YouVersion Logo
Search Icon

ဒံယေလအနာဂတ္တိကျမ်း 4

4
နေဗုခဒ်နေဇာမင်းကြီး၏ကြေညာချက်
1နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ကို​ပြောဆို​သော ကမ္ဘာ​အရပ်ရပ်​ရှိ​လူမျိုး​အပေါင်း​တို့​ထံသို့ ငါ​နေဗုခဒ်နေဇာ​မင်းကြီး ပြောကြား​လိုက်​ပါ​၏​။ သင်​တို့ ကြီးပွား​တိုးတက်​ကြ​ပါစေသော​။ 2ငါ့​အား အမြင့်ဆုံး​သော​ဘုရားသခင် ပြ​တော်မူ​သော နိမိတ်လက္ခဏာ​၊ အံ့ဖွယ်​အမှု​တို့​ကို ဖော်ပြ​လို​ပါ​၏​။ 3ကိုယ်တော်​ပြု​တော်မူ​သော​နိမိတ်လက္ခဏာ​သည် ကြီးမား​လှ​ပါ​၏​။ အံ့ဖွယ်​သော​အမှု​တို့​သည်​လည်း တန်ခိုး​ပါရှိ​၏​။ နိုင်ငံ​တော်​သည် ထာဝရ​တည်​သော​နိုင်ငံ ဖြစ်​၏​။ အာဏာစက်​သည် ကာလ​အစဉ်အဆက် တည်​တော်မူ​၏​။
အိပ်မက်
4ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ငါ့​စံအိမ်​တွင် နားနားနေနေ​ရှိ​စဉ်​၊ ငါ့​နန်းတော်​တွင် စည်းစိမ်​ခံစား​လျက်​နေ​စဉ်​၊ 5အိပ်မက်​တစ်​ခု​ကို မြင်မက်​၏​။ ထို​အိပ်မက်​သည် ငါ့​ကို ခြောက်လှန့်​၏​။ သလွန်တော်​ပေါ်တွင်​လဲလျောင်း​နေစဉ် တွေးမိ​သော​အတွေး​၊ စိတ်အာရုံ​တွင် မြင်​ရ​သော​အရာ​တို့​က ငါ့​ကို ထိတ်လန့်​စေ​၏​။ 6ထို့ကြောင့် အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ငါ့​အား ဖော်ပြ​ရန် ဘေဘီလုံ​ပညာရှိ​အပေါင်း​တို့​ကို ငါ့​ရှေ့မှောက်​သို့ သွင်း​စေ​ဟု အမိန့်​ထုတ်ပြန်​လိုက်​၏​။ 7မှော်ဆရာ​များ​၊ ဗေဒင်ဆရာ​များ​၊ ခါလဒဲ​ပညာရှိ​များ​၊ နက္ခတ်ဗေဒ​ပညာရှင်​များ​အား ငါ့​အိပ်မက်​ကို ပြောပြ​သော်လည်း မည်သူ​မျှ​အိပ်မက်​အနက်အဓိပ္ပာယ်​ကို မ​ဖော်ပြ​ပေး​နိုင်​ကြ​။
8နောက်ဆုံး​တွင် သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​နှင့်​ပြည့်​သော​၊ ငါ့​ဘုရား​၏​နာမ​အတိုင်း အမည်​သစ်​ရ​သော​ဗေလတရှာဇာ ခေါ် ဒံယေလ​သည် ငါ့​ထံ​ရောက်လာ​၏​။ ငါ​သည်​လည်း သူ့​အား 9“​အို မှော်ဆရာချုပ်ကြီး​ဗေလတရှာဇာ​၊ သင်​၌ သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​တည်​သောကြောင့် မည်သည့်​နက်နဲသောအရာ​မျှ သင့်​အတွက် မ​ခက်ခဲ​ကြောင်း​ကို ငါ​သိ​၏​။ ထို့ကြောင့် စိတ်အာရုံ​တွင် ငါ​မြင်မက်​သော​အိပ်မက်​နှင့် အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပါ​လော့​။ 