ဒံယေလအနာဂတ္တိကျမ်း 7
7
စိတ်အာရုံတွင် ဒံယေလမြင်ရသောသားရဲလေးကောင်
1ဘေဘီလုံဘုရင်ဗေလရှာဇာမင်းကြီး နန်းစံပထမနှစ်တွင် ဒံယေလသည် အိပ်ရာပေါ်တွင်အိပ်နေစဉ် စိတ်အာရုံတွင် အိပ်မက်တစ်ခုကို မြင်မက်လေ၏။ ထိုအခါ သူသည် ထိုအိပ်မက်ကို ရေးမှတ်ထားပြီး အိပ်မက်၏အနှစ်ချုပ်ကိုပြောပြ၏။ 2ဒံယေလပြောပြသည်မှာ “ညအချိန် ငါမြင်ရသောစိတ်အာရုံတွင် မိုးကောင်းကင်အရပ်လေးမျက်နှာမှလေသည် သမုဒ္ဒရာပြင်တွင် ဝေ့ဝိုက်တိုက်ခတ်နေ၏။ 3ထို့နောက် သားရဲကြီးလေးကောင်သည် ပင်လယ်ထဲမှထွက်လာ၏။ ထိုသားရဲတို့သည် တစ်ကောင်နှင့်တစ်ကောင်မတူကြချေ။
4ပထမသားရဲသည် ခြင်္သေ့နှင့်တူ၍ လင်းယုန်အတောင်ပါရှိ၏။ ငါကြည့်နေစဉ် အတောင်ပံတို့သည် နုတ်ပစ်ခြင်းခံရ၏။ မြေပေါ်မှ ထူမလိုက်သောအခါ လူကဲ့သို့ခြေနှစ်ချောင်းဖြင့် ရပ်၏။ သူ့အား လူ့စိတ်ကို သွင်းပေးထား၏။
5တစ်ဖန် ငါကြည့်နေစဉ် ဝက်ဝံနှင့်တူသောဒုတိယသားရဲ ထွက်လာ၏။ ထိုသားရဲသည် ကိုယ်ကိုတစ်ဖက်ကြွထားပြီး နှုတ်တွင်လည်း နံရိုးသုံးချောင်းကို ကိုက်ထား၏။ အသံတစ်သံက သူ့အား ‘ထပါ။ အသားများများစားပါ’ဟု ဆို၏။
6တစ်ဖန် ငါကြည့်နေစဉ် ကျားသစ်နှင့်တူသော အခြားသားရဲတစ်ကောင် ထွက်လာ၏။ ထိုသားရဲ၏ကျောပေါ်တွင် ငှက်အတောင်လေးခု၊ ဦးခေါင်း လေးလုံးပါ၏။ သူ့အား အာဏာစက်ကို ပေးအပ်ထား၏။
7တစ်ဖန် ထိုညအချိန် စိတ်အာရုံတွင် စတုတ္ထသားရဲကို ငါမြင်ရ၏။ ထိုသားရဲသည် အလွန်တန်ခိုးကြီး၍ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ် ကောင်း၏။ အလွန်သန်မာ၏။ သံသွားကြီးများ ရှိ၍ အစာကို တစ်စစီချိုးဖဲ့ကိုက်စားဝါးမျိုနေ၏။ အကြွင်းအကျန်ကိုခြေဖြင့်လည်း နင်းချေဖျက်ဆီး၏။ ထိုသားရဲသည် ယခင်သားရဲတို့နှင့်မတူ တစ်မူထူးခြား၏။ ချိုဆယ်ချောင်း ပါ၏။#ဗျာ 12:3။
8ထိုချိုများအကြောင်းကို စဉ်းစားလျက်နေစဉ် အခြားချိုငယ်တစ်ချောင်းသည် ထိုချိုများကြားမှ ပေါက်လာ၏။ ထိုချိုများထဲမှ သုံးချောင်းသည် သူ့ရှေ့တွင်ပင် အမြစ်ပါမကျန်နုတ်ပစ်ခြင်းခံရ၏။ ချိုငယ်တွင် လူမျက်စိနှင့်တူသော မျက်စိရှိ၏။ ဝါကြွားပြောဆိုတတ်သောနှုတ်လည်း ရှိ၏။
ရှေးအရှင်သခင်နှင့်လူ့သား
