YouVersion Logo
Search Icon

ဓမ္မရာဇဝင်ပထမစောင် 4

4
ပဋိညာဉ်သေတ္တာတော်ကို ဖိလိတ္တိလူမျိုးတို့သိမ်းယူသွားခြင်း
1ရှမွေလ​၏​စကား​သည် အစ္စရေး​တစ်မျိုးလုံး​ထံသို့ ရောက်ရှိ​၏​။ ယခု​တွင် အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ရင်ဆိုင်​တိုက်ခိုက်​ရန် ချီတက်​၍ ဧဗနေဇာ​မြို့​တွင် စခန်းချ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​ကား အာဖက်​မြို့​တွင် စခန်းချ​ကြ​၏​။ 2ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့် စစ်ခင်းကျင်း​ကြ​ရာ စစ်ပွဲ​ပြင်းထန်​၍ အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​လေ​၏​။ စစ်​မြေပြင်​တွင် အစ္စရေး​လူမျိုး​လေး​ထောင်​ခန့် ကျဆုံး​လေ​၏​။
3စစ်သည်​တို့​သည် တပ်စခန်း​သို့​ပြန်ရောက်​လာ​ကြ​သောအခါ အစ္စရေး​သက်ကြီးဝါကြီး​တို့​က “​ယနေ့ ထာဝရဘုရား​သည် ငါ​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​ရှေ့​တွင် အဘယ်ကြောင့် ရှုံးနိမ့်​စေ​သနည်း​။ ရှိလော​မြို့​ရှိ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ငါ​တို့​ထံ ယူဆောင်​လာ​ကြ​စို့​။ သို့ပြုလျှင် ကိုယ်တော်​သည် ငါ​တို့​နှင့်အတူ​ကြွ​တော်မူ​၍ ငါ​တို့​ကို ရန်သူ​တို့​လက်​မှ ကယ်တင်​တော်မူ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။ 4ထို့နောက် ရှိလော​မြို့​သို့ လူ​လွှတ်​၍ ခေရုဗိမ်#4:4 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​အထက်​တွင် စံနေ​တော်မူ​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ရှိလော​မြို့​မှ ယူဆောင်​လာ​စေ​၏​။ ဧလိ​၏​သား​နှစ်​ဦး​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​လည်း ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​နှင့်အတူ လိုက်ပါ​လာ​ကြ​၏​။ 5တပ်စခန်း​ထဲသို့ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ရောက်လာ​သောအခါ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် မြေကြီး​တုန်လှုပ်မတတ် ကျယ်လောင်​စွာ​ကြွေးကြော်​ကြ​လေ​၏​။
