YouVersion Logo
Search Icon

တရားဟောရာကျမ်း 13

13
မိစ္ဆာပရောဖက်
1သင်​တို့​တွင် ပရောဖက်​ဖြစ်စေ​၊ အိပ်မက်အနက်​ဖတ်​တတ်​သူ​ဖြစ်စေ ပေါ်လာ​၍ နိမိတ်လက္ခဏာ​၊ သို့မဟုတ် အံ့ဩဖွယ်အမှု​ကို​ပြု​ပြီး 2ထို​နိမိတ်လက္ခဏာ​၊ သို့မဟုတ် အံ့ဩဖွယ်အမှု​တို့​လည်း ပြည့်စုံ​လာ​ပြီး ‘​သင်​တို့​မ​သိ​သော​အခြား​ဘုရား​များ​နောက်သို့ လိုက်သွား​ကြ​ကုန်​စို့​။ ဝတ်ပြု​ကြ​ကုန်​စို့​’​ဟု သင်​တို့​အား​ဆို​လျှင်​လည်း 3ထို​ပရောဖက်​ဖြစ်စေ​၊ အိပ်မက်အနက်​ဖတ်​တတ်​သူ​ဖြစ်စေ သူ​၏​စကား​တို့​ကို နား​မ​ထောင်​နှင့်​။ အကြောင်းမှာ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ချစ်​သည်​၊ မ​ချစ်​သည်​ကို​သိရှိ​တော်မူ​ရန် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို စမ်းသပ်​တော်မူ​၏​။ 4သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့​လိုက်​ရ​မည်​။ ကိုယ်တော်​ကို​ကြောက်ရွံ့​၍ ပညတ်တော်​ကို​စောင့်ထိန်း​ရ​မည်​။ စကား​တော်​ကို​နားထောင်​ရ​မည်​။ ကိုယ်တော်​ကို​ဝတ်ပြု​၍ ကိုယ်တော်​၌​ဆည်းကပ်​ရ​မည်​။ 5ထို​ပရောဖက်​ဖြစ်စေ​၊ အိပ်မက်အနက်​ဖတ်​တတ်​သူ​ဖြစ်စေ အီဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ်ဆောင်​တော်မူ​သော​၊ ကျွန်ခံရာ​အိမ်​မှ​သင်​တို့​ကို​ရွေးနုတ်​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဆန့်ကျင်​ပုန်ကန်​ပြောဆို​၍ သင်​တို့​လိုက်လျှောက်​ရန် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​လမ်း​မှ သင်​တို့​ကို​လွဲသွား​စေ​သောကြောင့် သူ​သည် အသတ်​ခံရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင်​တို့​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။
ရုပ်တုကိုးကွယ်မှုကို မလိုက်လျောရ
6သင်​၏​မအေတူဖအေကွဲ​ညီအစ်ကို​ဖြစ်စေ​၊ သင်​၏​သား​သမီး​ဖြစ်စေ​၊ သင်​၏​ရင်ခွင်​၌​ရှိ​သော​မယား​ဖြစ်စေ​၊ အရင်းနှီးဆုံး​မိတ်ဆွေ​ဖြစ်စေ သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော​အခြား​ဘုရား​များ​ဖြစ်​သည့် 7သင်​၏​အနီး​ပတ်ပတ်လည်​၌​ရှိ​သော​လူမျိုး​တို့​၏​ဘုရား​၊ မြေကြီး​တစ်ဖက်စွန်း​မှ​တစ်ဖက်စွန်း​တိုင်အောင် အဝေး​၌​ရှိ​သော​လူမျိုး​တို့​၏​ဘုရား​တို့​ကို ‘​ငါ​တို့​သွား​၍​ဝတ်ပြု​ကြ​စို့​’​ဟု သင့်​ကို တိတ်တဆိတ်​သွေးဆောင်​လျှင် 8သင်​သည် ထို​သူ​ကို မ​လိုက်လျော​ရ​။ နား​မ​ထောင်​ရ​။ မ​သနား​ရ​။ မ​ညှာတာ​ရ​။ အကာအကွယ်​မ​ပေး​ရ​။ 9သင်​သည် ထို​သူ​ကို အမှန်တကယ်​သတ်​ရ​မည်​။ သူ့​ကို​သတ်​ရာ​တွင် သင်​အဦးဆုံး​ပြု​ရ​မည်​။ ထို့နောက်မှ ကျန်​သော​သူ​အပေါင်း​တို့​သည် ပြု​ရ​မည်​။ 10ထို​သူ​သည် ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ​သင့်​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ သင့်​ကို လွဲသွား​စေရန်​ရှာကြံ​သောကြောင့် သင်​သည် ထို​သူ​ကို ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။ 11သို့မှသာ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​ကြား​၍ ကြောက်ရွံ့​သဖြင့် သင်​တို့​တွင် ဤ​မကောင်းမှု​မျိုး​ကို နောက်တစ်ဖန်​မ​ပြု​ဘဲ​နေ​ကြ​လိမ့်မည်​။
12သင်​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​နေထိုင်​ဖို့ ပေး​ထား​သော မြို့​တစ်​မြို့​တွင် 13ဆိုးညစ်​သော​သူ​တို့​ထကြွ​ပြီး သင်​မ​သိ​သော​အခြား​ဘုရား​များ​ကို ‘​ငါ​တို့​သွား​၍ ဝတ်ပြု​ကြ​စို့​’​ဟု ဆို​လျက် သူ​တို့​သည် သူ​တို့​မြို့​၌​နေထိုင်​သော​သူ​တို့​ကို ဖြားယောင်းသွေးဆောင်​နေ​ကြောင်း သင်​ကြား​လျှင် 14မေးမြန်း​ရှာဖွေ​၍ အသေအချာ​စစ်ဆေး​ရ​မည်​။ သင်​တို့​တွင် ထိုသို့သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြောင်း မှန်ကန်​သည်​ဆိုလျှင် 15သင်​သည် ထို​မြို့​၌​နေထိုင်​သော​သူ​တို့​ကို ဓား​ဖြင့် အသေသတ်​ရ​မည်​။ ထို​မြို့​နှင့်တကွ ထို​မြို့​၌​ရှိ​သော​အရာ​အားလုံး​နှင့် တိရစ္ဆာန်​တို့​ကို ဓား​ဖြင့် အကုန်အစင်​ဖျက်ဆီး​ရ​မည်​။ 16ထို​မြို့​မှ​တိုက်ယူ​သော​ပစ္စည်း​ရှိသမျှ​တို့​ကို လဟာပြင်​အလယ်​၌​စုပုံ​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ထို​မြို့​နှင့်တကွ တိုက်ယူ​သော​ပစ္စည်း​ရှိသမျှ​တို့​ကို အကုန်အစင်​မီး​ရှို့​ပူဇော်​ရ​မည်​။ ထို​မြို့​သည် အပျက်အစီးပုံကြီး အစဉ်​ဖြစ်​ရ​မည်​။ နောက်တစ်ဖန် မ​တည်ဆောက်​ရ​။ 17ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​သည်​ပြေ​၍ သင့်​ကို သနားစုံမက်​တော်မူ​မည့်​အကြောင်း​၊ သင့်​ကို သနားစုံမက်​၍ သင်​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင့်​ကို​တိုးပွား​စေ​တော်မူ​မည့်​အကြောင်း သင်​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ သင်​၏​လက်​ထဲ၌ မ​ထား​ရ​။ 18ထိုသို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​မျက်မှောက်​တော်​၌ ဖြောင့်မှန်​သော​အမှု​ကို​ပြု​၍ ယနေ့ သင့်​အား ငါ​မှာကြား​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​ကို​စောင့်ထိန်း​ခြင်း​ဖြင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​ရ​မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in