9ငါကြည့်လျက်နေစဉ် ပလ္လင်များကိုခင်းကျင်း၍ သက်တော်ကြီးရင့်သောအရှင် ထိုင်တော်မူ၏။ အဝတ်တော်သည် နှင်းပွင့်ကဲ့သို့ဖြူ၏။ ဦးခေါင်းတော်မှဆံပင်သည်လည်း သိုးမွေးကဲ့သို့ ဖြူ၏။#ဗျာ 1:14၊ 4:2။ ပလ္လင်တော်သည် မီးလျှံ၊ ဘီးတော်တို့သည် မီးတောက် ဖြစ်၏။ 10မီးမြစ်တစ်စင်းသည် ရှေ့တော်မှ စီးထွက်၏။ အထောင်ထောင်သောလူတို့သည် အမှုတော်ကို ထမ်းကြ၏။ အသောင်းသောင်းသောလူတို့သည် ရှေ့တော်တွင် ရပ်လျက်နေ၏။ တရားစီရင်ချိန်ကျရောက်သဖြင့် စာအုပ်များကို ဖွင့်ထား၏။#ဗျာ 5:11။
11ဝါကြွားပြောဆိုသောချိုငယ်၏အသံကြောင့် ငါကြည့်လိုက်ရာ ထိုသားရဲ အသတ်ခံရသည်ကို ငါမြင်ရ၏။ ကိုယ်ခန္ဓာအဖျက်ဆီးခံရ၍ မီးတောက်မီးလျှံထဲသို့ ပစ်ချခြင်းခံရလေ၏။ 12အခြားသားရဲတို့မှာ အာဏာရုပ်သိမ်းခြင်း ခံရသော်လည်း အချိန်ကာလတစ်ခုအထိ အသက်ရှင်ခွင့်ရကြ၏။ 13ညအချိန် စိတ်အာရုံတွင် လူသားနှင့်တူသောသူတစ်ဦး မိုးတိမ်ကိုစီးလျက်ကြွလာသည်ကို ငါမြင်ရ၏။ ရှေးအရှင်သခင်ရှိရာသို့ရောက်လာသောအခါ သူ့ကိုအထံတော်သို့ ခေါ်သွင်းကြ၏။#ဟေရှာ 19:1၊ ဇာ 12:10-14၊ မ 24:30၊ မာ 14:62၊ လု 21:27၊ ဗျာ 1:7။ 14သူ့အား နိုင်ငံတော်နှင့်တကွ အာဏာစက်၊ ဂုဏ်သရေကို အပ်နှင်းပြီဖြစ်၍ နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ့အားကိုးကွယ်ကြလိမ့်မည်။ သူ၏အာဏာစက်သည် မပျောက်ပျက်၊ ထာဝရတည်သောအာဏာစက် ဖြစ်၏။ နိုင်ငံတော်သည်လည်း မည်သည့်အခါမျှ ပျက်စီးမည်မဟုတ်။#ဒံ 2:44၊ ဗျာ 11:15။
စိတ်အာရုံတွင်မြင်ရသောအရာ၏အနက်အဓိပ္ပာယ်
15ငါဒံယေလ၏အတွင်းဝိညာဉ်သည် ပူဆွေးလျက်ရှိ၏။ ငါမြင်ရသောစိတ်အာရုံကြောင့် ငါထိတ်လန့်နေ၏။ 16ထို့ကြောင့် ငါသည် အနားတွင်ရပ်နေသောသူတစ်ဦးထံသွားပြီး ဤအဖြစ်အပျက်အလုံးစုံနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်အမှန်ကို မေးကြည့်လျှင် ထိုသူက ဤအဖြစ်အပျက်အလုံးစုံ၏အနက်အဓိပ္ပာယ်ကို ငါ့အား ဖော်ပြမည်ဟု ဆို၏။ 17‘ဤသားရဲကြီးလေးကောင်သည် နောင်တွင်ပေါ်လာမည့်မြေကြီးဘုရင်လေးပါးကို ဆိုလို၏။ 18သို့သော် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူတို့ကသာလျှင် နိုင်ငံတော်ကို သိမ်းယူကြလိမ့်မည်။ ထိုနိုင်ငံကို ကာလအစဉ်အဆက်ပိုင်ဆိုင်ရလိမ့်မည်’ဟု ငါ့အား ပြောပြ၏။
19ကြောက်မက်ဖွယ်အလွန်ကောင်း၍ ယခင်သားရဲတို့နှင့်မတူ တစ်မူထူးခြားကာ သံသွားနှင့် ကြေးနီလက်သည်းရှိ၍ အစာကို တစ်စစီချိုးဖဲ့ကိုက်စားဝါးမျိုပြီး အကြွင်းအကျန်ကို ခြေဖြင့်နင်းချေဖျက်ဆီးတတ်သောစတုတ္ထသားရဲနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်အမှန်ကို ငါသိလို၏။ 