YouVersion Logo
Search Icon

တရားဟောရာကျမ်း 14

14
ရှောင်ကြဉ်ရမည့်ဓလေ့ထုံးတမ်းများ
1သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​သားသမီး​များ​ဖြစ်​ကြ​၏​။ သေဆုံး​သူ​အတွက် ကိုယ့်​အသား ကိုယ်​မ​မွှမ်း​ရ​၊ သင်​တို့​၏​ဦးစွန်း​ကို​မ​ရိတ်​ရ​။ 2အကြောင်းမူကား သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​ဖြစ်​၏​။ ထာဝရဘုရား​သည် မြေကြီး​ပေါ်​၌​ရှိ​သော​လူမျိုး​အပေါင်း​တို့​ထဲမှ မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​အဖြစ် သင့်​ကို​ရွေးချယ်​တော်မူ​၏​။
စင်ကြယ်သောအသား၊ မစင်ကြယ်သောအသား
3စက်ဆုပ်ရွံရှာဖွယ်​ရာ​တစ်စုံတစ်ခု​ကို​မျှ သင်​မ​စား​ရ​။ 4သင်​တို့​စား​ခွင့်​ရှိ​သော​တိရစ္ဆာန်​များ​ကား နွား​၊ သိုး​၊ ဆိတ်​၊ 5သမင်​၊ ဒရယ်​၊ ဆတ်​၊ ဆိတ်ရိုင်း​၊ တောင်ဆိတ်​၊ တောဆိတ်​၊ သိုးရိုင်း တို့​ဖြစ်​၏​။
6တိရစ္ဆာန်​တို့​ထဲမှ ခွာ​နှစ်ခြမ်းကွဲ​၍ စားမြုံ့ပြန်​သော တိရစ္ဆာန်​ဟူသမျှ သင်​တို့​စား​ခွင့်​ရှိ​၏​။ 7သို့သော် စားမြုံ့ပြန်​သော​အကောင်​၊ ခွာ​ကွဲ​သော​အကောင်​တို့​ထဲမှ သင်​တို့​စား​ခွင့်​မ​ရှိ​သော​အကောင်​များ​ကား
ကုလားအုတ်​၊ တောယုန်​၊ ရှာဖန်ယုန် တို့​ဖြစ်​၏​။ အကြောင်းမူကား ထို​အကောင်​တို့​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​။
8ဝက်​သည် ခွာ​ကွဲ​သော်လည်း စားမြုံ့​မ​ပြန်​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​။ အသား​ကို​မ​စား​ရ​။ အသေကောင်​ကို​လည်း မ​ထိ​ရ​။
9ရေ​နေ​သတ္တဝါ​အားလုံး​ထဲမှ ဆူးတောင်​နှင့်​အကြေး​ရှိ​သော​အကောင်​အားလုံး​ကို သင်​တို့​စား​ခွင့်​ရှိ​၏​။ 10ဆူးတောင်​နှင့်​အကြေး​မ​ရှိ​သော မည်သည့်​အကောင်​ကို​မျှ မ​စား​ရ​။ သင်​တို့​အဖို့ မစင်ကြယ်​။
11စင်ကြယ်​သော ငှက်​ဟူသမျှ သင်​တို့​စား​ခွင့်​ရှိ​၏​။ 12သင်​တို့​စား​ခွင့်​မ​ရှိ​သော​ငှက်​များ​ကား
လင်းယုန်​၊ လင်းတ​၊ ဝန်ပို​၊
13စွန်ရဲ​၊ စွန်နက်​၊ ခရုစုတ်ငှက်​အမျိုးမျိုး​၊
14ကျီးကန်း​မျိုး​ရှိသမျှ​၊
15ငှက်ကုလားအုတ်​၊ မြေဝပ်ငှက်​၊ စင်ရော်ငှက်​၊ သိမ်းငှက်​အမျိုးမျိုး​၊
16ဇီးကွက်​၊ ဒီးဒုတ်​၊ လင်ကောင်ပိုး​၊
17ငှက်ကြီးဝန်ပို​၊ ဝန်လက်​၊ တင်ကျီးငှက်​၊
18ငှက်ကျား​၊ ငဟစ်ငှက်​အမျိုးမျိုး​၊ တောင်ဘီစူးငှက်​၊ လင်းနို့ တို့​ဖြစ်​၏​။
19အတောင်ပံ​ပါ​သော​ပိုးမွှားသတ္တဝါ​အားလုံး​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​သည်​ဖြစ်၍ မ​စား​ရ​။ 20အတောင်ပံ​ပါ​၍ စင်ကြယ်​သော​အကောင်​ဟူသမျှ သင်​တို့​စား​ခွင့်​ရှိ​၏​။
21သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​ဖြစ်​သောကြောင့် အလိုလိုသေ​သော အကောင်​ဟူသမျှ မ​စား​ရ​။ သင့်​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​စား​ရန် ပေး​ခွင့်​ရှိ​၏​။ သို့မဟုတ် တစ်ပါးအမျိုးသား​ထံ​ရောင်း​ခွင့်​ရှိ​၏​။ ဆိတ်သငယ်​ကို မိခင်​၏​နို့​ဖြင့်​မ​ပြုတ်​ရ​။
ထာဝရဘုရားအတွက် ဆယ်ဖို့တစ်ဖို့
22နှစ်စဉ်နှစ်တိုင်း လယ်ယာ​မှ​ထွက်​သမျှ ကောက်ပဲသီးနှံ​တို့​ကို ဆယ်ဖို့တစ်ဖို့​မပျက်မကွက်​ပေး​ရ​မည်​။ 23သင်​၏​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားဦး​၊ သိုး​သားဦး စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ ကိုယ်တော်​၏​ရှေ့​တော်​၌ စား​ရ​မည်​။ ဤသို့​ပြု​ခြင်း​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို အစဉ်အမြဲ​ကြောက်ရွံ့​မည့်​အကြောင်း သင်ယူ​ခြင်း​ဖြစ်​၏​။ 24သို့သော် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​သောအခါ နာမ​တော်​တည်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သည် ခရီး​ဝေး​၍ သင်​နှင့်​ဝေး​လွန်း​သဖြင့် သင်​သည် ထို​ဆယ်ဖို့တစ်ဖို့​ကို​မ​သယ်ဆောင်​သွား​နိုင်​လျှင် 25ငွေ​နှင့်​လဲလှယ်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ ထို​ငွေ​ကို သင်ကိုယ်တိုင်​ယူဆောင်​သွား​ရ​မည်​။ 26ထို​ငွေ​ဖြင့် နွား​၊ သိုး​၊ စပျစ်ဝိုင်​၊ သေရည်သေရက်​စသည်​တို့​ကို သင်​အလို​ရှိသမျှ​၊ သင်​တောင့်တ​သမျှ ဝယ်ယူ​ပြီးလျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ စား​၍ သင်​၏​အိမ်သူအိမ်သား​များ​နှင့်အတူ ဝမ်းမြောက်​ရ​မည်​။ 27သင်​၏​မြို့​တံခါး​အတွင်း​ရှိ လေဝိ​အမျိုး​တို့​သည် သင်​နှင့်အတူ အမွေ​ဝေစု​မ​ရ​သောကြောင့် သူ​တို့​ကို စွန့်ပယ်​မ​ထား​ရ​။
28သုံး​နှစ်​ပြည့်​သောအခါ​တိုင်း ထို​နှစ်​ထွက်​သီးနှံ​၏​ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ယူဆောင်​လာ​၍ မြို့​များ​၌ စုထား​ရ​မည်​။ 29သို့ပြုလျှင် သင်​တို့​တွင် အမွေ​ဝေစု​မ​ရ​သော​လေဝိ​အမျိုး​၊ သင့်​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် လာ​ပြီး ဝလင်​စွာ​စား​နိုင်​မည်​။ ဤ​အမှု​ကို​ထောက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြု​လေရာရာ​၌ သင့်​အား​ကောင်းချီးပေး​တော်မူ​မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in