YouVersion Logo
Search Icon

ဒံယေလအနာဂတ္တိကျမ်း 1

1
ဘေဘီလုံပြည်သို့ ဒံယေလဖမ်းခေါ်သွားခံရခြင်း
1ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​တတိယ​နှစ်​တွင် ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့ ချီတက်​၍ မြို့​ကို​ဝိုင်းထား​၏​။ 2ဘုရားရှင်​သည် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်တကွ ဘုရားသခင်​၏​အိမ်​တော်​တန်ဆာပလာ​အချို့​ကို နေဗုခဒ်နေဇာ​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ရှင်ဘုရင်​သည်​လည်း ထို​အရာ​တို့​ကို ရှိနာ​ပြည်​ရှိ မိမိ​ဘုရား​များ​၏​ဗိမာန်​သို့​ယူဆောင်​သွား​၍ ထို​တန်ဆာပလာ​တို့​ကို မိမိ​ဘုရား​အများ​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ထား​လေ​၏​။
3ထို့နောက် ရှင်ဘုရင်​သည် နန်းတော်အုပ် အာရှာပေနတ်​ကို​ခေါ်​၍ အစ္စရေး​အမျိုးသား မင်းမျိုးမင်းနွယ်​၊ မှူးမျိုးမတ်နွယ်​တို့​ထဲမှ 4ကိုယ်အင်္ဂါ​မ​ချို့ယွင်း​သူ​၊ ကိုယ်ခန္ဓာ​သန်မာ​ထွားကျိုင်း​သူ​၊ ဘက်စုံထူးချွန်​သူ​၊ အသိပညာ​ကြွယ်ဝ​သူ​၊ နန်းတွင်း​၌​အမှုထမ်း​နိုင်စွမ်း​သူ လူငယ်​တို့​ကို ခါလဒဲ​စာပေ​နှင့် ဘာသာစကား​ကို သင်ကြား​ပေး​ရန် အမိန့်ပေး​လေ​၏​။ 5ရှင်ဘုရင်​သည် ထို​သူ​တို့​အား ဘုရင်​စား​သော​အစားအစာ​၊ ဘုရင်​သောက်​သော​စပျစ်ဝိုင်​ကို နေ့စဉ်​ကျွေးမွေး​၍ သုံး​နှစ်​တိုင်တိုင် သင်ကြားလေ့ကျင့်​ပေး​စေ​၏​။ သုံး​နှစ်​စေ့​သောအခါ ဘုရင့်​ရှေ့​တော်​တွင် အမှုထမ်း​ရန် စီရင်​၏​။ 6ထို​သူ​တို့​ထဲတွင် ယုဒ​အမျိုးသား​ထဲမှ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ တို့​ပါ​၏​။ 7နန်းတော်အုပ်​က သူ​တို့​အား နာမည်​သစ်​များ​ပေး​၏​။ ဒံယေလ​ကို ဗေလတရှာဇာ​၊ ဟာနနိယ​ကို ရှာဒရက်​၊ မိရှေလ​ကို မေရှက်​၊ အာဇရိ​ကို အဗေဒနေဂေါ ဟု​အမည်ပေး​၏​။
သစ္စာရှိခြင်း
8ဒံယေလ​သည် ဘုရင့်​အစားအစာ​နှင့် ဘုရင်​သောက်​သော​စပျစ်ဝိုင်​တို့​ဖြင့် မိမိကိုယ်ကို​မ​ညစ်ညူး​စေရန် စိတ်ပိုင်းဖြတ်​ထား​သဖြင့် ထို​အရာ​တို့​ဖြင့် မိမိကိုယ်ကို​ညစ်ညူး​အောင်​မ​ပြု​ပါရစေ​နှင့်​ဟု နန်းတော်အုပ်​ထံ အခွင့်တောင်း​လေ​၏​။ 9နန်းတော်အုပ်​သည် ဒံယေလ​အား ကျေးဇူးပြု​လို​သော​စိတ်​၊ သနား​လို​သော​စိတ်​ရှိ​အောင် ဘုရားသခင်​ပြု​ပေး​တော်မူ​၏​။ 10နန်းတော်အုပ်​က​လည်း ဒံယေလ​အား “​သင်​တို့​စား​သောက်​ရန် ကြီးကြပ်​စီမံ​ပေး​သော ငါ့​အရှင်​ဘုရင်​ကို ငါ​ကြောက်​၏​။ သင်​တို့​မျက်နှာ​သည် သင်​တို့​နှင့်​သက်တူရွယ်တူ​လူငယ်​တို့​၏​မျက်နှာ​နှင့်​မ​တူ ညှိုးငယ်​နေ​မည်​ကို အဘယ်ကြောင့် သူ့​ကို မြင်​စေ​မည်နည်း​။ သို့ဖြစ်လျှင် ငါ​သည် ဘုရင်​ထံမှ အပြစ်ဒဏ်​ခံရ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။
