YouVersion Logo
Search Icon

ဓမ္မရာဇဝင်ပထမစောင် 9

9
ရှောလုကိုရှင်ဘုရင်အဖြစ် ဘိသိက်ပေးခြင်း
1ကိရှ​အမည်​ရှိ​သော ဗင်္ယာမိန်​အမျိုးသား​တစ်​ယောက်​ရှိ​၏​။ သူ​သည် ဗင်္ယာမိန်​အမျိုးသား​အာဖိ​၏​တီ​၊ ဗေခေါရတ်​၏​မြစ်​၊ ဇေရော်​၏​မြေး​၊ အဗျေလ​၏​သား​ဖြစ်​၏​။ သူ​သည် ဥစ္စာပစ္စည်း​ကြွယ်ဝ​သူ​တစ်ဦး​ဖြစ်​၏​။ 2ထို​သူ​၌ ရှောလု ဟု​ခေါ်​သော သား​တစ်​ယောက်​ရှိ​၏​။ ရှောလု​သည် ငယ်ရွယ်နုပျို​၍ ရုပ်ရည်ခန့်ညား​သော​သူ​ဖြစ်​၏​။ အစ္စရေး​အမျိုးသား​တို့​ထဲတွင် သူ့​ထက်​ပို၍​ရုပ်ရည်ခန့်ညား​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ အခြား​သူ​များ​ထက်​လည်း ခေါင်းတစ်လုံးစာ အရပ်​ပို​မြင့်​၏​။
3တစ်နေ့တွင် ရှောလု​၏​ဖခင်​ကိရှ​သည် မြည်း​များ​ပျောက်ဆုံး​နေ​၏​။ ထို့ကြောင့် ကိရှ​က မိမိ​သား​ရှောလု​အား “​ထ​လော့​။ သင်​နှင့်အတူ ငယ်သား​တစ်​ယောက်​ကို ခေါ်​၍ မြည်း​များ​ကို သွား​ရှာ​လော့​”​ဟု ဆို​၏​။ 4သူ​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​တစ်လျှောက်လုံး​နှင့် ရှိလိရှ​နယ်မြေ​တစ်လျှောက်လုံး​တို့​တွင် ရှာ​သော်လည်း မ​တွေ့​။ ရှာလိမ်​နယ်​တစ်လျှောက်​တွင်​လည်း မ​ရှိ​။ ဗင်္ယာမိန်​နယ်​တစ်လျှောက်လုံး​တွင် ရှာ​သော်လည်း မ​တွေ့​။
5သူ​တို့​သည် ဇုဖ​နယ်​သို့ပင် ရောက်လာ​ကြ​၏​။ ထိုအခါ ရှောလု​က မိမိ​နှင့်အတူ​ပါလာ​သော​ငယ်သား​အား “​လာ​ပါ​။ ငါ​တို့​ပြန်လှည့်​ကြ​စို့​။ ငါ​၏​ဖခင်​သည် မြည်း​အတွက် မစိုးရိမ်​။ ငါ​တို့​အတွက် စိုးရိမ်​နေ​ရ​လိမ့်မည်​”​ဟု ဆို​၏​။
6ငယ်သား​က​လည်း “​ကြည့်​ပါ​။ ဤ​မြို့​တွင် ဘုရားသခင်​၏​လူ​တစ်​ဦး​ရှိ​၏​။ သူ​သည် လူ​အများ​ရိုသေလေးစား​ခြင်း​ကို ခံရ​သူ​ဖြစ်​၏​။ သူ​ပြော​သမျှ​စကား​တို့​သည်​လည်း အလုံးစုံ​ဖြစ်လာ​တတ်​၏​။ ယခု သူ့​ထံသို့​သွား​ကြ​စို့​။ အကျွန်ုပ်​တို့​သွား​ရ​မည့်​လမ်း​ကို သူ​ညွှန်ပြ​ကောင်း​ညွှန်ပြ​လိမ့်မည်​”​ဟု ဆို​၏​။
7ရှောလု​က​လည်း မိမိ​ငယ်သား​အား “​ယခု ထို​သူ့​ထံ​သွား​လျှင် မည်သည့်​အရာ​ယူဆောင်​သွား​ရ​မည်နည်း​။ ငါ​တို့​အိတ်​ထဲတွင် မုန့်​လည်း​ကုန်​ပြီ​။ ဘုရားသခင်​၏​လူ​ထံသို့ ယူဆောင်​သွား​ရန် ဘာ​လက်ဆောင်​မျှ မ​ရှိ​။ ငါ​တို့​၌ ဘာ​ကျန်​သေး​သနည်း​”​ဟု ဆို​၏​။
8ငယ်သား​က​လည်း ရှောလု​အား “​ကြည့်​ပါ​။ အကျွန်ုပ်​၌ ငွေ​ရှယ်ကယ်​တစ်မတ်#9:8 “0.19 ကျပ်သား သို့မဟုတ် 2.9 ဂရမ်”။ ရှိ​ပါ​၏​။ ဤ​ငွေ​ကို ဘုရားသခင်​၏​လူ​အား ပေး​ပါ​မည်​။ သူ​သည် အကျွန်ုပ်​တို့​သွား​ရ​မည့်​လမ်း​ကို ပြ​ပါ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။
9(​ရှေးယခင်​က အစ္စရေး​လူမျိုး​တို့​တွင် တစ်စုံတစ်ဦး​က ဘုရားသခင်​ထံ သွားရောက်​မေးမြန်း​လို​လျှင် “​လာ​ကြ​။ စိတ်အာရုံရသူ​ထံ သွား​ကြ​စို့​”​ဟု ဆို​လေ့​ရှိ​၏​။ ယခု ပရောဖက်​ဟု ခေါ်ဆို​သူ​ကို ယခင်က စိတ်အာရုံရသူ​ဟု ခေါ်ဆို​ကြ​၏​။​)
10ရှောလု​က​လည်း မိမိ​ငယ်သား​အား “​သင်​ပြော​သည့်​အတိုင်း ကောင်း​ပါ​၏​။ လာ​ပါ​။ ငါ​တို့ သွား​ကြ​စို့​”​ဟု ဆို​လျက် ဘုရားသခင်​၏​လူ​ရှိ​ရာ​မြို့​သို့ သွား​ကြ​၏​။ 11ထို​မြို့​သို့​သွား​ရန် တောင်ကုန်း​ကို​တက်လာ​ကြ​စဉ် ရေ​ခပ်​ထွက်လာ​သော​မိန်းမပျို​တို့​နှင့်​တွေ့​၍ “ဤ​မြို့​တွင် စိတ်အာရုံရသူ ရှိ​ပါ​သလော​”​ဟု မေး​၏​။
12သူ​တို့​က​လည်း “​ရှိ​ပါ​၏​။ ကြည့်ရှု​လော့​။ သင်​တို့​ရှေ့​၌ သွား​လျက်​ရှိ​ပါ​၏​။ အလျင်အမြန်​လိုက်သွား​ပါ​လော့​။ ယနေ့​တွင် လူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​၌ ယဇ်ပူဇော်​ကြ​မည်​ဖြစ်၍ ဤ​မြို့​သို့ ယခု သူ​ရောက်လာ​ပါ​၏​။ 13သူ​မ​ရောက်လာ​မ​ချင်း လူ​တို့​သည် စား​ခွင့်​မ​ရှိ​။ သူ​လာ​၍ ယဇ်ကောင်​ကို​ကောင်းချီးပေး​ပြီးမှ ဖိတ်ခေါ်​ထား​သော​သူ​တို့​သည် စား​ရ​မည်​ဖြစ်​သောကြောင့် စားသောက်​ဖို့ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့ သူ​မ​တက်သွား​မီ သင်​တို့ မြို့​ထဲ​ဝင်​သည်​နှင့် သူ့​ကို​တွေ့​ရ​လိမ့်မည်​။ ထို့ကြောင့် ယခု သင်​တို့​တက်သွား​လျှင် သူ့​ကို​တွေ့​နိုင်​ကောင်း​ပါ​၏”​ဟု ပြန်ပြော​၏​။ 14သူ​တို့​သည် မြို့​သို့​တက်သွား​၍ မြို့​ထဲ​သို့​ဝင်လာ​စဉ်တွင် ရှမွေလ​သည်​လည်း အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့ တက်သွား​သည်​နှင့်​ဆုံ​၏​။
15ရှောလု​မ​လာ​မီ​တစ်​ရက်​အလို​တွင် ထာဝရဘုရား​က ရှမွေလ​အား 16“​မနက်ဖြန် ယခုလို​အချိန်​တွင် ဗင်္ယာမိန်​ပြည်သား​တစ်​ယောက်​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်သူမင်း​အဖြစ် သူ့​ကို သင်​ဘိသိက်ပေး​ရ​မည်​။ သူ​သည် ငါ့​လူမျိုး​တော်​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။ သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်လာ​သည်​ဖြစ်၍ ငါ​၏​လူမျိုး​တော်​တို့​ကို ငါ​ကြည့်ရှု​ပြီ​”​ဟု ကြားသိ​စေ​၏​။ 17ရှမွေလ​သည် ရှောလု​ကို​မြင်​သောအခါ ထာဝရဘုရား​က ရှမွေလ​အား “​ကြည့်ရှု​လော့​။ ဤ​သူ​သည် သင့်​အား ငါ​မိန့်ကြား​ထား​သော​သူ ဖြစ်​၏​။ သူ​သည် ငါ့​လူမျိုး​တော်​ကို အုပ်ချုပ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
18ရှောလု​သည် မြို့​တံခါး​နား​ရှိ ရှမွေလ​ထံသို့ ချဉ်းကပ်​လာ​လျက် “​စိတ်အာရုံရသူ​၏​အိမ်​သည် အဘယ်မှာ​ရှိ​သနည်း​။ အကျွန်ုပ်​အား ပြောပြ​ပါ​လော့​”​ဟု ဆို​၏​။
19ရှမွေလ​က​လည်း ရှောလု​အား “​စိတ်အာရုံရသူ​မှာ ငါ​ပင်​ဖြစ်​၏​။ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့ ငါ့​ရှေ့​မှ​တက်သွား​လော့​။ ယနေ့​တွင် သင်​တို့​သည် ငါ​နှင့်အတူ စားသောက်​ရ​မည်​။ မနက်ဖြန်​မှ ပြန်​ကြ​ပါ​။ သင့်​စိတ်​ထဲ၌ သိလို​သော​အရာ​အားလုံး​ကို​လည်း ငါ​ပြောပြ​မည်​။ 20လွန်ခဲ့သော​သုံး​ရက်​က ပျောက်သွား​သော​မြည်း​များ​အတွက် စိတ်​မ​ပူ​နှင့်​။ ထို​မြည်း​တို့​ကို ပြန်တွေ့​ပြီ​။ အစ္စရေး​လူမျိုး​သည် မည်သူ့​ကို အလိုရှိ​ပါ​သနည်း​။ သင်​နှင့် သင့်​ဖခင်​၏​အိမ်သူအိမ်သား​အပေါင်း​တို့​ကို​မ​ဟုတ်​လော​”​ဟု ပြန်ပြော​လေ​၏​။
21ရှောလု​က​လည်း “​အကျွန်ုပ်​အမျိုးအနွယ်​သည် အစ္စရေး​အမျိုးအနွယ်​တို့​တွင် အငယ်ဆုံး​ဖြစ်​သော​ဗင်္ယာမိန်​အမျိုးအနွယ်​မှ ဖြစ်​သည်​မ​ဟုတ်​လော​။ အကျွန်ုပ်​၏​မျိုးနွယ်စု​သည်​လည်း ဗင်္ယာမိန်​မျိုးနွယ်စု​အပေါင်း​တို့​တွင် အသိမ်ငယ်ဆုံး​မျိုးနွယ်စု ဖြစ်​သည်​မ​ဟုတ်​လော​။ ယခု အကျွန်ုပ်​အား အဘယ်ကြောင့် ဤ​စကား​များ​ကို​ပြော​သနည်း​”​ဟု ပြန်ပြော​၏​။
22ထို့နောက် ရှမွေလ​သည် ရှောလု​နှင့် သူ့​ငယ်သား​ကို ခန်းမ​ထဲသို့​ခေါ်လာ​၍ ဖိတ်ခေါ်​ထား​သော​သူ​အယောက်​သုံးဆယ်​ခန့်​တို့ ရှေ့​၌ ထိုင်​စေ​ပြီးလျှင် 23ရှမွေလ​က စားတော်ကဲ​အား “​သီးသန့်​ဖယ်ထား​ဖို့ ငါ​မှာထား​သော​အသား​ကို ယူ​ခဲ့​လော့​”​ဟု ဆို​၏​။
24စားတော်ကဲ​သည် ပေါင်သား​ကို​ယူလာ​၍ ရှောလု​ရှေ့​တွင် ချထား​၏​။ ရှမွေလ​က “​သင့်​ရှေ့​၌​ချထား​သော​အသား​ကို စား​ပါ​။ ဤ​အသား​သည် ဖိတ်ခေါ်​ထား​သော​သူ​တို့​နှင့်အတူ သတ်မှတ်​ထား​သော​အချိန်​တွင်​စား​ဖို့ သင့်​အတွက် ဖယ်ထား​ပေး​သော​အသား​ဖြစ်​၏​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေ့​တွင် ရှောလု​သည် ရှမွေလ​နှင့်အတူ စားသောက်​လေ​၏​။ 25သူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ မြို့​ထဲသို့​ပြန်ဆင်းလာ​ပြီး ရှမွေလ​သည် ခေါင်မိုးပြင်​တွင် ရှောလု​နှင့်​စကားပြော​၏​။
26နံနက်​အရုဏ်တက်​ချိန်​ရောက်​လျှင် ထ​ကြ​ပြီး ရှမွေလ​သည် ရှောလု​အား ခေါင်မိုးပြင်​မှ​ခေါ်​ဆင်းလာ​၍ “​အဆင်သင့်​ပြင်​ထား​လော့​၊ သင့်​ကို​ငါ​ပြန်လွှတ်​မည်​”​ဟု ဆို​လျှင် ရှောလု​သည်​ထ​၍ ရှမွေလ​နှင့်အတူ သူ​တို့​နှစ်​ဦး​အပြင်​သို့​ထွက်သွား​ကြ​၏​။ 27သူ​တို့​သည် မြို့​စွန်​သို့​ဆင်းသွား​စဉ် ရှမွေလ​က ရှောလု​အား “​သင့်​ငယ်သား​ကို ရှေ့​မှ​သွား​နှင့်​စေ​ပါ​”​ဟု ဆို​သဖြင့် ငယ်သား​လည်း သွား​နှင့်​လေ​၏​။ ထိုအခါ ရှမွေလ​က “​သင်​မူကား ဤ​နေရာ​၌ ခဏ​ရပ်​နေ​လော့​။ ဘုရားသခင်​၏​စကား​တော်​ကို သင့်​အား ငါ​ပြောပြ​မည်​”​ဟု ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in