YouVersion Logo
Search Icon

ဒံယေလအနာဂတ္တိကျမ်း 7

7
စိတ်အာရုံတွင် ဒံယေလမြင်ရသောသားရဲလေးကောင်
1ဘေဘီလုံ​ဘုရင်​ဗေလရှာဇာ​မင်းကြီး နန်းစံ​ပထမ​နှစ်​တွင် ဒံယေလ​သည် အိပ်ရာ​ပေါ်တွင်​အိပ်​နေစဉ် စိတ်အာရုံ​တွင် အိပ်မက်​တစ်ခု​ကို မြင်မက်​လေ​၏​။ ထိုအခါ သူ​သည် ထို​အိပ်မက်​ကို ရေးမှတ်​ထား​ပြီး အိပ်မက်​၏​အနှစ်ချုပ်​ကို​ပြောပြ​၏​။ 2ဒံယေလ​ပြောပြ​သည်​မှာ “​ညအချိန် ငါ​မြင်​ရ​သော​စိတ်အာရုံ​တွင် မိုးကောင်းကင်​အရပ်လေးမျက်နှာ​မှ​လေ​သည် သမုဒ္ဒရာပြင်​တွင် ဝေ့ဝိုက်​တိုက်ခတ်​နေ​၏​။ 3ထို့နောက် သားရဲ​ကြီး​လေး​ကောင်​သည် ပင်လယ်​ထဲမှ​ထွက်လာ​၏​။ ထို​သားရဲ​တို့​သည် တစ်ကောင်​နှင့်​တစ်ကောင်​မတူ​ကြ​ချေ​။
4ပထမ​သားရဲ​သည် ခြင်္သေ့​နှင့်​တူ​၍ လင်းယုန်​အတောင်​ပါရှိ​၏​။ ငါ​ကြည့်​နေ​စဉ် အတောင်ပံ​တို့​သည် နုတ်ပစ်​ခြင်း​ခံရ​၏​။ မြေ​ပေါ်မှ ထူမ​လိုက်​သောအခါ လူ​ကဲ့သို့​ခြေ​နှစ်​ချောင်း​ဖြင့် ရပ်​၏​။ သူ့​အား လူ့​စိတ်​ကို သွင်းပေး​ထား​၏​။
5တစ်ဖန် ငါ​ကြည့်​နေ​စဉ် ဝက်ဝံ​နှင့်​တူ​သော​ဒုတိယ​သားရဲ ထွက်လာ​၏​။ ထို​သားရဲ​သည် ကိုယ်​ကို​တစ်ဖက်​ကြွ​ထား​ပြီး နှုတ်​တွင်​လည်း နံရိုး​သုံး​ချောင်း​ကို ကိုက်​ထား​၏​။ အသံ​တစ်​သံ​က သူ့​အား ‘ထ​ပါ​။ အသား​များများ​စား​ပါ’​ဟု ဆို​၏​။
6တစ်ဖန် ငါ​ကြည့်​နေ​စဉ် ကျားသစ်​နှင့်​တူ​သော အခြား​သားရဲ​တစ်​ကောင် ထွက်လာ​၏​။ ထို​သားရဲ​၏​ကျော​ပေါ်တွင် ငှက်​အတောင်​လေး​ခု​၊ ဦးခေါင်း လေး​လုံး​ပါ​၏​။ သူ့​အား အာဏာစက်​ကို ပေးအပ်​ထား​၏​။
7တစ်ဖန် ထို​ညအချိန် စိတ်အာရုံ​တွင် စတုတ္ထ​သားရဲ​ကို ငါ​မြင်​ရ​၏​။ ထို​သားရဲ​သည် အလွန်​တန်ခိုးကြီး​၍ ကြောက်မက်​ဖွယ်​၊ ထိတ်လန့်ဖွယ် ကောင်း​၏​။ အလွန်​သန်မာ​၏​။ သံ​သွား​ကြီး​များ ရှိ​၍ အစာ​ကို တစ်စစီ​ချိုးဖဲ့ကိုက်စား​ဝါးမျို​နေ​၏​။ အကြွင်းအကျန်​ကို​ခြေ​ဖြင့်​လည်း နင်းချေဖျက်ဆီး​၏​။ ထို​သားရဲ​သည် ယခင်​သားရဲ​တို့​နှင့်​မတူ တစ်မူ​ထူးခြား​၏​။ ချို​ဆယ်​ချောင်း ပါ​၏​။#ဗျာ 12:3။
