YouVersion Logo
Search Icon

တရားဟောရာကျမ်း 12

12
ဝတ်ပြုရမည့်နေရာကို ထာဝရဘုရားကရွေးချယ်ပေးခြင်း
1သင်​တို့​သည် မြေကြီး​ပေါ်၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အပိုင်​ပေး​တော်မူ​သည့်​ပြည်​၌ သင်​တို့​လိုက်နာ​စောင့်ထိန်း​ရ​မည့် ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကား ဤသို့​ဖြစ်​၏​။ 2သင်​တို့​နှင်ထုတ်​မည့်​လူမျိုး​တို့​သည် မြင့်မား​သော​တောင်​များ​ပေါ်၌​လည်းကောင်း​၊ တောင်ကုန်း​များ​ပေါ်၌​လည်းကောင်း​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​အောက်​၌​လည်းကောင်း မိမိ​တို့​၏​ဘုရား​များ​ကို ဝတ်ပြု​တတ်​ကြ​၏​။ ထို​အရပ်​ရှိသမျှ​တို့​ကို သင်​တို့ လုံးလုံး​ဖျက်ဆီး​ပစ်​ရ​မည်​။ 3သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဖြိုဖျက်​၍ ကျောက်တိုင်​များ​ကို ဖြိုလှဲ​ပစ်​ရ​မည်​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို မီး​ရှို့​ပစ်​ရ​မည်​။ သူ​တို့​၏​ဘုရား​များ​ဖြစ်​သည့် ရုပ်တုဆင်းတု​များ​ကို ခုတ်လှဲ​၍ ထို​ဘုရား​များ​၏​နာမ​ကို ထို​အရပ်​မှ ဖျောက်ဖျက်​ပစ်​ရ​မည်​။ 4သူ​တို့​ပြု​သကဲ့သို့ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် မ​ပြု​ရ​။ 5နာမ​တော်​တည်​ရာ​၊ ကိန်းဝပ်​တော်မူ​ရာ​အဖြစ် သင်​တို့​မျိုးနွယ်​အားလုံး​ထဲမှ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​ကို​ရှာ​၍ ထို​နေရာ​သို့​သာ​သွား​ရ​မည်​။ 6သင်​တို့​သည် မိမိ​တို့​၏​မီးရှို့ရာယဇ်​၊ ပူဇော်သက္ကာ​၊ ဆယ်ဖို့တစ်ဖို့​၊ အလှူပစ္စည်း​၊ ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​၊ နွား​သားဦး​၊ သိုး​သားဦး တို့​ကို ထို​အရပ်​သို့ ယူဆောင်​လာ​၍ 7ထို​အရပ်​တွင် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ စား​ရ​မည်​။ သင်​တို့​လုပ်ဆောင်​လေရာရာ​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သောကြောင့် သင်​တို့​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​တို့​သည် ဝမ်းမြောက်​ကြ​ရ​မည်​။
8လူတိုင်း မိမိ​မှန်​သည်​ဟု ထင်သောအရာ​ရှိသမျှ​ကို​ပြု​တတ်​ကြ​၏​။ ယနေ့ ဤ​နေရာ​၌ ငါ​တို့​ပြု​သမျှ​အတိုင်း သင်​တို့​မ​ပြု​ရ​။ 9ငြိမ်ဝပ်​ရာ​အရပ်​ဖြစ်​သော သင်​တို့​အား​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​အမွေ​တော်​ထဲသို့ ယခု​ထိ သင်​တို့​မ​ရောက်​ရ​သေး​။ 10ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​၌ သင်​တို့​နေထိုင်​ရ​မည်​။ ကိုယ်တော်​သည် သင်​တို့​ပတ်ပတ်လည်​ရှိ ရန်သူ​အပေါင်း​တို့​ဘေး​မှ ကင်းဝေး​စေ​တော်မူ​သဖြင့် သင်​တို့​လုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ 11ထိုအခါ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် နာမ​တော်​ကိန်းဝပ်​ရာ​နေရာ​ကို​ရွေးချယ်​တော်မူ​မည်​။ သင်​တို့​အား ငါ​မှာကြား​ထား​သမျှ​အတိုင်း သင်​တို့​၏​မီးရှို့ရာယဇ်​၊ ပူဇော်သက္ကာ​၊ ဆယ်ဖို့တစ်ဖို့​၊ အလှူပစ္စည်း​၊ ထာဝရဘုရား​ထံ သင်​တို့​ကတိသစ္စာ​ပြု​ထား​သည့် ကတိသစ္စာ​ဆိုင်ရာ​အကောင်းဆုံး​ပူဇော်သက္ကာ​ရှိသမျှ​တို့​ကို ထို​နေရာ​သို့ သင်​တို့​ယူဆောင်​လာ​ရ​မည်​။ 12သင်​တို့​မှစ၍ သင်​တို့​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​နှင့်အတူ သင်​တို့​၏​မြို့​တံခါး​အတွင်း​ရှိ အမွေ​ဝေစု​မ​ရ​သော​လေဝိ​အမျိုး​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။ 13တွေ့​လေရာ​အရပ်​၌ မီးရှို့ရာယဇ်​ကို မ​ပူဇော်​မိ​စေရန် သင့်ကိုယ်သင်​သတိပြု​လော့​။ 14မျိုးနွယ်​တစ်​နွယ်​ထဲရှိ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​သာ မီးရှို့ရာယဇ်​ကို ပူဇော်​ရ​မည်​။ ထို​နေရာ​၌ ငါ​မှာကြား​ထား​သမျှ​ကို သင်​ပြု​ရ​မည်​။ 15သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​ကောင်းချီးမင်္ဂလာ​ပေး​သည်​နှင့်အညီ စား​လို​သော​တိရစ္ဆာန်​ကို​သတ်​၍ မြို့​တိုင်း​၌ စားခွင့်​ရှိ​၏​။ ထို​အသား​ကို စင်ကြယ်​သော​သူ​ရော မစင်ကြယ်​သော​သူ​ပါ သမင်​၊ ဒရယ်​အသား​ကို​စား​ခွင့်​ရှိ​သကဲ့သို့ စား​နိုင်​၏​။ 16သို့သော် သွေး​ကို​မ​စား​ရ​။ ရေ​ကဲ့သို့ မြေ​ပေါ်မှာ သွန်ပစ်​ရ​မည်​။ 17သင်​၏​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားဦး​၊ သိုး​သားဦး​၊ ကတိသစ္စာ​ပြု​ထား​သည့် ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ​ရှိသမျှ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​၊ အလှူပစ္စည်း စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သင်​သည် မိမိ​မြို့​၌ စား​ခွင့်​မ​ရှိ​။ 18သင်​မှစ၍ သင်​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင်​၏​မြို့​တံခါး​အတွင်း​ရှိ လေဝိ​အမျိုး​များ​သည် ထို​ပူဇော်သက္ကာ​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​သာ စား​ရ​မည်​။ သင်​လုပ်ဆောင်​လေရာရာ​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။ 19သင်​၏​ပြည်​၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လေဝိ​အမျိုး​တို့​ကို စွန့်ပယ်​မ​ထား​မိ​စေရန် သတိပြု​လော့​။
20သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း သင်​၏​နယ်မြေ​ကို ကျယ်ဝန်း​စေ​တော်မူ​သောအခါ သင်​သည် အသား​စား​လို​သော​စိတ်​ရှိ​၍ ‘​ငါ​အသား​စား​မည်​’​ဟု ဆို​လျှင် သင်​၏​စိတ်ဆန္ဒ​ရှိသမျှ​အတိုင်း စား​ခွင့်​ရှိ​၏​။ 21နာမ​တော်​တည်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သည် သင်​နှင့်​ဝေးလွန်း​လျှင် သင့်​ကို​ငါ​မှာကြား​ထား​သည့်​အတိုင်း သင့်​အား ထာဝရဘုရား​ပေး​တော်မူ​သော သင်​၏​နွား​၊ သိုး​တို့​ကို သတ်​၍ သင်​၏​စိတ်ဆန္ဒ​ရှိသမျှ​အတိုင်း သင်​၏​မြို့​၌ စား​ခွင့်​ရှိ​၏​။ 22သမင်​၊ ဒရယ်​အသား​ကို စား​သကဲ့သို့ စား​ခွင့်​ရှိ​၏​။ စင်ကြယ်​သော​သူ​၊ မစင်ကြယ်​သော​သူ​တို့ အတူတကွ​စား​ခွင့်​ရှိ​၏​။ 23သွေး​သည် အသက်​ဖြစ်​သောကြောင့် သွေး​ကို​လုံးဝ​မ​စား​ရ​။ အသား​နှင့်တကွ အသက်​ကို​မ​စား​ရ​။ 24သွေး​ကို​မ​စား​ရ​။ ရေ​ကဲ့သို့ မြေ​ပေါ်မှာ သွန်ပစ်​ရ​မည်​။ 25သင်​မှစ၍ နောင်လာမည့် သင်​၏​သားမြေး​တို့​ကောင်းစား​ကြ​မည့်​အကြောင်း သွေး​ကို​မ​စား​ရ​။ ထိုသို့​ပြု​ခြင်း​သည် ထာဝရဘုရား​၏​ရှေ့​တော်​၌ ဖြောင့်မှန်​သော​အမှု​ကို​ပြု​ခြင်း​ဖြစ်​၏​။ 26သင်​ပူဇော်​ရ​မည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​၊ ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ တို့​ကို​ယူ​၍ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ သွား​ရ​မည်​။ 27မီးရှို့ရာယဇ်ကောင်​၏​အသား​နှင့်​သွေး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​ရ​မည်​။ ယဇ်ကောင်​၏​သွေး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်၌ သွန်း​၍ အသား​ကို​စား​ရ​မည်​။ 28သင်​မှစ၍ နောင်လာမည့် သင်​၏​သားမြေး​တို့ အစဉ်​ကောင်းစား​မည့်​အကြောင်း သင့်​အား ငါ​မှာကြား​ထား​သော ဤ​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​လော့​။ ထိုသို့​ပြု​ခြင်း​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ကောင်း​သော​အမှု​၊ ဖြောင့်မှန်​သော​အမှု​တို့​ကို​ပြု​ခြင်း​ဖြစ်​၏​။
29သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​ရှိ​လူမျိုး​တို့​ကို သင့်​ရှေ့​မှ​ဖယ်ရှား​တော်မူ​မည်​။ သင်​သည် ထို​လူမျိုး​တို့​ကို​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​၌​နေထိုင်​သောအခါ 30သင်​သည် သူ​တို့​နောက်လိုက်​ပါ​ခြင်း​ဖြင့် မ​ကျော့မိ​စေရန် သတိပြု​လော့​။ သင်​၏​ရှေ့​မှ ထို​လူမျိုး​တို့​ဖျက်ဆီး​ခံရ​ပြီးနောက် သင်​က ‘ထို​လူမျိုး​တို့​သည် သူ​တို့​၏​ဘုရား​များ​ကို မည်သို့​ဝတ်ပြု​ကြ​သနည်း​။ ငါ​လည်း ထိုနည်းတူ​ပြု​မည်’​ဟု ဆို​လျက် သူ​တို့​၏​ဘုရား​များ​အကြောင်း​ကို မ​မေးမြန်း​နှင့်​။ 31ထို​လူမျိုး​သည် ထာဝရဘုရား​မုန်း​တော်မူ​သည့် စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို မိမိ​တို့​ဘုရား​များ​အတွက် ပြု​ကြ​၏​။ စင်စစ် သူ​တို့​သည် မိမိ​တို့​၏​သား​သမီး​များ​ကို​ပင် သူ​တို့​၏​ဘုရား​များ​အတွက် မီး​ရှို့​ကြ​၏​။ သူ​တို့​ပြု​သကဲ့သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် မ​ပြု​ရ​။ 32သင်​တို့​အား ငါ​မှာကြား​ထား​သည့် နှုတ်ကပတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in