6ထို​ကြွေးကြော်သံ​ကို ကြား​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​က “​ဟေဗြဲ​တပ်စခန်း​မှ ကြွေးကြော်​သံ​ကြီး​ကား အဘယ်နည်း​”​ဟု မေးမြန်း​စူးစမ်း​၍ တပ်စခန်း​ထဲသို့ ထာဝရဘုရား​၏​သေတ္တာ​တော် ရောက်လာ​ကြောင်း​သိ​ရ​လျှင် 7ဖိလိတ္တိ​လူမျိုး​တို့​သည် ကြောက်ရွံ့​ကြ​၍ “​တပ်စခန်း​အတွင်း​သို့ ဘုရားသခင် ရောက်​လေ​ပြီ​။ ငါ​တို့​၌ အမင်္ဂလာ​ဖြစ်​လေ​ပြီ​။ ယခင်က ဤသို့​တစ်ခါ​မျှ​မ​ဖြစ်​စ​ဖူး​။ 8ငါ​တို့​၌ အမင်္ဂလာ ဖြစ်​လေ​ပြီ​။ ဤ​တန်ခိုးကြီး​သော​ဘုရား​၏​လက်​မှ ငါ​တို့​ကို မည်သူ​ကယ်တင်​မည်နည်း​။ ဤ​ဘုရား​ကား တောကန္တာရ​၌ အီဂျစ်​လူမျိုး​တို့​ကို ကပ်ရောဂါ​အမျိုးမျိုး​ဖြင့် ဒဏ်ခတ်​တော်မူ​သော​ဘုရား​ဖြစ်​၏​။ 9အို ဖိလိတ္တိ​လူမျိုး​တို့​၊ အားယူ​ကြ​လော့​။ ယောက်ျား​ပီသ​ကြ​လော့​။ သို့မဟုတ်လျှင် ဟေဗြဲ​လူမျိုး​တို့​သည် သင်​တို့​ထံ၌ ကျွန်ခံ​ခဲ့​ရ​သကဲ့သို့ သင်​တို့​သည် သူ​တို့​ထံ ကျွန်ပြန်ခံ​ရ​မည်​။ ထို့ကြောင့် ယောက်ျားပီပီ တိုက်​ကြ​လော့​”​ဟု ပြောဆို​ကြ​ပြီး
10ဖိလိတ္တိ​လူမျိုး​တို့​သည် စစ်တိုက်​ကြ​ရာ အစ္စရေး​လူမျိုး​တို့ ရှုံးနိမ့်​သဖြင့် မိမိ​တို့​တဲ​သို့ အသီးသီး​ပြန်ပြေး​ကြ​လေ​၏​။ တိုက်ပွဲ​ပြင်းထန်​လွန်း​သဖြင့် အစ္စရေး​လူမျိုး​တို့​ဘက်​မှ ခြေလျင်တပ်သား​သုံးသောင်း​ကျဆုံး​လေ​၏​။ 11ဘုရားသခင်​၏​သေတ္တာ​တော်​သည် ရန်သူ့​လက်​သို့​ပါသွား​ပြီး ဧလိ​၏​သား​နှစ်​ဦး​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​လည်း ကျဆုံး​လေ​၏​။
ဧလိသေဆုံးခြင်း၊ ဣခဗုဒ်မွေးဖွားခြင်း
12ထို​နေ့​တွင်ပင် ဗင်္ယာမိန်​အမျိုးသား​တစ်​ဦး​သည် မိမိ​အဝတ်​ကို​ဆုတ်​လျက်​၊ မိမိ​ခေါင်း​ပေါ်တွင်​မြေမှုန့်​ကို တင်​လျက် စစ်မြေပြင်​မှ ရှိလော​မြို့​သို့ အပြေးအလွှား​ရောက်လာ​၏​။ 13ထို​သူ​ရောက်လာ​သော​အချိန်​တွင် ဧလိ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​အတွက် စိတ်ပူပန်​သဖြင့် လမ်း​ဘေး​ထိုင်ခုံ​ပေါ်၌ ထိုင်​လျက်​စောင့်​နေ​၏​။ ထို​သူ​သည် မြို့​ထဲသို့​ရောက်လာ​ပြီး စစ်သတင်း​ကို ပြောကြား​သောအခါ တစ်မြို့လုံး​အော်ဟစ်​ငိုကြွေး​ကြ​၏​။ 14ထို​အော်ဟစ်သံ​များ​ကို ဧလိ​ကြား​လျှင် “​ဤ​အုတ်အော်သောင်းနင်း​အသံ​များ​ကား အဘယ်သို့နည်း​”​ဟု မေး​၏​။ ထို​သူ​လည်း အလျင်အမြန်​လာ​ပြီး ဧလိ​အား​ပြောပြ​လေ​၏​။ 15ထို​အချိန်​၌ ဧလိ​သည် အသက်​ကိုးဆယ့်​ရှစ်​နှစ်​အရွယ်​ရှိ​ပြီး မျက်စိ​အားနည်း​၍ မ​မြင်​နိုင်​တော့​ပေ​။