8ထို​ချို​များ​အကြောင်း​ကို စဉ်းစား​လျက်​နေ​စဉ် အခြား​ချို​ငယ်​တစ်​ချောင်း​သည် ထို​ချို​များ​ကြား​မှ ပေါက်လာ​၏​။ ထို​ချို​များ​ထဲမှ သုံး​ချောင်း​သည် သူ့​ရှေ့​တွင်​ပင် အမြစ်ပါမကျန်​နုတ်ပစ်​ခြင်း​ခံရ​၏​။ ချိုငယ်​တွင် လူ​မျက်စိ​နှင့်​တူ​သော မျက်စိ​ရှိ​၏​။ ဝါကြွား​ပြောဆို​တတ်​သော​နှုတ်​လည်း ရှိ​၏​။
ရှေးအရှင်သခင်နှင့်လူ့သား
9ငါ​ကြည့်​လျက်​နေ​စဉ် ပလ္လင်​များ​ကို​ခင်းကျင်း​၍ သက်တော်ကြီးရင့်​သော​အရှင် ထိုင်​တော်မူ​၏​။ အဝတ်​တော်​သည် နှင်းပွင့်​ကဲ့သို့​ဖြူ​၏​။ ဦးခေါင်း​တော်​မှ​ဆံပင်​သည်​လည်း သိုးမွေး​ကဲ့သို့ ဖြူ​၏​။#ဗျာ 1:14၊ 4:2။ ပလ္လင်​တော်​သည် မီး​လျှံ​၊ ဘီး​တော်​တို့​သည် မီးတောက် ဖြစ်​၏​။ 10မီး​မြစ်​တစ်​စင်း​သည် ရှေ့​တော်​မှ စီး​ထွက်​၏​။ အထောင်ထောင်​သော​လူ​တို့​သည် အမှု​တော်​ကို ထမ်း​ကြ​၏​။ အသောင်းသောင်း​သော​လူ​တို့​သည် ရှေ့​တော်​တွင် ရပ်​လျက်​နေ​၏​။ တရားစီရင်​ချိန်​ကျရောက်​သဖြင့် စာအုပ်​များ​ကို ဖွင့်​ထား​၏​။#ဗျာ 5:11။
11ဝါကြွား​ပြောဆို​သော​ချိုငယ်​၏​အသံ​ကြောင့် ငါ​ကြည့်​လိုက်​ရာ ထို​သားရဲ အသတ်​ခံရ​သည်​ကို ငါ​မြင်​ရ​၏​။ ကိုယ်ခန္ဓာ​အဖျက်ဆီး​ခံရ​၍ မီးတောက်​မီးလျှံ​ထဲသို့ ပစ်ချ​ခြင်း​ခံရ​လေ​၏​။ 12အခြား​သားရဲ​တို့​မှာ အာဏာ​ရုပ်သိမ်း​ခြင်း ခံရ​သော်လည်း အချိန်​ကာလ​တစ်​ခု​အထိ အသက်ရှင်​ခွင့်​ရ​ကြ​၏​။ 13ညအချိန် စိတ်အာရုံ​တွင် လူသား​နှင့်​တူ​သော​သူ​တစ်ဦး မိုး​တိမ်​ကို​စီး​လျက်​ကြွလာ​သည်​ကို ငါ​မြင်​ရ​၏​။ ရှေး​အရှင်သခင်​ရှိ​ရာ​သို့​ရောက်လာ​သောအခါ သူ့​ကို​အထံ​တော်​သို့ ခေါ်သွင်း​ကြ​၏​။#ဟေရှာ 19:1၊ ဇာ 12:10-14၊ မ 24:30၊ မာ 14:62၊ လု 21:27၊ ဗျာ 1:7။ 14သူ့​အား နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​၊ ဂုဏ်သရေ​ကို အပ်နှင်း​ပြီ​ဖြစ်၍ နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် သူ့​အား​ကိုးကွယ်​ကြ​လိမ့်မည်​။ သူ​၏​အာဏာစက်​သည် မ​ပျောက်ပျက်​၊ ထာဝရ​တည်​သော​အာဏာစက် ဖြစ်​၏​။ နိုင်ငံ​တော်​သည်​လည်း မည်သည့်​အခါ​မျှ ပျက်စီး​မည်​မ​ဟုတ်​။#ဒံ 2:44၊ ဗျာ 11:15။
