ရာဇဝင်ချုပ်ဒုတိယစောင် 14
14
1အဘိယမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာသသည် သူ့အရိုက်အရာကို ဆက်ခံ၏။ အာသမင်းကြီးလက်ထက်တွင် ဆယ်နှစ်ပတ်လုံး တိုင်းပြည်အေးချမ်းသာယာလေ၏။
ယုဒဘုရင်အာသမင်းကြီး
2အာသမင်းကြီးသည် မိမိဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ကောင်းမွန်မှန်ကန်စွာ ပြုကျင့်၏။ 3သူသည် တိုင်းတစ်ပါးဘုရားများ၏ယဇ်ပလ္လင်များနှင့် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပစ်၏။ ကျောက်တိုင်များကို ချိုးဖျက်ပြီး အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်၏။ 4သူသည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာ၍ ကိုယ်တော်မိန့်တော်မူခဲ့သောပညတ်ချက်များကို လိုက်လျှောက်ရန် ယုဒလူမျိုးတို့အား မိန့်မှာ၏။ 5ယုဒမြို့ရွာတို့တွင် အထွတ်အမြတ်ထားရာနေရာများ၊ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်များကိုလည်း ဖယ်ရှားပစ်၏။ သူ့လက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာလျက် ရှိ၏။
6ယုဒပြည်တွင် ခံတပ်မြို့များကို တည်ဆောက်၏။ ထာဝရဘုရားသည် သူ့ကို ငြိမ်းချမ်းခြင်းပေးသောကြောင့် ထိုကာလအတွင်း မည်သည့်စစ်ပွဲမျှမရှိဘဲ တိုင်းပြည် အေးချမ်းသာယာလေ၏။ 7အာသမင်းကြီးက ယုဒလူမျိုးတို့အား “ဤမြို့တို့ကို ငါတို့ တည်ဆောက်ကြစို့။ မြို့ကိုဝိုင်းရံထားသောမြို့ရိုး၊ ရဲတိုက်များ၊ တံခါးများနှင့် ကန့်လန့်ကျင်များကို ဆောက်လုပ်ကြစို့။ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားကိုရှာသောကြောင့် တိုင်းပြည်သည် ငါတို့ လက်ထဲ၌ရှိလေပြီ။ ကိုယ်တော်ကို ရှာသောကြောင့် ငါတို့ဝန်းကျင်၌ ငြိမ်းချမ်းခြင်းကို ပေးတော်မူပြီ”ဟု မိန့်ဆို၏။ ဤသို့ဖြင့် မြို့များကိုတည်ဆောက်အောင်မြင်လေ၏။
အီသီယိုးပီးယားကျူးကျော်နယ်ချဲ့ခြင်း
8အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။ 9ထို့နောက်တွင် အီသီယိုးပီးယားလူမျိုးဇေရသည် စစ်သည်တစ်သန်း၊ စစ်ရထားသုံးရာနှင့်ချီလာပြီး မရေရှမြို့သို့ရောက်လာရာ 10အာသမင်းကြီးလည်း သူ့ကိုရင်ဆိုင်တိုက်ခိုက်ရန် စစ်ချီထွက်ပြီး မရေရှမြို့အနီး ဇေဖသချိုင့်ဝှမ်းတွင် စစ်ခင်းကျင်းထား၏။
11ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
12ထာဝရဘုရားသည် အီသီယိုးပီးယားလူမျိုးကို အာသမင်းကြီးနှင့်ယုဒလူမျိုးတို့ရှေ့၌ ရှုံးနိမ့်စေသဖြင့် အီသီယိုးပီးယားလူမျိုးတို့ ထွက်ပြေးကြလေ၏။ 13အာသမင်းကြီးနှင့်သူ၏စစ်သည်တို့သည် သူတို့ကို ဂေရာမြို့အထိလိုက်လံတိုက်ခိုက်ကြ၏။ အီသီယိုးပီးယားလူမျိုးတို့သည် ထာဝရဘုရားနှင့် စစ်သည်တော်တို့ရှေ့တွင်မခံမရပ်နိုင်တော့ဘဲ ရှုံးနိမ့်သွားကြ၏။ ယုဒလူမျိုးတို့သည်လည်း တိုက်ရာပါပစ္စည်းအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့၏။ 14ဂေရာမြို့နှင့် အနီးဝန်းကျင်ရှိမြို့များမှ လူတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ကြသဖြင့် ယုဒလူမျိုးတို့သည် ထိုမြို့အားလုံးကို ဖျက်ဆီးနိုင်ခဲ့၏။ မြို့အားလုံးတို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့၍ တိုက်ရာပါပစ္စည်းအမြောက်အမြားကိုလည်း သိမ်းယူနိုင်ခဲ့၏။ 15တိရစ္ဆာန်ထိန်းကျောင်းသူတို့၏တဲများကိုလည်း တိုက်ခိုက်၍ သိုးနှင့်ကုလားအုတ်မြောက်မြားစွာကိုလည်း သိမ်းယူနိုင်ခဲ့၏။ ထို့နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြလေ၏။
Currently Selected:
ရာဇဝင်ချုပ်ဒုတိယစောင် 14: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative