YouVersion Logo
Search Icon

ဒံယေလအနာဂတ္တိကျမ်း 6

6
ဒံယေလအားလုပ်ကြံခြင်း
1ဒါရိ​မင်းကြီး​သည် နိုင်ငံ​ကို​အုပ်ချုပ်​မည့်​အရာရှိ တစ်ရာ့​နှစ်ဆယ်​ကို နိုင်ငံ​တစ်ဝန်းလုံး​တွင် ခန့်ထား​ရန်​အလိုရှိ​၏​။ 2ထို​သူ​တို့​အထက်​တွင် ဒံယေလ​အပါအဝင် အုပ်ချုပ်ရေးမှူး​သုံး​ဦး​ကို ခန့်ထား​၏​။ ဘုရင်​၏​အကျိုး​မ​ယုတ်​စေရန် အမှုကိစ္စ​တို့​ကို အုပ်ချုပ်ရေး​အရာရှိ​တို့​က အုပ်ချုပ်ရေးမှူး​သုံး​ဦး​ထံ အစီရင်ခံ​တင်ပြ​ရ​၏​။ 3ဒံယေလ​တွင် ထူးကဲ​သော​ဝိညာဉ်​ရှိ​၍ အခြား​အုပ်ချုပ်ရေးမှူး​၊ အုပ်ချုပ်ရေး​အရာရှိ​တို့​ထက် ထူးချွန်ထက်မြက်​သောကြောင့် ရှင်ဘုရင်​သည် သူ့​အား နိုင်ငံ​တော်​တစ်ခုလုံး​ကို အုပ်ချုပ်​စေ​မည်​ဟု အကြံ​ရှိ​၏​။ 4ထိုအခါ အခြား​အုပ်ချုပ်ရေးမှူး​နှင့် အုပ်ချုပ်ရေး​အရာရှိ​တို့​သည် နိုင်ငံ​အရေး​နှင့်​ပတ်သက်၍ ဒံယေလ​ကို စွပ်စွဲ​နိုင်​ရန် သူ​၏​အမှား​ကို ရှာကြံ​ကြ​၏​။ သို့သော် ဒံယေလ​သည် သစ္စာရှိ​သူ​ဖြစ်​သည်​နှင့်အညီ သူ​၌ မှားယွင်းမှု​၊ ပေါ့ဆမှု​တစ်စုံတစ်ရာ​မျှ​မ​ရှိ​။ သူ​၌​အမှား​မ​တွေ့​သောကြောင့် သူ့​ကို​စွပ်စွဲ​၍​မ​ရ​ကြ​။ 5နောက်ဆုံး​တွင် သူ​တို့​က “​ဒံယေလ​ကို သူ့​ဘုရားသခင်​၏​ပညတ်တရား​နှင့်​ပတ်သက်သော​စွပ်စွဲ​ချက်​မှတစ်ပါး အခြား​စွပ်စွဲ​ချက်​ကို ရှာတွေ့​နိုင်​မည်​မ​ဟုတ်​”​ဟု ပြောဆို​ကြ​၏​။
6ထို့နောက် အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ အတူတကွ​စုရုံး​ကာ ရှင်ဘုရင်​ထံသို့​သွား​ပြီး “​အို ဒါရိ​မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။ 7အရှင်မင်းကြီး​၊ ဤ​ရက်​သုံးဆယ်​အတွင်း အရှင်မင်းကြီး​မှလွဲ၍ အခြား​ဘုရား​ကို​ဖြစ်စေ​၊ လူ​ကို​ဖြစ်စေ အသနားခံ​ဆုတောင်း​သော​သူ မည်သူမဆို ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟူသော​တားမြစ်​အမိန့်​ကို အတည်ပြု​အမိန့်​ထုတ်ပြန်​စေ​လို​ပါ​သည်​ဟု နိုင်ငံ​အကြီးအကဲ​များ​ဖြစ်​သည့်​အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ​၊ မင်း​အတိုင်ပင်ခံ​များ​၊ ဘုရင်ခံ​များ​အားလုံး​သဘောတူ​တိုင်ပင်​ကြ​ပါ​၏​။ 8အို အရှင်မင်းကြီး​၊ မေဒိ​နှင့် ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​နိုင်​သော​ဥပဒေသ​အတိုင်း ဤ​အမိန့်​စာ​ကို ယခု အတည်ပြု​လက်မှတ်ရေးထိုး​တော်မူ​ပါ​”​ဟု လျှောက်တင်​ကြ​သောကြောင့် 9ဒါရိ​မင်းကြီး​လည်း ထို​အမိန့်​စာ​ကို လက်မှတ်ရေးထိုး​လေ​၏​။
ခြင်္သေ့တွင်းထဲရှိဒံယေလ
10ထို​အမိန့်စာ​ကို ဒါရိ​မင်းကြီး​လက်မှတ်ရေးထိုး​ကြောင်း ဒံယေလ​ကြားသိ​သော်လည်း သူ​သည် အိမ်​သို့​ပြန်​၍​အပေါ်ထပ် မိမိ​အခန်း​သို့​ဝင်​ကာ ဂျေရုဆလင်​မြို့​ဘက်​သို့​မျက်နှာမူ​ထား​သော ပြတင်းပေါက်​ကို​ဖွင့်​ပြီး ဘုရားသခင်​ရှေ့​တော်​တွင် ယခင်​က​တစ်​နေ့​သုံး​ကြိမ်​ဒူးထောက်​ဆုတောင်း​ခဲ့​သည့်​အတိုင်း ဆုတောင်း​လျက်​ကျေးဇူး​တော်​ကို ချီးမွမ်း​လေ​၏​။ 11ထိုအခါ လူ​တို့​သည် အုပ်စုလိုက်​ရောက်လာ​၍ ဒံယေလ​သည် မိမိ​ဘုရားသခင်​ရှေ့​တော်​တွင် ဆုတောင်း​အသနားခံ​နေ​သည်​ကို တွေ့​သောအခါ 12ရှင်ဘုရင်​ထံသို့​သွား​ပြီးလျှင် ရှင်ဘုရင်​ထုတ်ပြန်​ထား​သော​အမိန့်​နှင့်​ပတ်သက်၍ “အရှင်မင်းကြီး​၊ ဤ​ရက်​သုံးဆယ်​အတွင်း အရှင်မင်းကြီး​မှလွဲ၍ အခြား​ဘုရား​ကို​ဖြစ်စေ​၊ လူ​ကို​ဖြစ်စေ အသနားခံ​ဆုတောင်း​သော​သူ မည်သူမဆို ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟူသော​အမိန့်​ကို လက်မှတ်ရေးထိုး​ထား​ပြီ​မ​ဟုတ်​ပါ​လော​၊ အရှင်မင်းကြီး​”​ဟု မေးလျှောက်​ကြ​လျှင် မင်းကြီး​က “​မေဒိ​နှင့်​ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​အတိုင်း ဤ​ကိစ္စ​မှာ မှန်ကန်​၏​”​ဟု ပြန်လည်​မိန့်ဆို​၏​။
13ထိုအခါ သူ​တို့​က “​အရှင်မင်းကြီး​၊ ယုဒ​လူမျိုး​သုံ့ပန်း​တစ်​ဦး​ဖြစ်​သော​ဒံယေလ​သည် အရှင်မင်းကြီး​ကို​အလေး​မ​ထား​။ အရှင်မင်းကြီး​လက်မှတ်ရေးထိုး​ထုတ်ပြန်​ထား​သော အမိန့်​ကို မ​နာခံ​ဘဲ တစ်​နေ့​သုံး​ကြိမ်​ဆုတောင်း​မြဲ ဆုတောင်း​လျက်​နေ​ပါ​၏​”​ဟု ဘုရင့်​ထံ လျှောက်ထား​ကြ​လေ​၏​။ 14ထို​စကား​ကို​ကြား​သောအခါ ရှင်ဘုရင်​သည် အလွန်​စိတ်ထိခိုက်​ပြီး ဒံယေလ​ကို​ကယ်​မည်​ဟု စိတ်ပိုင်းဖြတ်​လျက် နေဝင်​သည့်​တိုင်အောင် ဒံယေလ​လွတ်မြောက်​မည့်​လမ်း​ကို ကြိုးပမ်း​ရှာကြံ​လျက်​နေ​၏​။
15ထို​သူ​တို့​က​လည်း ရှင်ဘုရင်​ထံ အုပ်စုလိုက်​သွား​၍ “​အို အရှင်မင်းကြီး​၊ မေဒိ​နှင့် ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​နှင့်အညီ ရှင်ဘုရင်​အတည်ပြု​ထား​သော​မည်သည့်​အမိန့်​၊ မည်သည့်​ပြဋ္ဌာန်းချက်​ကို​မျှ ပြုပြင်​ပြောင်းလဲ​၍​မ​ရ​ကြောင်း သိမှတ်​တော်မူ​ပါ​”​ဟု ရှင်ဘုရင်​အား လျှောက်ဆို​ကြ​၏​။
16ထို့ကြောင့် ရှင်ဘုရင်​အမိန့်ပေး​၍ သူ​တို့​သည်​လည်း ဒံယေလ​ကို ခေါ်လာ​ကြ​ပြီး ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​လိုက်​လေ​၏​။ ရှင်ဘုရင်​က​လည်း ဒံယေလ​အား “​သင် အမြဲ​ကိုးကွယ်​သော​သင်​၏​ဘုရားသခင်​သည် သင့်​ကို​ကယ်တင်​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​၏​။ 17ထို့နောက် ကျောက်တုံး​တစ်​တုံး​သယ်လာ​ကြ​ပြီး တွင်းဝ​ကို ပိတ်​ထား​ကြ​၏​။ ဒံယေလ​နှင့်​ပတ်သက်၍ ချမှတ်​ထား​သည့်​အရာ အပြောင်းအလဲ​မ​ဖြစ်​စေရန် ရှင်ဘုရင်​သည် မိမိ​တံဆိပ်တုံး​နှင့် မှူးမတ်​တို့​တံဆိပ်တုံး​ကို တွင်းဝ​တွင် ခတ်နှိပ်​ထား​လေ​၏​။ 18ရှင်ဘုရင်​သည် နန်းတော်​သို့​ပြန်လာ​၍ တစ်ညလုံး စားတော်မခေါ်​၊ ဖျော်ဖြေပွဲ​များ​လည်း ရှေ့​တော်​မ​သွင်း​၊ စက်တော်​လည်း မ​ခေါ်​နိုင်​ဘဲ ရှိ​လေ​၏​။
ဒံယေလလွတ်မြောက်ခြင်း
19ရှင်ဘုရင်​သည် နံနက်စောစော​ထ​၍ ခြင်္သေ့​တွင်း​သို့ အလျင်အမြန်​သွား​လေ​၏​။ 20ဒံယေလ​ရှိ​ရာ​တွင်းဝ​နား​သို့​ရောက်လာ​သောအခါ ဝမ်းနည်း​သော​အသံ​ဖြင့် ရှင်ဘုရင်​က “​အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​ကျွန် ဒံယေလ​၊ သင် အမြဲ​ကိုးကွယ်​သော​သင်​၏​ဘုရားသခင်​သည် သင့်​ကို ခြင်္သေ့​တို့​၏​ဘေး​မှ ကယ်တင်​ပြီ​လော​”​ဟု ဒံယေလ​အား မေး​လေ​၏​။
21ဒံယေလ​က​လည်း “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။ 22အကျွန်ုပ်​၏​ဘုရားသခင်​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ ခြင်္သေ့​တို့​၏​နှုတ်​ကို​ပိတ်​ထား​သဖြင့် ခြင်္သေ့​တို့​သည် အကျွန်ုပ်​ကို အန္တရာယ်​မ​ပြု​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့​တော်​၌ အပြစ်ကင်း​ကြောင်း ထင်ရှား​ပါ​၏​။ အရှင်မင်းကြီး​ရှေ့​တွင်​လည်း မည်သည့်​ပြစ်မှု​မျှ မ​ကျူးလွန်​ခဲ့​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။
