YouVersion Logo
Search Icon

ဒံယေလအနာဂတ္တိကျမ်း 2

2
နေဗုခဒ်နေဇာမင်းကြီး၏အိပ်မက်
1နေဗုခဒ်နေဇာ​မင်းကြီး​သည် နန်းစံ​ဒုတိယ​နှစ်​တွင် အိပ်မက်​မက်​သဖြင့် စိတ်သောက​ရောက်​၍ စက်တော်​မ​ခေါ်​နိုင်​ဘဲ​ဖြစ်​၏​။ 2ထို့ကြောင့် ရှင်ဘုရင်​၏​အိပ်မက်​များ​ကို ဖော်ပြ​ရန် ရှင်ဘုရင်​သည် နတ်ဝိဇ္ဇာဆရာ​များ​၊ ဂမ္ဘီရဆရာ​များ​၊ မှော်ဆရာ​များ​နှင့်​ခါလဒဲ​ပညာရှိ​တို့​ကို ဆင့်ခေါ်​စေ​၏​။ သူ​တို့​သည်​လည်း ရှင်ဘုရင်​ရှေ့မှောက်​၌ လာ​၍​ရပ်​နေ​ကြ​၏​။ 3ထိုအခါ ရှင်ဘုရင်​က သူ​တို့​အား “​ငါ​သည် အိပ်မက်မက်​ပြီး ထို​အိပ်မက်​ကို သိလို​သောကြောင့် စိတ်သောက​ရောက်​ရ​၏​”​ဟု မိန့်ဆို​၏​။
4ခါလဒဲ​ပညာရှိ​တို့​က​လည်း အာရမိတ်​ဘာသာစကား​ဖြင့် ရှင်ဘုရင်​အား “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။ ကျွန်တော်မျိုး​တို့​အား အိပ်မက်​ကို​ပြောပြ​တော်မူ​ပါ​။ ကျွန်တော်မျိုး​တို့ အနက်အဓိပ္ပာယ်​ကို ဖွင့်ပြ​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​၏​။
5ရှင်ဘုရင်​က​လည်း ခါလဒဲ​ပညာရှိ​တို့​အား “​ငါ့​အမိန့်​တော်​သည် အတည်​ဖြစ်​၏​။ ငါ့​အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ်​ကို သင်​တို့​မ​ဖော်ပြ​နိုင်​လျှင် သင်​တို့​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​မည်​။ သင်​တို့​အိမ်​များ​ကို​လည်း မစင်ပုံ​ဖြစ်​စေ​မည်​။ 6သို့သော် သင်​တို့​သည် ငါ့​အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​နိုင်​လျှင် သင်​တို့​အား လက်ဆောင်​များ​နှင့်တကွ ဆုလာဘ်​ကို​လည်း ငါ​ပေး​မည်​။ ခမ်းနား​စွာ​ဂုဏ်ပြု​မည်​။ ထို့ကြောင့် အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ကြ​လော့​”​ဟု မိန့်ဆို​၏​။
7သူ​တို့​က​လည်း “​အရှင်မင်းကြီး​၊ ကျွန်တော်မျိုး​တို့​အား အိပ်မက်​ကို အမိန့်ရှိ​တော်မူ​ပါ​။ ကျွန်တော်မျိုး​တို့​က အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပါ​မည်​”​ဟူ၍ တစ်ဖန် လျှောက်​ကြ​၏​။