11ထိုအခါ ဒံယေလ​က မိမိ​အပါအဝင် ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကို ကြည့်ရှု​ပေး​ရန် နန်းတော်အုပ်​ခန့်ထား​သော​စားတော်ကဲ​ထံ​သွား​၍ 12“​အသင့်​အစေအပါး​တို့​အား ဟင်းသီးဟင်းရွက်​ကို​သာ​ကျွေး​၍ ရေ​ကို​သာ​တိုက်​ခြင်း​ဖြင့် ဆယ်​ရက်​စမ်းသပ်​ကြည့်​ပါ​။ 13ထို့နောက် အကျွန်ုပ်​တို့​၏​ရုပ်ဆင်းသွင်ပြင်​နှင့် ဘုရင့်​အစားအစာ​ကို​စား​သော​လူငယ်​တို့​၏​ရုပ်ဆင်းသွင်ပြင်​ကို ယှဉ်ကြည့်​ပါ​။ သို့ပြီးမှ အသင်​မြင်​သည့်​အတိုင်း အသင့်​ကျွန်​တို့​ကို စီရင်​ပါ​”​ဟု ဆို​၏​။ 14စားတော်ကဲ​သည်​လည်း ဒံယေလ​စကား​ကို သဘောတူ​၍ ဆယ်​ရက်​စမ်းသပ်​လေ​၏​။ 15ဆယ်​ရက်​စေ့​သောအခါ သူ​တို့​၏​ရုပ်ဆင်းသွင်ပြင်​သည် ဘုရင့်​အစားအစာ​ကို​စား​သော​အခြား​လူငယ်​တို့​ထက် ပို၍​ကျန်းမာ​ကြံ့ခိုင်​သည်​ကို တွေ့​ရ​၏​။ 16ထိုအခါ စားတော်ကဲ​သည် သူ​တို့​စား​ဖို့​အစာ​၊ သောက်​ဖို့​စပျစ်ဝိုင်​တို့​အစား သူ​တို့​အား ဟင်းသီးဟင်းရွက်​များ​ကို​သာ ကျွေး​လေ​၏​။
သစ္စာရှိခြင်းအကျိုး
17ဘုရားသခင်​သည် ထို​လူငယ်​လေး​ဦး​အား ထိုးထွင်းဉာဏ်​၊ စာပေကျမ်းဂန်​အလုံးစုံ​ကို နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​၏​။ ထို့ပြင် ဒံယေလ​ကို ဗျာဒိတ်နိမိတ်​နှင့် အိပ်မက်​အနက်​ကို နားလည်​နိုင်​သော​ဉာဏ်​ကို​လည်း ပေး​သေး​၏​။ 18ဤသို့ဖြင့် သူ​တို့​ကို ဘုရင့်​ရှေ့​တော်​သွင်း​ရ​မည့်​နေ့​ရောက်လာ​သောအခါ နန်းတော်အုပ်​သည် သူ​တို့​ကို နေဗုခဒ်နေဇာ​မင်းကြီး​ရှေ့​တော်​သို့ ခေါ်ဆောင်​လာ​၏​။ 19ရှင်ဘုရင်​သည် သူ​တို့​နှင့်​အပြန်အလှန်​ပြောဆို​ကြည့်​သောအခါ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကဲ့သို့သော​သူ တစ်ယောက်​မျှ​မ​တွေ့​။ ထို့ကြောင့် သူ​တို့​သည် ဘုရင့်​ထံပါး​၌ ခစား​ခွင့်​ရ​လေ​၏​။ 20ရှင်ဘုရင်​မေးမြန်း​သမျှ​သော​ဉာဏ်စမ်း​မေးခွန်း​တို့​ကို ဖြေကြား​ရာ​တွင် သူ​တို့​သည် တစ်နိုင်ငံလုံး​ရှိ​နတ်ဝိဇ္ဇာဆရာ​များ​၊ ဂမ္ဘီရဆရာ​များ​ထက် ဆယ်​ဆ​မက သာ​သည်​ကို ရှင်ဘုရင်​တွေ့​ရ​၏​။ 21ဒံယေလ​သည် ကုရု​မင်းကြီး​နန်းစံ​ပထမ​နှစ်​တိုင်အောင် ရှိ​နေ​ခဲ့​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဒံယေလအနာဂတ္တိကျမ်း 1