စိတ်အာရုံတွင်မြင်ရသောအရာ၏အနက်အဓိပ္ပာယ်
15ငါ​ဒံယေလ​၏​အတွင်းဝိညာဉ်​သည် ပူဆွေး​လျက်​ရှိ​၏​။ ငါ​မြင်​ရ​သော​စိတ်အာရုံ​ကြောင့် ငါ​ထိတ်လန့်​နေ​၏​။ 16ထို့ကြောင့် ငါ​သည် အနား​တွင်​ရပ်​နေ​သော​သူ​တစ်​ဦး​ထံ​သွား​ပြီး ဤ​အဖြစ်အပျက်​အလုံးစုံ​နှင့်​ပတ်သက်သည့် အနက်အဓိပ္ပာယ်​အမှန်​ကို မေးကြည့်​လျှင် ထို​သူ​က ဤ​အဖြစ်အပျက်​အလုံးစုံ​၏​အနက်အဓိပ္ပာယ်​ကို ငါ့​အား ဖော်ပြ​မည်​ဟု ဆို​၏​။ 17‘ဤ​သားရဲ​ကြီး​လေး​ကောင်​သည် နောင်တွင်​ပေါ်လာ​မည့်​မြေကြီး​ဘုရင်​လေး​ပါး​ကို ဆိုလို​၏​။ 18သို့သော် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​တို့​က​သာလျှင် နိုင်ငံ​တော်​ကို သိမ်းယူ​ကြ​လိမ့်မည်​။ ထို​နိုင်ငံ​ကို ကာလ​အစဉ်အဆက်​ပိုင်ဆိုင်​ရ​လိမ့်မည်’​ဟု ငါ့​အား ပြောပြ​၏​။
19ကြောက်မက်​ဖွယ်​အလွန်​ကောင်း​၍ ယခင်​သားရဲ​တို့​နှင့်​မ​တူ တစ်မူထူးခြား​ကာ သံ​သွား​နှင့် ကြေးနီ​လက်သည်း​ရှိ​၍ အစာ​ကို တစ်စစီ​ချိုးဖဲ့ကိုက်စား​ဝါးမျို​ပြီး အကြွင်းအကျန်​ကို ခြေ​ဖြင့်​နင်းချေဖျက်ဆီး​တတ်​သော​စတုတ္ထ​သားရဲ​နှင့်ပတ်သက်​သည့် အနက်အဓိပ္ပာယ်​အမှန်​ကို ငါ​သိ​လို​၏​။ 20ထို့ပြင် ထို​သားရဲ​၏​ခေါင်း​တွင်​ပေါက်​သော​ချို​ဆယ်​ခု​အကြောင်း​နှင့် နောက်ပေါက်​ချိုငယ်​တစ်ခု​အကြောင်း​ကို​လည်း ငါ​သိ​လို​၏​။ ထို​ချိုငယ်​ရှေ့​တွင်ပင် ချို​သုံး​ချောင်း​သည် နုတ်ပစ်​ခြင်း​ခံရ​၏​။ ထို​ချိုငယ်​သည် မျက်စိ​ပါ​၍ စကားကြီးစကားကျယ်​ပြောဆို​တတ်​သော​နှုတ်​ရှိ​ပြီး အခြား​ချို​များ​ထက်​ထူးခြား​၏​။ 21ငါ​ကြည့်​နေ​စဉ် ထို​ချို​သည် သန့်ရှင်း​သူ​တို့​နှင့် စစ်တိုက်​၍​အနိုင်ရ​သည်​ကို တွေ့​ရ​၏​။#ဗျာ 13:7။ 22ရှေး​အရှင်သခင်​ကြွလာ​၍ အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​တို့​အတွက် တရားစီရင်​မည့်​အချိန်​ထိ ထို​ချို​သည် အနိုင်ယူ​လိမ့်မည်​။ ပြီးမှ နိုင်ငံ​တော်​ကို သန့်ရှင်း​သူ​တို့ ပိုင်ဆိုင်​ရ​မည့်​အချိန် ရောက်လာ​မည် ဖြစ်​၏​။
