YouVersion Logo
Search Icon

ဒံယေလအနာဂတ္တိကျမ်း 5

5
ဗေလရှာဇာမင်းကြီး၏စားသောက်ပွဲ
1ဗေလရှာဇာ​မင်းကြီး​သည် မှူးမတ်​တစ်ထောင်​အတွက် စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၍ သူ​တို့​နှင့်အတူ စပျစ်ဝိုင်​ကို သောက်​လျက်​နေ​၏​။ 2ထိုသို့ စပျစ်ဝိုင်​သောက်​ရင်း ဗေလရှာဇာ​မင်းကြီး​သည် ဂျေရုဆလင်​ဗိမာန်တော်​မှ မိမိ​ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး သိမ်းယူ​လာ​ခဲ့​သော​ရွှေ​ဖလား​၊ ငွေ​ဖလား​တို့​ကို ယူ​ခဲ့​ရန် အမိန့်ပေး​၏​။ ရှင်ဘုရင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​နှင့် ကိုယ်လုပ်တော်​များ​သည် ထို​ဖလား​များ​ဖြင့် စပျစ်ဝိုင်​ကို သောက်​ကြ​၏​။ 3ဤသို့ဖြင့် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​တည်းဟူသော​ဗိမာန်တော်​မှ သိမ်းယူ​ခဲ့​သည့် ရွှေ​ဖလား​တို့​ကို ယူ​ခဲ့​ပြီး ရှင်ဘုရင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​နှင့် ကိုယ်လုပ်တော်​များ​သည် ထို​ဖလား​များ​ဖြင့် စပျစ်ဝိုင်​ကို သောက်​ကြ​၏​။ 4ထိုသို့ စပျစ်ဝိုင်​ကို​သောက်​ရင်း ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။
နံရံပေါ်တွင် စာရေးသောလက်
5ထိုခဏချင်း​တွင် လူ့​လက်ချောင်း​များ​ပေါ်လာ​၍ ဆီမီးခုံ​ရှေ့ နန်းတော်​၏​အင်္ဂတေ​နံရံ​ပေါ်တွင် စာရေး​နေ​၏​။ ထိုသို့​စာရေး​နေ​သော​လက်​ကို ရှင်ဘုရင် မြင်​လေ​၏​။ 6ထိုအခါ ရှင်ဘုရင်​သည် မျက်စိ​မျက်နှာပျက်​၍ တွေးတော​ထိတ်လန့်​လေ​၏​။ ခါးဆစ်​များ ပြုတ်​လုမတတ်​ဖြစ်​၍ ဒူး​များ​လည်း တုန်ရီ​နေ​၏​။ 7ရှင်ဘုရင်​သည် ဗေဒင်ဆရာ​များ​၊ ခါလဒဲ​ပညာရှိ​များ​၊ နက္ခတ်ဗေဒ​ဆရာ​များ​ကို ခေါ်သွင်း​ရန် အော်ဟစ်​ပြီးလျှင် ဘေဘီလုံ​ပညာရှိ​တို့​အား “​ဤ​စာ​ကို​ဖတ်​ပြီး အနက်အဓိပ္ပာယ်​ကို ဖွင့်ပြ​ပေး​နိုင်​သူ မည်သူမဆို ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​စေ​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ကာ တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို အုပ်ချုပ်​ခွင့်​ပေး​မည်​”​ဟု မိန့်ဆို​လေ​၏​။ 8ထိုအခါ ရှင်ဘုရင်​၏​ပညာရှိ​အပေါင်း​တို့​သည် အခစား​ဝင်​ကြ​၏​။ သို့သော် စာ​ကို မ​ဖတ်​နိုင်​၊ အနက်အဓိပ္ပာယ်​ကို​လည်း မ​ဖော်ပြ​ပေး​နိုင်​ကြ​။ 9ဗေလရှာဇာ​မင်းကြီး​လည်း ပို၍​စိုးရိမ်ထိတ်လန့်​ကာ မျက်စိ​မျက်နှာပျက်​လေ​၏​။ သူ​၏​မှူးမတ်​တို့​လည်း ကြံရာမရ​ဖြစ်​ကြ​လေ​၏​။
10မယ်တော်​က ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​၏​စကားသံ​ကို ကြား​လျှင် စားသောက်ပွဲ​ခန်းမ​ထဲသို့​ဝင်လာ​၍ “​အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။ အရှင်မင်းကြီး တွေးတော​ထိတ်လန့်​ခြင်း မ​ရှိ​ပါ​နှင့်​။ မျက်စိမျက်နှာ​လည်း မ​ပျက်​ပါ​နှင့်​။ 11အရှင်မင်းကြီး​၏​နိုင်ငံ​တော်​တွင် သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​နှင့်​ပြည့်​သော​သူ​တစ်ဦး ရှိ​ပါ​၏​။ ထို​သူ​သည် အရှင်မင်းကြီး​၏​ခမည်းတော်​လက်ထက်​ကပင် ဉာဏ်​အလင်း​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ ဘုရား​ဉာဏ်​နှင့်​တူ​သော​ဉာဏ် ရှိ​သော​သူ​အဖြစ် ကျော်ကြား​ခဲ့​၏​။ အရှင်မင်းကြီး​၏​ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အား မှော်ဆရာ​များ​၊ ဗေဒင်ဆရာ​များ​၊ ခါလဒဲ​ပညာရှိ​များ​၊ နက္ခတ်ဗေဒ​ဆရာ​များ​၏​အကြီးအမှူး​အဖြစ် ခန့်အပ်​ခဲ့​၏​။ 12ဗေလတရှာဇာ​ဟု ခမည်းတော်​က နာမည်​ပေး​ထား​သော​ဒံယေလ​၌ ထူးကဲ​သော​ဉာဏ်​၊ အသိပညာ​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ အိပ်မက်​အနက်​ကို​ဖွင့်ပြ​နိုင်​သော​ဉာဏ်​၊ စကားထာ​အနက်​ကို​ဖွင့်ပြ​နိုင်​သော​ဉာဏ်​၊ ခက်ခဲ​သော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​သော​ဉာဏ် ရှိ​ကြောင်း​သိ​ရ​ပါ​၏​။ ထို့ကြောင့် ဒံယေလ​ကို​ဆင့်ခေါ်​ပါ​။ သူ​သည် အနက်အဓိပ္ပာယ်​ကို​ဖော်ပြ​ပေး​ပါ​လိမ့်မည်​”​ဟု ဆို​လေ​၏​။
ဒံယေလအား ရှင်ဘုရင်ရှေ့တော်သို့ ခေါ်ဆောင်လာခြင်း
13ဤသို့ဖြင့် ဒံယေလ​ကို အထံ​တော်​သို့ ခေါ်ဆောင်​လာ​ရာ ရှင်ဘုရင်​က ဒံယေလ​အား “​သင်​သည် ငါ့​ခမည်းတော် ယုဒ​ပြည်​မှ​ခေါ်ဆောင်​လာ​သော​ယုဒ​သုံ့ပန်း ဒံယေလ​လော​။ 14သင်​၌ ဘုရား​များ​၏​ဝိညာဉ်​တည်​ကြောင်း​၊ သင်​သည် ဉာဏ်​အလင်း​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ ထူးကဲ​သော​ဉာဏ်​ရှိ​သော​သူ​အဖြစ် ကျော်ကြား​ခဲ့​ကြောင်း​ကို ငါ​ကြားသိ​ရ​၏​။ 15ငါ​သည် ပညာရှိ​များ​၊ ဗေဒင်ဆရာ​များ​ကို အခစား​ဝင်​စေ​၍ ထို​စာ​ကို​ဖတ်​ပြီး အနက်အဓိပ္ပာယ်​ဖော်ပြ​စေ​သော်လည်း မည်သူ​မျှ ထို​စာ​၏​အနက်အဓိပ္ပာယ်​ကို မ​ဖွင့်ပြ​ပေး​နိုင်​ကြ​။ 16သင်​သည် အနက်အဓိပ္ပာယ်​များ​ကို ဖွင့်ပြ​ပေး​နိုင်​ကြောင်း​၊ ခက်ခဲ​သော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​ကြောင်း​ကို ငါ​ကြားသိ​ရ​၏​။ ယခု သင်​သည် ထို​စာ​ကို​ဖတ်​၍ ငါ့​အား အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပေး​နိုင်​လျှင် ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ကာ တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို အုပ်ချုပ်​ခွင့်​ရ​မည်”​ဟု မိန့်ဆို​၏​။
17ဒံယေလ​က​လည်း “​အရှင်မင်းကြီး​၏​လက်ဆောင်​များ ရှိ​ပါလေစေ​။ ဆုလာဘ်​များ​ကို​လည်း အခြား​သူ​များ​အား ပေး​ပါ​။ ထို​စာ​ကို​ဖတ်​၍ အနက်အဓိပ္ပာယ်​ကို အရှင်မင်းကြီး​အား ဖော်ပြ​ပေး​ပါ​မည်​။ 18အို အရှင်မင်းကြီး​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် အရှင်မင်းကြီး​၏​ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး​အား နိုင်ငံ​တော်​နှင့်တကွ ဘုန်းတန်ခိုး​၊ ဂုဏ်သရေ​၊ ခန့်ညားထည်ဝါမှု​တို့​ကို ပေး​တော်မူ​၏​။ 19ထိုသို့ ဘုန်းတန်ခိုး​ကို ပေး​တော်မူ​သောကြောင့် နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် သူ​၏​ရှေ့​တွင် ကြောက်ရွံ့​တုန်လှုပ်​ကြ​ရ​ပါ​၏​။ သူ​သည် သတ်​လို​သော​သူ​ကို သတ်​၍ အသက်ချမ်းသာ​ပေး​လို​သော​သူ​ကို ပေး​ပါ​၏​။ ချီးမြှောက်​လို​သော​သူ​ကို ချီးမြှောက်​၍ နှိမ့်ချ​လို​သော​သူ​ကို နှိမ့်ချ​ပါ​၏​။ 20သူ​သည် မာနထောင်လွှား​ပြီး မောက်မာ​ခက်ထန်​လာ​သောအခါ ရာဇ​ပလ္လင်​မှ​ဖြုတ်ချ​ခံရ​ပြီး သူ့​ဂုဏ်သရေ​လည်း ရုပ်သိမ်း​သွား​ခြင်း ခံရ​၏​။ 21သူ​သည် လူ့​အသိုင်းအဝိုင်း​ထဲမှ နှင်ထုတ်​ခြင်း​ခံရ​၍ သူ​၏​စိတ်​သည် တိရစ္ဆာန်​စိတ်​ကဲ့သို့​ဖြစ်လာ​ပြီး မြည်းရိုင်း​တို့​နှင့်အတူ နေ​ခဲ့​ရ​ပါ​၏​။ အမြင့်ဆုံး​သော​ဘုရားသခင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း သူ​သိမှတ်​သည့်​တိုင်အောင် သူ​သည် နွား​ကဲ့သို့​မြက်​ကို​စား​၍ ကိုယ်​သည်​လည်း မိုးကောင်းကင်​နှင်း​များ​နှင့် စို​၍​နေ​ခဲ့​ရ​ပါ​၏​။
22သို့သော် သူ​၏​သား​တော်​ဖြစ်​သူ အရှင်​ဗေလရှာဇာ​၊ သင်​သည် ထို​အမှု​အလုံးစုံ​ကို သိ​လျက်ပင် စိတ်နှလုံး​မ​နှိမ့်ချ​ဘဲ 23ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။ 24ထို့ကြောင့် ထို​အရှင်​သည် လက်​တစ်ဖက်​ကို​စေလွှတ်​၍ ထို​စာ​ကို​ရေး​စေ​တော်မူ​ခြင်း ဖြစ်​၏​။
ရေးထားသောစာ၏အနက်အဓိပ္ပာယ်
25ရေး​ထား​သော​စာ​မှာ ‘​မေနေ မေနေ တေကလ ဖေရက်​’​ဟူ၍​ဖြစ်​ပါ​၏​။ 26ထို​စာ​၏​အနက်အဓိပ္ပာယ်​မှာ ဤသို့​ဖြစ်​၏​။ ‘​မေနေ​’ ဟူသည်မှာ ဘုရားသခင်​က အရှင်မင်းကြီး​အုပ်စိုး​ခဲ့​သော​နေ့ရက်​များ​ကို ရေတွက်​ပြီး အဆုံးသတ်​စေ​ပြီ​ဟု အနက်​ရ​၏​၊ 27‘တေကလ​’ ဟူသည်မှာ အရှင်မင်းကြီး​ကို ချိန်ခွင်​တွင်​ချိန်​ကြည့်​သောအခါ အလေးချိန်​လျော့​နေ​သည်​ကို တွေ့​တော်မူ​ပြီ​ဟု အနက်​ရ​၏​၊ 28‘​ဖေရက်​’ ဟူသည်မှာ အရှင်မင်းကြီး​၏​နိုင်ငံ​ကို ခွဲ​ပြီး မေဒိ​နှင့် ပါးရှား​လူမျိုး​တို့​အား ပေး​တော်မူ​ပြီ​ဟူ၍ အနက်ရ​၏​”​ဟု ရှင်ဘုရင်​ရှေ့​၌ လျှောက်ထား​လေ​၏​။
29ထိုအခါ ဗေလရှာဇာ​မင်းကြီး​အမိန့်ပေး​သဖြင့် ဒံယေလ​အား ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​ပေး​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ပေး​ပြီး တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို​အုပ်ချုပ်​ခွင့်​ရှိ​သူ​ဖြစ်ကြောင်း ကြေညာ​ကြ​လေ​၏​။
30ထို​ည​တွင်​ပင် ခါလဒဲ​ဘုရင် ဗေလရှာဇာ​မင်းကြီး ကွပ်မျက်​ခံရ​လေ​၏​။ 31မေဒိ​ဘုရင် ဒါရိ​မင်းကြီး​သည် အသက်​ခြောက်ဆယ့်​နှစ်​နှစ်​ခန့်​တွင် ထို​နိုင်ငံ​ကို သိမ်းယူ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဒံယေလအနာဂတ္တိကျမ်း 5