YouVersion Logo
Search Icon

ဓမ္မရာဇဝင်ပထမစောင် 7

7
1ကိရယတ်ယာရိမ်​မြို့သား​တို့​သည်​လည်း ထာဝရဘုရား​၏​သေတ္တာ​တော်​ကို လာရောက်​ယူဆောင်​သွား​ကြ​ပြီး တောင်​ပေါ်​ရှိ​အဘိနဒပ်​အိမ်​၌ ထား​ကြ​၏​။ ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​စောင့်ရှောက်​ရန် အဘိနဒပ်​၏​သား​ဧလာဇာ​အား သန့်ရှင်း​ခြင်း​ဝတ်​ကို​ပြု​ပေး​ကြ​၏​။
မိဇပါမြို့၌ အောင်မြင်ခြင်း
2ထို​နေ့​မှစ၍ သေတ္တာ​တော်​သည် ကိရယတ်ယာရိမ်​မြို့​၌ အနှစ်​နှစ်ဆယ်​တိုင်တိုင် အချိန်​ကြာမြင့်​စွာ​ရှိ​နေ​၏​။ ထို​အချိန်​အတွင်း​တွင် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ထာဝရဘုရား​ကို မျှော်ကြည့်အားကိုး​လျက်​နေ​ကြ​၏​။ 3ထိုအခါ ရှမွေလ​က အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား “​သင်​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့ ထာဝရဘုရား​ထံ​တော်​သို့​ပြန်လာ​လို​လျှင် သင်​တို့​တွင်​ရှိ​သော​တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​၊ အာရှတရက်​ဘုရား​များ​ကို ဖယ်ရှား​ရ​မည်​။ ထာဝရဘုရား​ထံ၌​သာ စိတ်အာရုံပြု​၍ ကိုယ်တော်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်​။ သို့ပြုလျှင် သင်​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်နုတ်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။ 4ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ဗာလ​ဘုရား​များ​၊ အာရှတရက်​ဘုရား​များ​ကို ဖယ်ရှား​၍ ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။
5ထိုအခါ ရှမွေလ​က သူ​တို့​အား “​အစ္စရေး​တစ်မျိုးသားလုံး​ကို မိဇပါ​မြို့​၌ စုဝေး​စေ​ကြ​လော့​။ သင်​တို့​အဖို့ ထာဝရဘုရား​ထံ ငါ​ဆုတောင်း​ပေး​မည်​”​ဟု ဆို​၏​။ 6အစ္စရေး​အမျိုးသား​တို့​သည်​လည်း မိဇပါ​မြို့​၌​စုဝေး​ကြ​၏​။ ရေ​ကို​ခပ်​ပြီး ထာဝရဘုရား​ရှေ့​တော်​၌​သွန်းလောင်း​ကြ​၏​။ ထို​နေ့​၌ အစာရှောင်​ကြ​ပြီး သူ​တို့​က “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​ခဲ့​ကြ​ပြီ​”​ဟု ဝန်ခံ​ကြ​၏​။ ဤသို့ဖြင့် ရှမွေလ​သည် မိဇပါ​မြို့​၌ အစ္စရေး​အမျိုးသား​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။
7အစ္စရေး​အမျိုးသား​တို့​သည် မိဇပါ​မြို့​၌ စုဝေး​ကြ​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​သောအခါ ဖိလိတ္တိ​မင်း​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို​တိုက်ခိုက်​ရန် ချီလာ​ကြ​၏​။ ထို​သတင်း​ကို အစ္စရေး​အမျိုးသား​တို့ ကြားသိ​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​ကို ကြောက်ရွံ့​ကြ​ကုန်​၏​။ 8ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​က ရှမွေလ​အား “​အကျွန်ုပ်​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ​ကယ်နုတ်​တော်မူ​ပါ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အကျွန်ုပ်​တို့​အဖို့ ဆက်လက်​ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။
9ထိုအခါ ရှမွေလ​က နို့မပြတ်​သေး​သော​သိုးသငယ်​တစ်​ကောင်​ကို ယူ​၍ တစ်ကောင်လုံး​ရှို့​ရ​သော​မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ပြီး အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ထာဝရဘုရား နားညောင်း​တော်မူ​၏​။ 10ထိုသို့ ရှမွေလ​သည် မီးရှို့ရာယဇ်​ကို ပူဇော်​နေ​စဉ် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် စစ်ချီ​လာ​ကြ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​သည် ကျယ်လောင်​စွာ​မိုးချုန်း​စေ​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ ဤသို့ဖြင့် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​လေ​၏​။ 11အစ္စရေး​အမျိုးသား​တို့​သည်​လည်း မိဇပါ​မြို့​မှ​ထွက်​၍ ဗက်ကာ​မြို့​အောက်​ဘက်​တိုင်အောင် ဖိလိတ္တိ​လူမျိုး​တို့​ကို လိုက်လံ​သတ်ဖြတ်​လေ​၏​။
12ထို့နောက် ရှမွေလ​သည် ကျောက်တုံး​တစ်​တုံး​ကို​ယူ​၍ မိဇပါ​မြို့​နှင့် ရှင်​မြို့​ကြား​တွင် ထား​ပြီး “​ထာဝရဘုရား​သည် ယခု​တိုင်အောင် ငါ​တို့​ကို​ကူညီမစ​တော်မူ​၏​”​ဟု ဆို​လျက် ထို​ကျောက်တုံး​၏​အမည်​ကို ဧဗနေဇာ#7:12 “ကူညီမစရာကျောက်တုံး”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု​ခေါ်​လေ​၏​။ 13ဤသို့ ဖိလိတ္တိ​လူမျိုး​တို့ ရှုံးနိမ့်​သဖြင့် အစ္စရေး​လူမျိုး​တို့​၏​နယ်မြေ​ထဲသို့ နောက်တစ်ဖန် မ​ကျူးကျော်​ဝံ့​ကြ​တော့​ချေ​။ ရှမွေလ​လက်ထက်​တစ်လျှောက်လုံး ထာဝရဘုရား​၏​လက်​တော်​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ဆန့်ကျင်​တော်မူ​၏​။ 14အစ္စရေး​လူမျိုး​တို့​ထံမှ ဖိလိတ္တိ​လူမျိုး​တို့ သိမ်းပိုက်​ခဲ့​သော​မြို့​များ​ကို ဧကြုန်​မြို့​မှစ၍ ဂါသ​မြို့​တိုင်အောင် အစ္စရေး​လူမျိုး​တို့ ပြန်လည်​ရရှိ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ အစ္စရေး​လူမျိုး​တို့​အပိုင် နယ်မြေ​များ​ကို ပြန်လည်​ရရှိ​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​သည် အာမောရိ​လူမျိုး​တို့​နှင့်​လည်း သင့်မြတ်​ခြင်း​ရှိ​လေ​၏​။
15ရှမွေလ​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။ 16သူ​သည် နှစ်စဉ် ဗေသလ​မြို့​၊ ဂိလဂါလ​မြို့​၊ မိဇပါ​မြို့​များ​သို့ လှည့်လည်​သွားလာ​ပြီး ထို​မြို့​များ​ရှိ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​၏​။ 17ထို့နောက် မိမိ​အိမ်​ရှိ​ရာ ရာမ​မြို့​သို့​ပြန်လာ​ပြီး ထို​မြို့​ရှိ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။ ထို​မြို့​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​လည်း တည်​ထား​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ပထမစောင် 7