8ရှင်ဘုရင်​က​လည်း “​ငါ​အမိန့်ချ​ပြီး​သည်​ကို သိ​လျက်​နှင့် သင်​တို့​အချိန်ဆွဲ​နေ​ကြ​သည်​ကို ငါ​သိ​၏​။ 9သင်​တို့​သည် ငါ့​အိပ်မက်​ကို မ​ဖော်ပြ​နိုင်​လျှင် သင်​တို့​အဖို့ အပြစ်ဒဏ်​တစ်ခု​ကို ငါ​ချမှတ်​ထား​ပြီး​ဖြစ်​၏​။ အခြေအနေ​ပြောင်းလိုပြောင်းငြား သင်​တို့​ပူးပေါင်း​ပြီး ငါ့​ကို မလိမ့်တပတ် လျှောက်တင်​ကြ​၏​။ ငါ့​အား အိပ်မက်​ကို​သာ ပြောပြ​လော့​။ သင်​တို့​သည် အိပ်မက်​ကို​ပြောပြ​နိုင်​လျှင် အနက်အဓိပ္ပာယ်​ကို​လည်း ဖွင့်ပြ​နိုင်​မည်​ကို ငါ​သိ​ရ​မည်​”​ဟု မိန့်ဆို​၏​။
10ခါလဒဲ​ပညာရှိ​တို့​က​လည်း ရှင်ဘုရင်​အား “​အရှင်မင်းကြီး​သိလို​သော​အရာ​ကို ဖော်ပြ​နိုင်​မည့်​သူ ဤ​ကမ္ဘာ​မှာ တစ်ယောက်​မျှ​ရှိ​မည်​မ​ဟုတ်​ပါ​။ မည်သည့်​တန်ခိုးကြီး​သော​ရှင်ဘုရင်​က​မျှ​လည်း မှော်ဆရာ​၊ ဗေဒင်ဆရာ​၊ ခါလဒဲ​ပညာရှိ​တို့​ကို ဤသို့ မေးမြန်း​လေ့​မ​ရှိ​ပါ​။ 11အရှင်မင်းကြီး မေး​သော​မေးခွန်း​မှာ ခက်ခဲ​လှ​၏​။ လူ​တို့​ကဲ့သို့​ရှင်သန်​နေထိုင်​ခြင်း​မ​ရှိ​သော နတ်ဘုရား​များ​မှလွဲ၍ မည်သူ​မျှ အရှင်မင်းကြီး​၏​မေးခွန်း​ကို ဖော်ပြ​နိုင်​သူ​မ​ရှိ​ပါ​”​ဟု ပြန်လျှောက်​ကြ​၏​။ 12ရှင်ဘုရင်​သည် ထို​စကား​ကြောင့် အမျက်ဒေါသ​ပြင်းစွာ​ထွက်​၍ ဘေဘီလုံ​ပညာရှိ​အားလုံး​ကို ကွပ်မျက်​ရန် အမိန့်ပေး​လိုက်​လေ​၏​။ 13ထိုသို့ ပညာရှိ​တို့​ကို​ကွပ်မျက်​ရန် အမိန့်​ထုတ်​လိုက်​သဖြင့် ဒံယေလ​နှင့်​အပေါင်းပါ​တို့​ကို​လည်း ကွပ်မျက်​ရန် ရှာဖွေ​ကြ​၏​။
14ဒံယေလ​သည် ဘေဘီလုံ​ပညာရှိ​တို့​ကို ကွပ်မျက်​ရန်​လာ​သော ဘုရင့်​ကိုယ်ရံတော်မှူး​အာရုတ်​အား အမြော်အမြင်​ရှိရှိ​၊ လိမ္မာပါးနပ်​စွာ မေးမြန်း​ပြောဆို​၏​။ 15ဘုရင့်​ကိုယ်ရံတော်မှူး​အာရုတ်​အား “​အဘယ်ကြောင့် ဘုရင့်​အမိန့်​တော် ဤမျှ​ပြင်းထန်​ရ​သနည်း​”​ဟု မေးမြန်း​သောအခါ အာရုတ်​က ဒံယေလ​အား ဖြစ်ကြောင်းကုန်စင်​ကို ပြောပြ​၏​။ 16ထိုအခါ ဒံယေလ​သည် ရှင်ဘုရင်​ထံ အခစား​ဝင်​၍ ရှင်ဘုရင်​၏​အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​နိုင်​ရန် အချိန်​ပေး​ပါ​မည့်​အကြောင်း တောင်းခံ​လေ​၏​။
17ထို့နောက် ဒံယေလ​သည် အိမ်​သို့​ပြန်လာ​၍ မိမိ​အပေါင်းအဖော်​ဖြစ်​သော ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​အား ထို​အကြောင်းအရာ​ကို ပြောပြ​၍ 18ဤ​နက်နဲသောအရာ​ကြောင့် ဒံယေလ​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် အခြား​ဘေဘီလုံ​ပညာရှိ​တို့​နှင့်အတူ ကွပ်မျက်​မ​ခံရ​စေရန် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​အသနားခံ​ကြ​မည့်​အကြောင်း တိုက်တွန်း​လေ​၏​။ 