10ငါ​သည် သလွန်တော်​ပေါ်တွင် တွေးတော​လျက်​နေစဉ် စိတ်အာရုံ​တွင် ကမ္ဘာမြေကြီး​၏​အလယ်ဗဟို​၌ အလွန်​မြင့်မား​သော​သစ်ပင်​တစ်​ပင်​ကို ငါ​မြင်​ရ​၏​။ 11ထို​အပင်​သည် ရှင်သန်​ကြီးထွား​လျက် မိုး​ထိ​အောင်​မြင့်​သဖြင့် မြေကြီး​စွန်း​မှ​ပင် ထီးထီးကြီး​မြင်​ရ​၏​။ 12အရွက်​များ ဝေဆာ​လှပ​ပြီး အသီး​လည်း လှိုင်လှိုင်သီး​သောကြောင့် ထို​အပင်​ကို မှီခို​သော​သတ္တဝါ​အားလုံး စားစရာ​ရရှိ​ကြ​၏​။ တောတိရစ္ဆာန်​တို့​သည် ထို​အပင်​အောက်​၌ အရိပ်ခို​ကြ​ပြီး မိုးကောင်းကင်​ငှက်​တို့​သည်​လည်း ထို​အပင်​၏​အကိုင်းအခက်​များ​တွင် အသိုက်​ကို​လုပ်​ကြ​၏​။ သက်ရှိသတ္တဝါ​အားလုံး​တို့​သည် ထို​အပင်​ကို မှီခို​စားသုံး​ကြ​၏​။
13သလွန်တော်​ပေါ်တွင် တွေးတော​လျက်​နေစဉ် တစ်ဖန် စိတ်အာရုံ​တွင် မြင်​ရ​ပြန်​၏​။ သန့်ရှင်း​သူ​ကောင်းကင်တမန်​တစ်ပါး​သည် ကောင်းကင်​မှ​ဆင်းသက်​လာ​ပြီး 14ကျယ်လောင်​စွာ အော်ဟစ်​လျက် ‘​ဤ​သစ်ပင်​ကို ခုတ်လှဲ​ပစ်​လော့​။ အကိုင်းအခက်​များ​ကို​လည်း ခုတ်ဖြတ်​ပစ်​လော့​။ အရွက်​များ​ကို ခြွေချ​ပြီး အသီး​များ​ကို​လည်း ဖြန့်ကြဲ​ပစ်​လော့​။ တောတိရစ္ဆာန်​တို့​သည် ထို​အပင်​အောက်​မှ​လည်းကောင်း​၊ ငှက်​တို့​သည် အကိုင်းအခက်​တို့​မှ​လည်းကောင်း ထွက်ပြေး​ကြ​ပါစေ​။ 15မြေ​တွင်​စွဲ​နေ​သော​အမြစ်​နှင့်​အငုတ်​ကို သံကြိုး​၊ ကြေးနီ​တို့​ဖြင့် ချည်နှောင်​၍ မြက်နု​များ​ပေါက်​ရာ​ကွင်းပြင်​တွင် ချန်ထား​လော့​။ မိုးကောင်းကင်​နှင်း​များ စို​ပါစေ​။ တိရစ္ဆာန်​တို့​နှင့်အတူ မြက်ပင်​ကို အတူ​စား​စေ​။ 16ခုနစ်​နှစ်​ပတ်လုံး လူ​စိတ်​ပျောက်​၍ တိရစ္ဆာန်​စိတ်​ဖြင့် နေထိုင်​စေ​။ 17ဤသည်ကား ကောင်းကင်တမန်​တို့​ကြေညာ​သော စီရင်ချက်​ဖြစ်​၏​။ သန့်ရှင်း​သူ​တို့​၏​စကား​လည်း ဖြစ်​၏​။ အမြင့်ဆုံး​သော​အရှင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​အား ပေး​တော်မူ​ကြောင်း​နှင့် အနိမ့်ဆုံး​သော​သူ​ကို​ပင် အုပ်စိုးခွင့်​ပေး​တော်မူ​ကြောင်း​ကို အသက်ရှင်​သူ​တို့ သိ​စေရန် ဖြစ်​၏’​ဟု ဆို​လေ​၏​။