16ထို​သူ​က ဧလိ​အား “​အကျွန်ုပ်​သည် စစ်မြေပြင်​မှ ထွက်ပြေး​လာ​သူ​ဖြစ်​ပါ​၏​။ ယနေ့ပင် စစ်မြေပြင်​မှ ထွက်ပြေး​လာ​ပါ​၏​”​ဟု ပြော​လျှင် ဧလိ​က “​ငါ့​သား​၊ အခြေအနေ မည်သို့​ရှိ​သနည်း​”​ဟု မေး​၏​။
17စစ်သတင်းကြားပြော​သူ​က​လည်း “​အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံ​မှ ထွက်ပြေး​ရ​ပါ​၏​။ လူ​အမြောက်အမြား ကျဆုံး​ပါ​၏​။ သခင်​၏​သား​နှစ်​ဦး​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​လည်း ကျဆုံး​ပါ​ပြီ​။ ဘုရားသခင်​၏​သေတ္တာ​တော်​လည်း ရန်သူ့​လက်​သို့ ပါသွား​ပါ​ပြီ​”​ဟု ကြားပြော​လေ​၏​။ 18ထိုသို့ ဘုရားသခင်​၏​သေတ္တာ​တော်​အကြောင်း​ကို ကြားလိုက်​ရ​သောအခါ ဧလိ​သည် မြို့​တံခါး​နား သူ​ထိုင်​နေ​သော​ထိုင်ခုံ​ပေါ်​မှ အနောက်​သို့​လန်ကျ​ရာ အသက်​လည်း​ကြီး လူ​လည်း​ဝ​သဖြင့် ဇက်​ကျိုး​ကာ သေ​လေ​၏​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​လေးဆယ် စီရင်အုပ်ချုပ်​ခဲ့​၏​။
19သူ​၏​ချွေးမ​ဖြစ်​သူ ဖိနဟတ်​၏​မယား​သည်​လည်း သားဖွား​ခါနီး​ကိုယ်ဝန်​အရင့်အမာ​နှင့် ဖြစ်​နေ​၍ ဘုရားသခင်​၏​သေတ္တာ​တော် ရန်သူ့​လက်​သို့​ပါသွား​ကြောင်း​၊ ယောက္ခမ​နှင့်​ခင်ပွန်း​သေဆုံး​ကြောင်း သတင်း​များ​ကြား​ရ​သောအခါ ချက်ချင်းပင် သားဖွား​ခြင်း​ဝေဒနာ​အလူးအလိမ့်​ခံစား​လာ​ရ​၍ သားဖွား​လေ​၏​။ 20သူ​သေခါနီး​တွင် သူ့​အနီး​ရှိ​အမျိုးသမီး​များ​က “​မ​ကြောက်​နှင့်​၊ သင် သား​ယောက်ျားလေး​မွေး​ပြီ​”​ဟု ဆို​သော်လည်း သူ​ပြန်​မ​ပြော​နိုင်​၊ အရေး​လည်း​မ​စိုက်​နိုင်​တော့​ပေ​။ 21ဘုရားသခင်​၏​သေတ္တာ​တော်​သည် ရန်သူ့​လက်​သို့​ပါသွား​၍ ယောက္ခမ​နှင့်​ခင်ပွန်းသည်​တို့​လည်း ဆုံးပါး​သွား​သောကြောင့် “အစ္စရေး​လူမျိုး​ထံမှ ဘုန်းအသရေ ပျောက်ကွယ်​သွား​ပြီ”​ဟု ဆို​လျက် ထို​သူငယ်​၏​အမည်​ကို ဣခဗုဒ် ဟု​မှည့်ခေါ်​လေ​၏​။ 22ထို့နောက် သူ​က “ဘုရားသခင်​၏​သေတ္တာ​တော်​သည် ရန်သူ​တို့​လက်​သို့​ပါသွား​ပြီ​ဖြစ်၍ အစ္စရေး​လူမျိုး​ထံမှ ဘုန်းအသရေ ပျောက်ကွယ်​သွား​လေ​ပြီ”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ပထမစောင် 4