19ထို​ည​တွင် ဒံယေလ​အား ဤ​နက်နဲသောအရာ​ကို စိတ်အာရုံ​ထဲတွင် ဖွင့်ပြ​တော်မူ​၏​။ ထို့ကြောင့် ဒံယေလ​က ကောင်းကင်ဘုံရှင်​ဘုရားသခင်​အား 20“​ဘုရားသခင်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက်​ချီးမွမ်း​ကြ​ပါစေသော​။ ဉာဏ်ပညာ​နှင့် အစွမ်းတန်ခိုး​သည် ကိုယ်တော့်​ထံမှ​ဖြစ်​ပါ​၏​။ 21ကိုယ်တော်​သည် အချိန်​နှင့် ရာသီဥတု​ကို ပြောင်းလဲ​စေ​နိုင်​၏​။ ရှင်ဘုရင်​တို့​ကို​လည်း နန်းတင်​နန်းချ ပြု​နိုင်​၏​။ ပညာရှိ​ကို ဉာဏ်ပညာ​ပေး​တော်မူ​၏​။ ဉာဏ်ရှိသူ​ကို​လည်း အသိပညာ​ပေး​တော်မူ​၏​။ 22ခက်ခဲနက်နဲ​သော​အရာ​၊ လျှို့ဝှက်​သော​အရာ​တို့​ကို ဖွင့်ပြ​တော်မူ​၏​။ မှောင်မိုက်​ထဲ၌​ရှိ​သော​အရာ​တို့​ကို​လည်း သိ​တော်မူ​၏​။ အလင်း​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။ 23အို ဘိုးဘေး​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ပါ​၏​။ ကိုယ်တော့်​ကို ချီးမွမ်းထောမနာ​ပြု​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​အား ဉာဏ်ပညာ​နှင့် အစွမ်းတန်ခိုး​ကို​ပေး​၍ အကျွန်ုပ်​တောင်းလျှောက်​သော​အရာ​ကို ဖွင့်ပြ​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​အား ရှင်ဘုရင်​၏​အိပ်မက်​ကို သိ​စေ​တော်မူ​ပါ​ပြီ​”​ဟူ၍ ချီးမွမ်း​မြွက်ဆို​လေ​၏​။
24ဒံယေလ​သည် ဘေဘီလုံ​ပညာရှိ​တို့​ကို​ကွပ်မျက်​ရန် ရှင်ဘုရင်​ခန့်ထား​သော​အာရုတ်​ထံသို့ သွား​၍ “​ဘေဘီလုံ​ပညာရှိ​တို့​ကို မ​ကွပ်မျက်​ပါ​နှင့်​။ အကျွန်ုပ်​ကို ရှင်ဘုရင်​ထံ​ခေါ်သွား​ပါ​။ ရှင်ဘုရင်​၏​အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပေး​ပါ​မည်​”​ဟု ဆို​လေ​၏​။
25အာရုတ်​က​လည်း ဒံယေလ​ကို ရှင်ဘုရင်​ထံ အလျင်အမြန်​ခေါ်သွား​ပြီးလျှင် “​အရှင်မင်းကြီး​၏​အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပေး​နိုင်​မည့် ယုဒ​အမျိုး​သုံ့ပန်း​တစ်​ဦး​ကို အကျွန်ုပ်​တွေ့​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။
26ရှင်ဘုရင်​က​လည်း ဗေလတရှာဇာ​ခေါ် ဒံယေလ​အား “​ငါ​မက်​သော​အိပ်မက်​နှင့် အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​နိုင်​သလော​”​ဟု မေး​လျှင်
