂတ်​လူမျိုး ဟမ္မေဒါသ​၏​သား​ဟာမန်​သည် ဂျူး​လူမျိုး​တို့​ကို​ဖျက်ဆီး​ရန် ကြံစည်​ခဲ့​၏​။ ဂျူး​တစ်မျိုးသားလုံး ပျောက်ကွယ်​သွား​အောင် ဖျက်ဆီး​ရ​မည့်​နေ့ရက်​ကို ပုရ​မဲ​ချ​ဆုံးဖြတ်​ခဲ့​၏​။ 25သို့သော် ထို​သတင်း ဘုရင့်​ထံ​ပေါက်ကြား​သောအခါ ရှင်ဘုရင်​က ဂျူး​လူမျိုး​တို့​အား ဖျက်ဆီး​ရန်​ကြံစည်​သော ဟာမန်​၏​ယုတ်မာ​သော​အကြံအစည်​ကို သူ့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​ဟူ၍​လည်းကောင်း​၊ သူ​နှင့်​သူ့​သား​များ​ကို သစ်တိုင်​၌ ဆွဲထား​ရ​မည်​ဟူ၍​လည်းကောင်း အမိန့်စာ​ထုတ်ပြန်​၏​။ 26ဂျူး​လူမျိုး​တို့​သည် ပုရ​ဟူသော​အမည်​ကို​အစွဲပြု​၍ ထို​နေ့ရက်​တို့​ကို ပုရိမ်​ဟု​ခေါ်ဝေါ်​ကြ​၏​။ အမိန့်စာ​တွင်​ပါ​သော​အကြောင်းအရာ​များ​၊ သူ​တို့​ကိုယ်တိုင် ကြုံတွေ့​သိမြင်​ခဲ့​ရ​သော ဤ​အဖြစ်အပျက်​များ​ကြောင့် 27ဂျူး​လူမျိုး​တို့​ကိုယ်တိုင်​မှစ၍ သားစဉ်မြေးဆက်​အပါအဝင် သူ​တို့​နှင့်​ပူးပေါင်း​လာ​သူ​အပေါင်း​တို့​သည် ထို​စာ​ပါ​သတ်မှတ်​ထား​သော​အချိန်​ရောက်​တိုင်း ထို​နေ့ရက်​နှစ်​ရက်​တွင် ပွဲတော်​ကို မပျက်မကွက် နှစ်စဉ်​ကျင်းပ​ကြ​မည်​ဟု အတည်ပြု​သဘောတူ​ခဲ့​ကြ​၏​။ 28ဤ​ပွဲ​နေ့​များ​ကို မြို့ရွာ​တိုင်း​၊ ဒေသ​တိုင်း​ရှိ မျိုးနွယ်စု​အားလုံး​၊ မျိုးဆက်​အားလုံး အစဉ်​အမှတ်ရ​၍​ကျင်းပ​ရ​မည်​။ ဤ​ပုရိမ်​ပွဲ​နေ့​တို့​သည် ဂျူး​လူမျိုး​တို့​တွင် မ​ပပျောက်​စေ​ရ​။ ဤ​အမှတ်ရစရာ​သည် သူ​တို့​၏​သားစဉ်မြေးဆက်​တိုင်အောင် မ​ပျောက်ပျက်​သွား​စေ​ရ​။
29ထို့နောက် အဘိဟဲလ​၏​သမီး မိဖုရား​ဧသတာ​နှင့် ဂျူး​လူမျိုး​မော်ဒကဲ​တို့​သည် ပုရိမ်​ပွဲ​နေ့​ဆိုင်ရာ ဤ​ဒုတိယ​စာ​ကို အမိန့်အာဏာ​အပြည့်​နှင့် အတည်ပြု​ရေးသား​ပြီးလျှင် 30မော်ဒကဲ​သည် အာရွှေရု​မင်းကြီး​ပိုင် ပြည်ထောင်​တစ်ရာ​နှစ်ဆယ့်​ခုနစ်​ပြည်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​ထံသို့ မေတ္တာ​စကား​နှင့် သစ္စာစကား​ဖြင့် စာ​ပေးပို့​လိုက်​၏​။ 31ထို​စာ​သည် ဂျူး​လူမျိုး​မော်ဒကဲ​နှင့်​မိဖုရား​ဧသတာ​တို့ သတ်မှတ်​ပေး​ထား​သည့်​အတိုင်း​၊ သူ​တို့​နှင့် သူ​တို့​၏​သားစဉ်မြေးဆက်​တို့​အတွက် ဤ​နေ့​ကို အစာရှောင်​မြည်တမ်း​ရာ​နေ့​အဖြစ် သတ်မှတ်​ပေး​ထား​သည့်​အတိုင်း ပုရိမ်​ပွဲ​နေ့​ကို သတ်မှတ်​အတည်ပြု​ပေး​သော​စာ​ဖြစ်​၏​။ 32ဤ​ပုရိမ်​ပွဲ​နေ့​ဆိုင်ရာ​အကြောင်းအရာ​များ​ကို ဧသတာ​၏​အမိန့်​အရ အတည်ပြု​၍ မှတ်တမ်း​တွင် ရေးမှတ်​ထား​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in