23ထိုအခါ ရှင်ဘုရင်​သည် ဝမ်းသာအားရ​ဖြစ်​လျက် ဒံယေလ​ကို တွင်း​ထဲမှ​ထုတ်ယူ​ရန်​အမိန့်ပေး​သဖြင့် ဒံယေလ​ကို တွင်း​ထဲမှ ထုတ်ယူ​ကြ​၏​။ ဒံယေလ​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သောကြောင့် သူ​၌ ထိခိုက်ဒဏ်ရာ​တစ်စုံတစ်ရာ​မျှ မ​တွေ့​ရ​ပေ​။ 24ရှင်ဘုရင်​သည် ဒံယေလ​အား စွပ်စွဲ​ခဲ့​သော​သူ​တို့​ကို ခေါ်ဆောင်​လာ​စေ​၍ ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ရန် အမိန့်ပေး​လေ​၏​။ ထို​သူ​တို့​ကို သားသမီး​၊ ဇနီး​များ​နှင့်တကွ ခြင်္သေ့​တွင်း​ထဲသို့​ပစ်ချ​လိုက်​ရာ တွင်း​အောက်ခြေ​မ​ရောက်​မီ​ပင် ခြင်္သေ့​တို့​သည် သူ​တို့​ကို ခုန်အုပ်​၍​အရိုး​ပါ​မ​ကျန် ချိုးဖဲ့ကိုက်စား​ကြ​လေ​၏​။
ဘုရားသခင်ကိုကြောက်ရွံ့ရိုသေရမည်ဟု ဒါရိမင်းကြီးအမိန့်ထုတ်ပြန်ခြင်း
25ထို့နောက် ဒါရိ​မင်းကြီး​သည် မြေ​တစ်ပြင်လုံး​ရှိ​နိုင်ငံ​အသီးသီး​မှ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​အပေါင်း​တို့​ထံသို့ စာရေး​လိုက်​၏​။ ထို​စာ​တွင် “​သင်​တို့​၌ ငြိမ်ဝပ်ချမ်းသာ တိုးပွား​ပါစေသော​။ 26ငါ့​အာဏာစက်​အောက်​ရှိ​တိုင်းနိုင်ငံ​အားလုံး​မှ လူ​အပေါင်း​တို့​သည် ဒံယေလ​၏​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​ရ​မည်​ဟု ငါ​အမိန့်​ထုတ်ပြန်​လိုက်​သည်​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၊ အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင် ဖြစ်​၏​။ နိုင်ငံ​တော်​သည်​လည်း မ​ပျက်စီး​နိုင်​၊ အာဏာစက်​သည်​လည်း ထာဝရ​တည်​တော်မူ​၏​။ 27ဒံယေလ​ကို ခြင်္သေ့​ရန်​မှ​ကယ်တင်​တော်မူ​သော​ဘုရားသခင်​သည် မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် မစ​ကယ်တင်​တော်မူ​သော​ဘုရား​၊ အံ့ဖွယ်​နိမိတ်လက္ခဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​”​ဟူ၍ ပါရှိ​၏​။
28ဤသို့ဖြင့် ဒံယေလ​သည် ဒါရိ​မင်းကြီး​လက်ထက်​နှင့် ပါးရှား​လူမျိုး​ကုရု​မင်းကြီး​လက်ထက်​တို့​တွင် ကောင်းစား​လျက်​နေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in