27ဒံယေလ​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​မေး​သည့် နက်နဲသောအရာ​ကို ပညာရှိ​များ​၊ ဗေဒင်ဆရာ​များ​၊ မှော်ဆရာ​များ​၊ နက္ခတ်ဗေဒ​ပညာရှင်​များ​က အရှင်မင်းကြီး​အား ဖော်ပြ​နိုင်​မည်​မ​ဟုတ်​ပါ​။ 28သို့သော် နက်နဲသောအရာ​ကို ဖွင့်ပြ​ပေး​နိုင်​သော​ဘုရားသခင်​တစ်​ပါး ကောင်းကင်ဘုံ​တွင် ရှိ​တော်မူ​၏​။ ထို​ဘုရား​က နောင်ကာလ​ဖြစ်ပျက်​မည့်​အရာ​များ​ကို နေဗုခဒ်နေဇာ​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။ သလွန်​တော်​ပေါ်တွင် ရှင်ဘုရင်​မြင်မက်​တော်မူ​သော​အိပ်မက်​နှင့် တွေးတော​ရင်း စိတ်အာရုံ​တွင်​မြင်​ရ​သော​အရာ​ကား ဤသို့​ဖြစ်​၏​။ 29အို အရှင်မင်းကြီး​၊ မင်းကြီး​သည် သလွန်တော်​ပေါ်တွင်​လဲလျောင်း​လျက် နောင်ကာလ​တွင် မည်သို့​ဖြစ်ပျက်​မည်​ကို တွေးတော​မိ​သောအခါ နက်နဲ​ရာ​ကို​ဖွင့်ပြ​ပေး​နိုင်​သော​အရှင်​က နောင်​ဖြစ်ပျက်​မည့်​အရာ​တို့​ကို အရှင်မင်းကြီး​အား သိ​စေ​တော်မူ​ပြီ​။ 30အကျွန်ုပ်​အား ဤ​နက်နဲသောအရာ​ကို ဖွင့်ပြ​သည်​မှာ​လည်း အကျွန်ုပ်​သည် သက်ရှိလူသား​အပေါင်း​တို့​ထက်​ပို၍ ဉာဏ်ပညာ​ရှိ​သောကြောင့်​မ​ဟုတ်​ဘဲ အရှင်မင်းကြီး​အား အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​၍ မင်းကြီး​စိတ်​ထဲရှိ​အတွေး​တို့​ကို မင်းကြီး​အား သိ​စေရန် ဖြစ်​၏​။
အိပ်မက်အနက်ကိုဖွင့်ပြခြင်း
31အို အရှင်မင်းကြီး​၊ မင်းကြီး​သည် ရုပ်တု​ကြီး​တစ်​ခု​ကို မြင်မက်​ပါ​၏​။ အလွန်​ကြီးမား​တောက်ပပြောင်လက်​သော ထို​ရုပ်တု​သည် မင်းကြီး​ရှေ့​တွင်​ရပ်​လျက် တည်ရှိ​ပါ​၏​။ ထို​ရုပ်တု​၏​ပုံသဏ္ဌာန်​သည် အလွန်​ကြောက်မက်​ဖွယ်​ကောင်း​ပါ​၏​။ 32ထို​ရုပ်တု​၏​ဦးခေါင်း​မှာ ရွှေ​စင်​၊ ရင်ဘတ်​နှင့်​လက်မောင်း​မှာ ငွေ​၊ ဗိုက်​နှင့်​ပေါင်​မှာ ကြေးနီ​၊ 33ခြေသလုံး​နှစ်​ဖက်​မှာ သံ​၊ ခြေ​မှာ သံ​တစ်ပိုင်း​နှင့် ရွှံ့စေး​တစ်ပိုင်း ဖြစ်​၏​။ 34အရှင်မင်းကြီး ကြည့်​နေ​စဉ် လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ ထုခွဲ​ထား​သော​ကျောက်တုံး​တစ်​တုံး​သည် သံ​နှင့် ရွှံ့စေး​ဖြစ်​သော​ရုပ်တု​၏​ခြေ​တို့​ကို ဝင်တိုက်​၍ တစ်စစီကျိုးပဲ့​သွား​၏​။ 35ထိုနည်းတူ သံ​၊ ရွှံ့စေး​၊ ကြေးနီ​၊ ငွေ​၊ ရွှေ​တို့​သည်​လည်း တစ်စစီကျိုးပဲ့​သွား​၍ နွေကာလ​တွင် တလင်းပြင်​ရှိ​အဖျင်းအမှော်​ကဲ့သို့ ဖြစ်​လေ​၏​။ လေတိုက်​သောအခါ လွင့်ပါ​သွား​သဖြင့် အစအန​ပင် မ​တွေ့​တော့​ပေ​။ ရုပ်တု​ကြီး​ကို ဝင်တိုက်​သော​ကျောက်တုံး​မူကား တောင်​ကြီး​ဖြစ်လာ​ပြီး မြေ​တစ်ပြင်လုံး​၌ ပြည့်​လေ​၏​။
