YouVersion Logo
Search Icon

ဓမ္မရာဇဝင်ပထမစောင် 8

8
အစ္စရေးလူမျိုးတို့က ရှင်ဘုရင်ခန့်ပေးရန်တောင်းဆိုကြခြင်း
1ရှမွေလ​သည် အသက်ကြီး​လာ​သောအခါ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရန် မိမိ​၏​သား​တို့​ကို ခန့်အပ်​ထား​၏​။ 2သူ​၏​သားဦး​အမည်​မှာ ယောလ​ဖြစ်​ပြီး ဒုတိယ​သား​အမည်​မှာ အဘိယ​ဖြစ်​၏​။ သူ​တို့​သည် ဗေရရှေဘ​မြို့​၌ စီရင်အုပ်ချုပ်​ရ​၏​။ 3သို့သော် သူ့​သား​တို့​သည် သူ​လျှောက်​သော​လမ်း​အတိုင်း မ​လိုက်​ကြ​။ မတရား​အကျိုးစီးပွား​ကို​ရှာ​ကြ​၏​။ တံစိုးလက်ဆောင်​ကို ခံယူ​ကြ​၏​။ တရားမျှတမှု​ကို လွှဲရှောင်​ကြ​၏​။
4ထို့ကြောင့် အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည် စုဝေး​ပြီး ရာမ​မြို့​၌​နေထိုင်​သော ရှမွေလ​ထံသို့​လာ​၍ 5ရှမွေလ​အား “​ကြည့်ရှု​လော့​။ ယခု အရှင် အသက်ကြီး​ပြီ​။ အရှင့်​သား​တို့​သည်​လည်း အရှင်​လျှောက်​ခဲ့​သည့်​လမ်း​အတိုင်း မ​လိုက်လျှောက်​ကြ​ပါ​။ ထို့ကြောင့် လူမျိုးခြား​အပေါင်း​တို့​နည်းတူ အကျွန်ုပ်​တို့​ကို စီရင်အုပ်ချုပ်​ရန် ရှင်ဘုရင်​တစ်​ပါး​ကို အကျွန်ုပ်​တို့​အတွက် တင်မြှောက်​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။
6ဤသို့ “​အကျွန်ုပ်​တို့​ကို စီရင်အုပ်ချုပ်​ရန် ရှင်ဘုရင်​တစ်ပါး​ကို တင်မြှောက်​ပေး​ပါ​လော့​”​ဟု တောင်းဆို​ကြ​သည်​ကို ရှမွေလ ဘဝင်မကျ​ပေ​။ သို့ဖြစ်၍ ရှမွေလ​သည် ထာဝရဘုရား​ထံ​ဆုတောင်း​လေ​၏​။ 7ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​တို့​ပြော​သမျှ​ကို နားထောင်​လော့​။ သူ​တို့​သည် သင့်​ကို​သာ​စွန့်ပယ်​သည်​မ​ဟုတ်​။ ငါ့​ကို​လည်း သူ​တို့​၏​ရှင်ဘုရင်​အဖြစ်​မှ စွန့်ပယ်​ကြ​ပြီ​။ 8သူ​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​သည့်​နေ့​မှစ၍ ယနေ့​ချိန်​ထိ ငါ့​ကို​စွန့်ပယ်​ပြီး အခြား​ဘုရား​များ​ကို ဝတ်ပြု​ကြ​၏​။ ထိုသို့ ငါ့​ကို ပြု​သမျှ​အတိုင်း သင့်​ကို​လည်း ပြု​လေ​ပြီ​။ 9ယခု သူ​တို့​စကား​ကို နားထောင်​လော့​။ သို့သော် သူ​တို့​ကို အုပ်စိုး​မည့်​ရှင်ဘုရင်​သည် သူ​တို့​အပေါ် မည်သို့​စီရင်အုပ်ချုပ်​မည်​ကို သူ​တို့​အား ကြပ်ကြပ်​သတိပေး​ပြောပြ​လော့​”​ဟု မိန့်​တော်မူ​၏​။
10ရှမွေလ​က​လည်း မိမိ​ထံ ရှင်ဘုရင်​တောင်းဆို​သော​ထို​သူ​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သမျှ​ကို ပြောပြ​လေ​၏​။ 11“​သင်​တို့​ကို အုပ်စိုး​မည့်​ရှင်ဘုရင်​၏​ထုံးနည်း​ကား ဤသို့​ဖြစ်​၏​။ သူ​သည် သင်​တို့​၏​သား​များ​ကို​ခေါ်​၍ သူ​၏​ရထား​မောင်းနှင်​သူ​များ​၊ မြင်းစီးသူရဲ​များ​အဖြစ် ခန့်ထား​လိမ့်မည်​။ သူ​တို့​ကို သူ့​ရထား​ရှေ့​တွင် ပြေး​စေ​လိမ့်မည်​။ 12သူ့​အဖို့ လူ​တစ်ထောင်အုပ်​၊ လူ​ငါးဆယ်အုပ်​များ​အဖြစ် ခန့်ထား​မည်​။ လယ်ယာ​ကို ထွန်ယက်​စေ​မည်​။ ကောက်​ရိတ်​စေ​မည်​။ စစ်​လက်နက်​များ​၊ ရထား​တန်ဆာပလာ​များ​ကို ပြုလုပ်​စေ​မည်​။ 13သင်​တို့​၏​သမီးပျို​များ​ကို​လည်း ခေါ်ယူ​၍ အမွှေးနံ့သာ​ဖော်စပ်​သူ​၊ ချက်ပြုတ်​သူ​၊ မုန့်ဖုတ်​သူ စသည်ဖြင့် ခိုင်းစေ​လိမ့်မည်​။ 14သင်​တို့​၏​လယ်ယာ​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​ထဲမှ အကောင်းဆုံး​သီးနှံ​များ​ကို သိမ်းယူ​ပြီး သူ​၏​အမှုထမ်း​တို့​အား ပေး​လိမ့်မည်​။ 15သင်​တို့​၏​ကောက်ပဲသီးနှံ​များ​၊ စပျစ်သီး​များ​ထဲမှ ဆယ်ဖို့တစ်ဖို့​ကို​သိမ်းယူ​၍ သူ​၏​မှူးမတ်​များ​၊ အစေအပါး​များ​ကို ပေး​လိမ့်မည်​။ 16သင်​တို့​၏​ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သန်မာထွားကျိုင်း​သော​လုလင်ပျို​များ​အပါအဝင် မြည်း​များ​ကို​ပါ သိမ်းယူ​၍ သူ့​လုပ်ငန်း​တွင် ခိုင်းစေ​လိမ့်မည်​။ 17သင်​တို့​၏​သိုးအုပ်​ထဲမှ သိုး​ဆယ်ပုံတစ်ပုံ​ကို ယူ​လိမ့်မည်​။ သင်​တို့​သည်​လည်း သူ​၏​အစေအပါး ဖြစ်​ရ​လိမ့်မည်​။ 18သင်​တို့​ရွေးချယ်​လိုက်​သော​ရှင်ဘုရင်​ကြောင့် ထို​နေ့​၌ သင်​တို့​အော်ဟစ်​ရ​လိမ့်မည်​။ သို့သော် ထို​နေ့​၌ ထာဝရဘုရား​သည် သင်​တို့​ကို လှည့်ကြည့်​တော်မူ​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။
19သို့သော် သူ​တို့​သည် ရှမွေလ​စကား​ကို နားမထောင်​ဘဲ “​ထိုသို့​မ​ဟုတ်​ပါ​။ မည်သို့ပင်​ဖြစ်စေ အကျွန်ုပ်​တို့​ကို​အုပ်စိုး​သော​ရှင်ဘုရင် ရှိ​ရ​မည်​။ 20သို့မှ အကျွန်ုပ်​တို့​သည်​လည်း လူမျိုးခြား​အပေါင်း​တို့​နှင့် တူ​လိမ့်မည်​။ အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​သည် အကျွန်ုပ်​တို့​ကို စီရင်အုပ်ချုပ်​လိမ့်မည်​။ အကျွန်ုပ်​တို့​ရှေ့​မှ​ချီတက်​၍ စစ်တိုက်​လိမ့်မည်​”​ဟု ဆို​ကြ​၏​။
21ရှမွေလ​သည် လူ​တို့​ပြော​သမျှ​ကို နားထောင်​ပြီးနောက် ထာဝရဘုရား​ရှေ့​တော်​သို့ ပြန်လျှောက်တင်​လေ​၏​။ 22ထာဝရဘုရား​က​လည်း ရှမွေလ​အား “​သူ​တို့​စကား​ကို နားထောင်​ပြီး သူ​တို့​အတွက် ရှင်ဘုရင်​တင်မြှောက်​ပေး​လော့​”​ဟု မိန့်​တော်မူ​သဖြင့် ရှမွေလ​က အစ္စရေး​အမျိုးသား​တို့​အား “​ကိုယ့်​မြို့​သို့ အသီးသီး​ပြန်သွား​ကြ​လော့​”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ပထမစောင် 8