18ဤသည်ကား ငါ​နေဗုခဒ်နေဇာ​မင်းကြီး မြင်မက်​သော​အိပ်မက်​ဖြစ်​၏​။ ယခုတွင် အသင်​ဗေလတရှာဇာ​၊ ငါ့​အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပါ​လော့​။ ငါ့​နိုင်ငံ​မှ ပညာရှိ​အပေါင်း​တို့​သည် ငါ့​အိပ်မက်​အနက်အဓိပ္ပာယ်​ကို မ​ဖော်ပြ​နိုင်​ကြ​။ သင်​မူကား သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​သည် သင်​၌​တည်​သောကြောင့် ဖော်ပြ​နိုင်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။
အိပ်မက်အနက်ကိုဖွင့်ပြခြင်း
19ဗေလတရှာဇာ ခေါ် ဒံယေလ​လည်း အနည်းငယ်​မျှ​တွေဝေ​နေ​၏​။ တွေး​ပြီး ထိတ်လန့်​နေ​၏​။ ရှင်ဘုရင်​က​လည်း “​ဗေလတရှာဇာ​၊ အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ် ဖော်ပြ​ရ​မည်​ကို မ​စိုးရိမ်​ပါ​နှင့်​”​ဟု မိန့်ဆို​လျှင် ဗေလတရှာဇာ​က “​အရှင်​မင်းကြီး​၊ ဤ​အိပ်မက်​သည် မင်းကြီး​ကို​မုန်း​သော​သူ​များ​အတွက်​သာ ဖြစ်​ပါစေသော​၊ အိပ်မက်​အနက်အဓိပ္ပာယ်​သည်​လည်း မင်းကြီး​၏​ရန်သူ​များ​အတွက်​သာ ဖြစ်​ပါစေသော​။ 20အရှင်မင်းကြီး​မြင်မက်​သော​၊ ရှင်သန်​ကြီးထွား​လျက် မိုး​ထိ​အောင်​မြင့်​သဖြင့် မြေကြီး​စွန်း​မှ ထီးထီးကြီး​မြင်​ရ​သော​၊ 21အရွက်​များ ဝေဆာ​လှပ​ပြီး အသီး​လည်း လှိုင်လှိုင်သီး​သောကြောင့် မှီခို​သော​သတ္တဝါ​အားလုံး​အဖို့ စားစရာ​ရရှိ​စေ​သော​၊ တောတိရစ္ဆာန်​တို့​သည် အရိပ်​၌​ခို​ကြ​ပြီး မိုးကောင်းကင်​ငှက်​တို့​သည်​လည်း အကိုင်းအခက်​များ​တွင်​အသိုက်​လုပ်​၍​ရ​သော ထို​အပင်​သည်​ကား 22အရှင်မင်းကြီး​ပင် ဖြစ်​၏​။ အရှင်​သည် တိုးပွား​ချမ်းသာ​၍ အင်အားကြီးမား​ပါ​၏​။ အရှင်​၏​ဘုန်းတန်ခိုး​သည် မိုး​ထိ​အောင် ရောက်​ပါ​၏​။ အာဏာစက်​သည်​လည်း မြေကြီး​စွန်း​ထိ ရောက်​ပါ​၏​။
23ထို့ပြင် သန့်ရှင်း​သူ​ကောင်းကင်တမန်​တစ်​ပါး​သည် ကောင်းကင်​မှ​ဆင်းသက်​လာ​ပြီး ‘​ဤ​သစ်ပင်​ကို ခုတ်လှဲ​ဖျက်ဆီး​ပစ်​လော့​။ သို့သော် မြေကြီး​ထဲ​စွဲ​နေ​သော​အမြစ်​နှင့်​အငုတ်​ကို သံကြိုး​၊ ကြေးနီ​တို့​ဖြင့် ချည်နှောင်​၍ မြက်နု​များ​ပေါက်​ရာ​ကွင်းပြင်​တွင် ချန်ထား​လော့​။ မိုးကောင်းကင်​နှင်း​များ စို​ပါစေ​။ တောတိရစ္ဆာန်​တို့​နှင့်အတူ ခုနစ်​နှစ်​ပတ်လုံး မြက်ပင်​ကို အတူ​စား​ပါစေ​’​ဟု မိန့်ဆို​သည်​ကို အရှင်မင်းကြီး မြင်မက်​ပါ​၏​။ 24အို အရှင်မင်းကြီး​၊ အရှင်မင်းကြီး​၏​အိပ်မက်​အနက်အဓိပ္ပာယ်​နှင့် အကျွန်ုပ်​၏​အရှင်​မင်းကြီး​အပေါ် ကျရောက်​လာ​မည့် အမြင့်ဆုံး​သော​အရှင်​၏​အမိန့်​တော်​ကား ဤသို့ ဖြစ်​၏​။ 25အရှင်မင်းကြီး​သည် လူ့​အသိုင်းအဝိုင်း​မှ နှင်ထုတ်​ခံရ​ပြီး တောတိရစ္ဆာန်​တို့​နှင့်အတူ နေထိုင်​ရ​လိမ့်မည်​။ နွား​ကဲ့သို့ မြက်​ကို​စား​ရ​လိမ့်မည်​။ မိုးကောင်းကင်​နှင်း​များ​နှင့် စို​လျက်​နေ​လိမ့်မည်​။ အမြင့်ဆုံး​သော​အရှင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း အရှင်မင်းကြီး သိမှတ်​သည့်​တိုင်အောင် ခုနစ်​နှစ်​ပတ်လုံး နေထိုင်​ကျော်လွှား​ရ​လိမ့်မည်​။ 26သစ်ပင်​၏​အမြစ်​နှင့်​အငုတ်​ကို ချန်ထား​ရန် မှာထား​ခြင်း​မှာ ကောင်းကင်ဘုံရှင်​သည် အုပ်စိုးပိုင်သ​သူ​ဖြစ်ကြောင်း​ကို အရှင်​သိမှတ်​တော်မူ​သောအခါ အရှင့်​နိုင်ငံ​အား ပြန်​အုပ်ချုပ်​ရ​မည်​ကို ဆိုလို​ပါ​၏​။ 27သို့ဖြစ်၍ အို အရှင်မင်းကြီး​၊ အကျွန်ုပ်​အကြံပေး​သည်​ကို လက်ခံ​ပါ​။ ဖြောင့်မတ်​စွာ​ပြု​၍ အပြစ်​ကို​ရှောင်ကြဉ်​ပါ​။ ဆင်းရဲသား​တို့​ကို သနား​၍ မတရားမှု​များ​ကို စွန့်ပစ်​ပါ​။ သို့ပြုလျှင် မင်းကြီး​၏​နန်းစည်းစိမ်​သည် တာရှည်​တည်​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။
ပြစ်ဒဏ်စီရင်သည့်အတိုင်း ဖြစ်လာခြင်း
28ဤသို့​လျှောက်ထား​သော​အရာ​အားလုံး​သည်​လည်း နေဗုခဒ်နေဇာ​မင်းကြီး​၌ ဖြစ်ပျက်​လာ​လေ​၏​။ 29ထိုမှ တစ်ဆယ့်​နှစ်​လ​လွန်​သော် မင်းကြီး​သည် ဘေဘီလုံ​နန်းတော်​ပေါ်တွင် လမ်းလျှောက်​ရင်း 30“​ဤ​ဘေဘီလုံ​မြို့​ကြီး​သည် ငါ​၏​ခန့်ညား​သော​ဂုဏ်သရေ​ကို ထင်ဟပ်​ပြ​ရာ မင်း​မြို့​တော်​အဖြစ် ငါ့​အစွမ်းသတ္တိ​၊ ငါ့​တန်ခိုး​အာဏာ​ဖြင့် တည်ဆောက်​ခဲ့​သော​မြို့​ကြီး​ဖြစ်​သည် မ​ဟုတ်​လော​”​ဟု မြွက်ဆို​၏​။
31ထိုသို့​မြွက်ဆို​၍ မ​ဆုံး​မီ​ပင် “​နေဗုခဒ်နေဇာ​မင်းကြီး​၊ သင့်​အတွက် အမိန့်​တော်​ကား နိုင်ငံ​တော်​ကို သင့်​ထံမှ ရုပ်သိမ်း​လိုက်​ပြီ​။ 32သင်​သည် လူ့​အသိုင်းအဝိုင်း​မှ နှင်ထုတ်​ခြင်း​ခံရ​ပြီး တောတိရစ္ဆာန်​တို့​နှင့်အတူ နေထိုင်​ရ​မည်​။ နွား​ကဲ့သို့ မြက်​ကို​စား​ရ​မည်​။ အမြင့်ဆုံး​သော​အရှင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း သင်​သိမှတ်​သည့်​တိုင်အောင် ခုနစ်​နှစ်​ပတ်လုံး နေထိုင်​ကျော်လွှား​ရ​မည်​”​ဟု ကောင်းကင်​မှ အသံ​တော်​ရောက်လာ​၏​။