36ဤသည်ကား အရှင်မင်းကြီး မြင်မက်​သော​အိပ်မက် ဖြစ်​ပါ​၏​။ ယခု အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို အကျွန်ုပ်​တို့ ဖွင့်ပြ​လျှောက်တင်​ပါ​မည်​။ 37အို အရှင်မင်းကြီး​၊ မင်းကြီး​သည် ဘုရင်​တကာ​တို့​၏​ဘုရင် ဖြစ်​ပါ​၏​။ ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မင်းကြီး​အား နိုင်ငံ​တော်​နှင့်တကွ တန်ခိုးအာဏာ​၊ အစွမ်းသတ္တိ​၊ ဂုဏ်သရေ​တို့​ကို ပေး​တော်မူ​ပြီ​။ 38အရပ်ရပ်​ရှိ​လူသား​များ​၊ တောတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​ကို အရှင်မင်းကြီး​လက်​သို့ အပ်​တော်မူ​သဖြင့် အရှင်မင်းကြီး​သည် အလုံးစုံ​ကို အုပ်စိုး​ရ​ပါ​၏​။ ရုပ်တု​၏​ရွှေ​ဦးခေါင်း​သည် အရှင်မင်းကြီး​ပင် ဖြစ်​ပါ​၏​။
39အရှင်မင်းကြီး​နောက်​တွင် အရှင်မင်းကြီး​ထက်​အင်အားနည်း​သော နိုင်ငံ​တစ်ခု ပေါ်ထွန်း​လိမ့်မည်​။ ထို့နောက် တတိယ​နိုင်ငံ​တစ်ခု​ဖြစ်​သော ကြေးနီ​နိုင်ငံ​ပေါ်ထွန်း​ပြီး မြေ​တစ်ပြင်လုံး​ကို အုပ်စိုး​လိမ့်မည်​။ 40ထို့နောက် သံ​ကဲ့သို့​ခိုင်မာ​သော စတုတ္ထ​နိုင်ငံ ပေါ်ထွန်း​လိမ့်မည်​။ သံ​သည် အခြားအရာ​တို့​ကို ခြေမွှ​နိုင်​သကဲ့သို့ ဤ​နိုင်ငံ​သည်​လည်း အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီ​ခြေမွှ​ပစ်​လိမ့်မည်​။ 41ရုပ်တု​၏​ခြေ​နှင့် ခြေချောင်း​တို့​မှာ အိုးဖုတ်​ရွှံ့စေး​တစ်ပိုင်း​နှင့် သံ​တစ်ပိုင်း​ဖြစ်​သည်​ကို အရှင်မင်းကြီး​မြင်​ခဲ့​၏​။ ဤ​နိုင်ငံ​သည် အချင်းချင်း​ကွဲပြား​သော​နိုင်ငံ ဖြစ်​လိမ့်မည်​။ အရှင်မင်းကြီး​မြင်​ရ​သည့်​အတိုင်း ရွှံ့စေး​နှင့် သံ​ရော​ထား​သည်​ဖြစ်​၍ ဤ​နိုင်ငံ​သည် သံ​ကဲ့သို့ မာကျော​လိမ့်မည်​။ 42ခြေချောင်း​တို့​မှာ သံ​တစ်ပိုင်း ရွှံ့စေး​တစ်ပိုင်း​ဖြစ်၍ ထို​နိုင်ငံ​တစ်ဝက်​သည် ခိုင်မာ​၍ တစ်ဝက်​သည် ပျက်စီး​လိမ့်မည်​။ 43ထိုသို့ သံ​နှင့်​အိုးဖုတ်​ရွှံ့စေး ရောနှော​ထား​သည်​ကို အရှင်မင်းကြီး မြင်​ခဲ့​၏​။ ဤသည်မှာ သူ​တို့​သည် အခြား​လူမျိုးနွယ်​တို့​နှင့် ရောနှော​နေထိုင်​ကြ​လိမ့်မည်​။ သို့သော် သံ​နှင့်​ရွှံ့စေး ရောနှော​၍​မ​ရ​သကဲ့သို့ သူ​တို့​သည်​လည်း အချင်းချင်း​ပူးပေါင်း​၍ ရ​မည်​မ​ဟုတ်​။
44ထို​ရှင်ဘုရင်​များ​အုပ်စိုး​သည့်​ကာလ​တွင်ပင် ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မည်သည့်​အခါ​မျှ​မ​ပျက်စီး​နိုင်​မည့်​နိုင်ငံ​တစ်​ခု​ကို တည်ထောင်​တော်မူ​လိမ့်မည်​။ ဤ​နိုင်ငံ​သည် အခြား​သူ​တို့​လက်​သို့ ရောက်​ရ​မည်​မ​ဟုတ်​။ အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီခြေမွှ​ဖျက်ဆီး​ပစ်​မည်​။ ဤ​နိုင်ငံ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။#ဒံ 7:14၊ ဗျာ 11:15။ 45လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ ထုခွဲ​ထား​သော​ကျောက်တုံး​တစ်​တုံး​သည် တောင်​ပေါ်မှ​လိမ့်ကျ​လာ​ပြီး သံ​၊ ကြေးနီ​၊ ရွှံ့စေး​၊ ငွေ​၊ ရွှေ​တို့​ကို တစ်စစီကျိုးပဲ့​စေ​သည်​ကို အရှင်မင်းကြီး မြင်​ခဲ့​သည်​မှာ ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​သည် နောင်ကာလ​၌​ဖြစ်ပျက်​မည့်​အရာ​တို့​ကို အရှင်မင်းကြီး​အား ဖော်ပြ​ပေး​ခြင်း​ဖြစ်​၏​။ အိပ်မက်​သည် မှန်ကန်​ပါ​၏​။ အနက်အဓိပ္ပာယ်​မှာ​လည်း ယုံကြည်​ရ​ပါ​၏​”​ဟု လျှောက်ဆို​လေ​၏​။
နေဗုခဒ်နေဇာမင်းကြီး၏တုံ့ပြန်မှု
46ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် ဒံယေလ​အား ပျပ်ဝပ်​ရှိခိုး​ပြီးလျှင် ဘောဇဉ်ပူဇော်သက္ကာ​နှင့် အမွှေးနံ့သာ​ကို သူ့​အား​ဆက်သ​ကြ​ရန် အမိန့်ပေး​လေ​၏​။ 47ထို့ပြင် ရှင်ဘုရင်​က ဒံယေလ​အား “​စင်စစ် သင်​၏​ဘုရားသခင်​သည် ဘုရား​တကာ​တို့​၏​ဘုရား​၊ ဘုရင်​တကာ​တို့​၏​အရှင်သခင်​၊ နက်နဲသောအရာ​ကို ဖွင့်ပြ​နိုင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ထို့ကြောင့် သင်​သည်​လည်း ဤ​နက်နဲသောအရာ​ကို ဖွင့်ပြ​နိုင်​ခြင်း ဖြစ်​၏​”​ဟု မိန့်ဆို​၏​။ 48ထို့နောက် ရှင်ဘုရင်​သည် ဒံယေလ​အား ရာထူး​တိုးမြှင့်​ပေး​၍ လက်ဆောင်​များစွာ​ကို ပေး​၏​။ သူ့​အား ဘေဘီလုံ​ပညာရှိ​တို့​အထက်​၌ ဝန်ကြီးချုပ်​အဖြစ် ခန့်ထား​၍ ဘေဘီလုံ​နယ်မြေ​တစ်ဝန်းလုံး​ကို အုပ်စိုး​စေ​၏​။ 49ဒံယေလ​က​လည်း ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​အား ဘေဘီလုံ​နယ်မြေ​တွင် အုပ်ချုပ်ရေးမှူး​အဖြစ်​ခန့်ထား​ပေး​ရန် ဘုရင်​ထံ​တောင်းလျှောက်​၏​။ ဒံယေလ​မူကား နန်းတွင်း​၌ အမှုထမ်း​ရ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in