23ထို​သူ​က ‘စတုတ္ထ​သားရဲ​သည် ကမ္ဘာမြေ​ပေါ်တွင် ပေါ်လာ​မည့်​စတုတ္ထ​နိုင်ငံ​ဖြစ်​၏​။ ဤ​နိုင်ငံ​သည် အခြား​နိုင်ငံ​အားလုံး​ထက် ထူးခြား​၍ ကမ္ဘာမြေ​တစ်ပြင်လုံး​ကို တစ်စစီချိုးဖဲ့​ကိုက်စား​ဝါးမျို​ပစ်​လိမ့်မည်​။ 24ဦးချို​ဆယ်​ချောင်း​ကား ထို​နိုင်ငံ​တွင်​ပေါ်လာ​မည့် ရှင်ဘုရင်​ဆယ်​ပါး ဖြစ်​၏​။ သူ​တို့​နောက်​တွင် အခြား​ရှင်ဘုရင်​တစ်​ပါး ပေါ်လာ​လိမ့်မည်​။#ဗျာ 17:12။ ထို​ဘုရင်​သည် ယခင်​ဘုရင်​များ​ထက်​ထူးခြား​၍ ရှင်ဘုရင်​သုံး​ပါး​စလုံး​ကို ချေမှုန်း​ပစ်​မည်​။ 25ထို​ဘုရင်​သည် အမြင့်ဆုံး​သော​အရှင်​ကို ဆန့်ကျင်​ပြောဆို​၍ အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​များ​ကို ဖိနှိပ်ချုပ်ချယ်​မည်​။ သူ​သည် အချိန်​ကာလ​နှင့် ဥပဒေ​တို့​ကို ပြောင်းလဲ​ပစ်​ရန် ကြိုးစား​လိမ့်မည်​။#ဒံ 11:36၊ ဗျာ 13:6။ သန့်ရှင်း​သူ​တို့​သည်​လည်း တစ်​ကာလ​၊ နှစ်​ကာလ​၊ ကာလ​တစ်ဝက်​ပတ်လုံး သူ့​လက်​သို့ ကျရောက်​ရ​လိမ့်မည်​။#ဒံ 12:7၊ ဗျာ 12:14။ 26သို့သော် တရားစီရင်​ချိန်​ရောက်​သောအခါ ထို​ဘုရင်​သည် အာဏာ​ရုပ်သိမ်း​ခြင်း​ခံရ​မည်​။ သူ့​ကို အပြီးသတ်​ချေမှုန်း​သုတ်သင်​ပစ်​လိမ့်မည်​။ 27ထို့နောက် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သော​လူမျိုး​တော်​သည် နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​ကို​လည်းကောင်း​၊ ကောင်းကင်​တစ်ခွင်​အောက်​ရှိ​တိုင်းနိုင်ငံ​များ​၏​ဘုန်းတန်ခိုး​တို့​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။ ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပြီး အာဏာရ​မင်း​ရှိသမျှ​သည် ကိုယ်တော့်​ကို နာခံ​၍ ဝတ်ပြု​ကြ​လိမ့်မည်’​ဟု ငါ့​အား ရှင်းပြ​၏​။
28ဤသည်ကား အဖြစ်အပျက်​အလုံးစုံ​တည်း​။ ငါ​ဒံယေလ​သည် အတွေး​များ​ကြောင့် စိုးရိမ်ထိတ်လန့်​ကာ မျက်စိ​မျက်နှာပျက်​လေ​၏​။ သို့သော် ထို​အဖြစ်အပျက်​တို့​ကို ငါ့​စိတ်​ထဲတွင် သိမ်းဆည်း​ထား​လေ​၏”​ဟု ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဒံယေလအနာဂတ္တိကျမ်း 7