33ထိုခဏချင်း​တွင် နေဗုခဒ်နေဇာ​မင်းကြီး​၌ အမိန့်​တော်​အတိုင်း ဖြစ်ပျက်​လေ​၏​။ သူ​သည် လူ့​အသိုင်းအဝိုင်း​မှ နှင်ထုတ်​ခြင်း​ခံရ​၍ နွား​ကဲ့သို့ မြက်​ကို​စား​ရ​၏​။ သူ့​အမွေး​တို့​သည် လင်းယုန်ငှက်​အမွေး​ကဲ့သို့ ရှည်​လာ​၍ လက်သည်းခြေသည်း​တို့​သည်​လည်း ငှက်​ခြေသည်း​ကဲ့သို့ ဖြစ်လာ​သည့်​တိုင်အောင် သူ့​ကိုယ်​သည် ကောင်းကင်​နှင်းစက်​ဖြင့် စိုစွတ်​လျက်​နေ​ရ​၏​။
နေဗုခဒ်နေဇာမင်းကြီး၏ချီးမွမ်းခြင်း
34အချိန်စေ့​သောအခါ ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ကောင်းကင်​သို့​မော့ကြည့်​၍ လူ့စိတ်​ပြန်ဝင်​လေ​၏​။ ထို့ကြောင့် အမြင့်ဆုံး​သော​အရှင်​ကို ချီးမွမ်း​၏​။ ထာဝရ​အသက်ရှင်​တော်မူ​သော​အရှင်​၏​ဂုဏ်တော်​၊ ဘုန်းအသရေ​တော်​ကို ချီးမြှောက်​၏​။ ကိုယ်တော်​၏​အာဏာစက်​သည် ထာဝရ​အာဏာစက် ဖြစ်​၏​။ ကိုယ်တော်​၏​နိုင်ငံ​တော်​သည်​လည်း ကာလ​အစဉ်​တည်​၏​။ 35မြေကြီးသား​တို့​ကို ဘာမျှ​မ​ဟုတ်​သော​အရာ​ကဲ့သို့ မှတ်​တော်မူ​၏​။ ကောင်းကင်သား​ကို​ဖြစ်စေ​၊ မြေကြီးသား​ကို​ဖြစ်စေ အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​၏​။ ကိုယ်တော်​၏​လက်​တော်​ကို ဆီးတား​နိုင်​သော​သူ​မ​ရှိ​။ “ကိုယ်တော် မည်သို့​ပြု​ဘိ​သနည်း​”​ဟု ဆို​နိုင်​သော​သူ​မ​ရှိ​။ 36ငါ လူစိတ်​ပြန်ဝင်​သော​အချိန်​တွင် ငါ့​နိုင်ငံ​တော်​ကြီး ကျက်သရေ​ရှိ​စေရန် ခန့်ညားထည်ဝါ​သော​ငါ့​အရိုက်အရာ​ကို​လည်း ငါ​ပြန်လည်​ရရှိ​၏​။ မင်း​အတိုင်ပင်ခံ​များ​၊ မှူးမတ်​များ​လည်း ငါ့​အား​ရှာဖွေ​၍ ထီးနန်း​ကို​ပြန်လည်​အပ်နှင်း​ပေး​ကြ​၏​။ ငါ့​ဘုန်းတန်ခိုး​သည်​လည်း တိုးသည်ထက်တိုး​လေ​၏​။ 37ယခု​တွင် ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ကောင်းကင်ဘုံ​ရှင်ဘုရင်​ကို ချီးမွမ်း​ထောမနာပြု​ပါ​၏​၊ ချီးမြှောက်​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် သစ္စာ​တော်​နှင့်​ပြည့်စုံ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် တရားမျှတ​တော်မူ​၏​။ ကိုယ်တော်​သည် မာနထောင်လွှား​သော​သူ​တို့​ကို နှိမ့်ချ​နိုင်စွမ်း​ရှိ​တော်မူ​ပါ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဒံယေလအနာဂတ္တိကျမ်း 4