20ထို့ပြင် ထိုသားရဲ၏ခေါင်းတွင်ပေါက်သောချိုဆယ်ခုအကြောင်းနှင့် နောက်ပေါက်ချိုငယ်တစ်ခုအကြောင်းကိုလည်း ငါသိလို၏။ ထိုချိုငယ်ရှေ့တွင်ပင် ချိုသုံးချောင်းသည် နုတ်ပစ်ခြင်းခံရ၏။ ထိုချိုငယ်သည် မျက်စိပါ၍ စကားကြီးစကားကျယ်ပြောဆိုတတ်သောနှုတ်ရှိပြီး အခြားချိုများထက်ထူးခြား၏။ 21ငါကြည့်နေစဉ် ထိုချိုသည် သန့်ရှင်းသူတို့နှင့် စစ်တိုက်၍အနိုင်ရသည်ကို တွေ့ရ၏။#ဗျာ 13:7။ 22ရှေးအရှင်သခင်ကြွလာ၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူတို့အတွက် တရားစီရင်မည့်အချိန်ထိ ထိုချိုသည် အနိုင်ယူလိမ့်မည်။ ပြီးမှ နိုင်ငံတော်ကို သန့်ရှင်းသူတို့ ပိုင်ဆိုင်ရမည့်အချိန် ရောက်လာမည် ဖြစ်၏။
23ထိုသူက ‘စတုတ္ထသားရဲသည် ကမ္ဘာမြေပေါ်တွင် ပေါ်လာမည့်စတုတ္ထနိုင်ငံဖြစ်၏။ ဤနိုင်ငံသည် အခြားနိုင်ငံအားလုံးထက် ထူးခြား၍ ကမ္ဘာမြေတစ်ပြင်လုံးကို တစ်စစီချိုးဖဲ့ကိုက်စားဝါးမျိုပစ်လိမ့်မည်။ 24ဦးချိုဆယ်ချောင်းကား ထိုနိုင်ငံတွင်ပေါ်လာမည့် ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ သူတို့နောက်တွင် အခြားရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။#ဗျာ 17:12။ ထိုဘုရင်သည် ယခင်ဘုရင်များထက်ထူးခြား၍ ရှင်ဘုရင်သုံးပါးစလုံးကို ချေမှုန်းပစ်မည်။ 25ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။#ဒံ 11:36၊ ဗျာ 13:6။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။#ဒံ 12:7၊ ဗျာ 12:14။ 26သို့သော် တရားစီရင်ချိန်ရောက်သောအခါ ထိုဘုရင်သည် အာဏာရုပ်သိမ်းခြင်းခံရမည်။ သူ့ကို အပြီးသတ်ချေမှုန်းသုတ်သင်ပစ်လိမ့်မည်။ 27ထို့နောက် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသောလူမျိုးတော်သည် နိုင်ငံတော်နှင့်တကွ အာဏာစက်ကိုလည်းကောင်း၊ ကောင်းကင်တစ်ခွင်အောက်ရှိတိုင်းနိုင်ငံများ၏ဘုန်းတန်ခိုးတို့ကိုလည်းကောင်း ရရှိလိမ့်မည်။ ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပြီး အာဏာရမင်းရှိသမျှသည် ကိုယ်တော့်ကို နာခံ၍ ဝတ်ပြုကြလိမ့်မည်’ဟု ငါ့အား ရှင်းပြ၏။
28ဤသည်ကား အဖြစ်အပျက်အလုံးစုံတည်း။ ငါဒံယေလသည် အတွေးများကြောင့် စိုးရိမ်ထိတ်လန့်ကာ မျက်စိမျက်နှာပျက်လေ၏။ သို့သော် ထိုအဖြစ်အပျက်တို့ကို ငါ့စိတ်ထဲတွင် သိမ်းဆည်းထားလေ၏”ဟု ဆို၏။
Currently Selected:
ဒံယေလအနာဂတ္တိကျမ်း 7: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative