YouVersion Logo
Search Icon

ရာဇဝင်ချုပ်ဒုတိယစောင် 14

14
1အဘိယ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာသ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ အာသ​မင်းကြီး​လက်ထက်​တွင် ဆယ်​နှစ်​ပတ်လုံး တိုင်းပြည်​အေးချမ်းသာယာ​လေ​၏​။
ယုဒဘုရင်အာသမင်းကြီး
2အာသ​မင်းကြီး​သည် မိမိ​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ကောင်းမွန်​မှန်ကန်​စွာ ပြုကျင့်​၏​။ 3သူ​သည် တိုင်းတစ်ပါး​ဘုရား​များ​၏​ယဇ်ပလ္လင်​များ​နှင့် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို ဖယ်ရှား​ပစ်​၏​။ ကျောက်တိုင်​များ​ကို ချိုးဖျက်​ပြီး အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ပစ်​၏​။ 4သူ​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​၍ ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သော​ပညတ်ချက်​များ​ကို လိုက်လျှောက်​ရန် ယုဒ​လူမျိုး​တို့​အား မိန့်မှာ​၏​။ 5ယုဒ​မြို့ရွာ​တို့​တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ နံ့သာပေါင်း​မီးရှို့​ရာ​ယဇ်ပလ္လင်​များ​ကို​လည်း ဖယ်ရှား​ပစ်​၏​။ သူ့​လက်ထက်​တွင် နိုင်ငံ​တော်​အေးချမ်းသာယာ​လျက် ရှိ​၏​။
6ယုဒ​ပြည်​တွင် ခံတပ်​မြို့​များ​ကို တည်ဆောက်​၏​။ ထာဝရဘုရား​သည် သူ့​ကို ငြိမ်းချမ်း​ခြင်း​ပေး​သောကြောင့် ထို​ကာလ​အတွင်း မည်သည့်​စစ်ပွဲ​မျှ​မ​ရှိ​ဘဲ တိုင်းပြည် အေးချမ်းသာယာ​လေ​၏​။ 7အာသ​မင်းကြီး​က ယုဒ​လူမျိုး​တို့​အား “​ဤ​မြို့​တို့​ကို ငါ​တို့ တည်ဆောက်​ကြ​စို့​။ မြို့​ကို​ဝိုင်းရံ​ထား​သော​မြို့ရိုး​၊ ရဲတိုက်​များ​၊ တံခါး​များ​နှင့် ကန့်လန့်ကျင်​များ​ကို ဆောက်လုပ်​ကြ​စို့​။ ငါ​တို့​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ရှာ​သောကြောင့် တိုင်းပြည်​သည် ငါ​တို့ လက်​ထဲ၌​ရှိ​လေ​ပြီ​။ ကိုယ်တော်​ကို ရှာ​သောကြောင့် ငါ​တို့​ဝန်းကျင်​၌ ငြိမ်းချမ်း​ခြင်း​ကို ပေး​တော်မူ​ပြီ​”​ဟု မိန့်ဆို​၏​။ ဤသို့ဖြင့် မြို့​များ​ကို​တည်ဆောက်​အောင်မြင်​လေ​၏​။
အီသီယိုးပီးယားကျူးကျော်နယ်ချဲ့ခြင်း
8အာသ​မင်းကြီး​၌ ယုဒ​အမျိုး​တွင် ဒိုင်းလွှားကြီး​နှင့်​လှံ​ကိုင်စွဲ​သူ စစ်သည်​သုံးသိန်း​၊ ဗင်္ယာမိန်​အမျိုး​တွင် ဒိုင်းလွှားငယ်​ကိုင်စွဲ​သူ​နှင့် လေးသည်တော် နှစ်သိန်း​ရှစ်သောင်း ရှိ​၏​။ သူ​တို့​အားလုံး​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သူရဲ​များ ဖြစ်​ကြ​၏​။ 9ထို့နောက်တွင် အီသီယိုးပီးယား​လူမျိုး​ဇေရ​သည် စစ်သည်​တစ်သန်း​၊ စစ်ရထား​သုံး​ရာ​နှင့်​ချီလာ​ပြီး မရေရှ​မြို့​သို့​ရောက်လာ​ရာ 10အာသ​မင်းကြီး​လည်း သူ့​ကို​ရင်ဆိုင်​တိုက်ခိုက်​ရန် စစ်ချီထွက်​ပြီး မရေရှ​မြို့​အနီး ဇေဖသ​ချိုင့်ဝှမ်း​တွင် စစ်​ခင်းကျင်း​ထား​၏​။
11ထို့နောက် အာသ​မင်းကြီး​သည် ဘုရားသခင်​ထာဝရဘုရား​ထံ အော်ဟစ်​လျက် “​အို ထာဝရဘုရား​၊ အားကြီး​သူ​ကို​တွန်းလှန်​နိုင်​ရန် အားနည်းသူ​ကို ကူညီ​နိုင်​သော​အရှင်​သည် ကိုယ်တော်​မှလွဲ၍ မ​ရှိ​ပါ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို ကယ်မ​တော်မူ​ပါ​။ ကိုယ်တော်​ကို အကျွန်ုပ်​တို့ ကိုးစား​ပါ​၏​။ အကျွန်ုပ်​တို့​သည် ဤ​လူအလုံးအရင်း​ကြီး​ကို​တိုက်ခိုက်​ရန် ကိုယ်တော်​၏​နာမ​တော်​ကို​စွဲကိုင်​လျက် လာ​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင် ဖြစ်​တော်မူ​ပါ​၏​။ ဤ​လူ​တို့​သည် ကိုယ်တော်​ကို အနိုင်​မ​ရ​ပါစေ​နှင့်​”​ဟု ဆုတောင်း​လေ​၏​။
12ထာဝရဘုရား​သည် အီသီယိုးပီးယား​လူမျိုး​ကို အာသ​မင်းကြီး​နှင့်​ယုဒ​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​စေ​သဖြင့် အီသီယိုးပီးယား​လူမျိုး​တို့ ထွက်ပြေး​ကြ​လေ​၏​။ 13အာသ​မင်းကြီး​နှင့်​သူ​၏​စစ်သည်​တို့​သည် သူ​တို့​ကို ဂေရာ​မြို့​အထိ​လိုက်လံ​တိုက်ခိုက်​ကြ​၏​။ အီသီယိုးပီးယား​လူမျိုး​တို့​သည် ထာဝရဘုရား​နှင့် စစ်သည်တော်​တို့​ရှေ့​တွင်​မ​ခံ​မ​ရပ်​နိုင်​တော့​ဘဲ ရှုံးနိမ့်​သွား​ကြ​၏​။ ယုဒ​လူမျိုး​တို့​သည်​လည်း တိုက်ရာပါပစ္စည်း​အမြောက်အမြား​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ 14ဂေရာ​မြို့​နှင့် အနီး​ဝန်းကျင်​ရှိ​မြို့​များ​မှ လူ​တို့​သည် ထာဝရဘုရား​ကို အလွန်​ကြောက်ရွံ့​ကြ​သဖြင့် ယုဒ​လူမျိုး​တို့​သည် ထို​မြို့​အားလုံး​ကို ဖျက်ဆီး​နိုင်​ခဲ့​၏​။ မြို့​အားလုံး​တို့​ကို တိုက်ခိုက်​သိမ်းယူ​နိုင်​ခဲ့​၍ တိုက်ရာပါပစ္စည်း​အမြောက်အမြား​ကို​လည်း သိမ်းယူ​နိုင်​ခဲ့​၏​။ 15တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​၏​တဲ​များ​ကို​လည်း တိုက်ခိုက်​၍ သိုး​နှင့်​ကုလားအုတ်​မြောက်မြား​စွာ​ကို​လည်း သိမ်းယူ​နိုင်​ခဲ့​၏​။ ထို့နောက် ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ရာဇဝင်ချုပ်ဒုတိယစောင် 14