ဓမ္မရာဇဝင်ပထမစောင် 5
5
ဖိလိတ္တိလူမျိုးတို့လက်သို့ ပဋိညာဉ်သေတ္တာတော်ရောက်သွားခြင်း
1ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သိမ်းယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့သယ်ဆောင်သွားကြ၏။ 2ထိုသို့ ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်သွားပြီး ဒါဂုန်ဝတ်ကျောင်းသို့ ယူသွား၍ ဒါဂုန်ဘုရားဘေး၌ ထားကြ၏။ 3နောက်တစ်နေ့တွင် အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲနေသည်ကို တွေ့သဖြင့် သူတို့သည် ဒါဂုန်ဘုရားကိုယူ၍ သူ့နေရာ၌ ပြန်ထားကြ၏။ 4နောက်တစ်နေ့နံနက်စောစောထကြသောအခါတွင်လည်း ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲကျနေ၏။ ဒါဂုန်ဘုရား၏ဦးခေါင်းနှင့်လက်ဖဝါးနှစ်ဖက်မှာ တံခါးခုံပေါ်တွင် ပြတ်ကျနေပြီး ဒါဂုန်ဘုရားသည် ကိုယ်ထည်ကြီးသာ ကျန်ရှိနေသည်ကို တွေ့ရှိကြလေ၏။ 5ထိုအကြောင်းကြောင့် အာဇုတ်မြို့တွင် ယနေ့တိုင်အောင် ဒါဂုန်၏ယဇ်ပုရောဟိတ်များနှင့် ဒါဂုန်ဝတ်ကျောင်းထဲသို့ ဝင်သောသူတိုင်း ဒါဂုန်တံခါးခုံကို မနင်းဘဲ ကျော်သွားကြ၏။
6ထာဝရဘုရား၏လက်တော်သည် အာဇုတ်မြို့သားတို့ကို ပြင်းထန်စွာဒဏ်ခတ်တော်မူ၏။ အာဇုတ်မြို့နှင့် ဝန်းကျင်တစ်ဝိုက်ကို ပလိပ်ရောဂါဖြင့် ဖျက်ဆီးသတ်ဖြတ်တော်မူ၏။ 7ထိုအခြင်းအရာကိုမြင်လျှင် အာဇုတ်မြို့သားတို့က “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်လက်တော်သည် ငါတို့နှင့် ငါတို့၏ဘုရားဒါဂုန်ကို ပြင်းထန်စွာဒဏ်ခတ်တော်မူပြီ။ ထိုဘုရား၏သေတ္တာတော်ကို ငါတို့နှင့်အတူ မထားသင့်”ဟု ဆိုကြ၏။ 8ထို့ကြောင့် သူတို့သည် လူလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို ခေါ်ယူစုဝေးစေပြီးလျှင် “အကျွန်ုပ်တို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို မည်သို့ပြုရပါမည်နည်း”ဟု မေးကြ၏။
ထိုအခါ သူတို့က “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ပို့လိုက်ပါ”ဟု ဆိုကြ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ပို့လိုက်ကြ၏။ 9သေတ္တာတော်ကို သယ်ဆောင်သွားကြရာ ထိုမြို့ကိုလည်း ထာဝရဘုရား၏လက်တော်သည် ဒဏ်ခတ်တော်မူသဖြင့် အလွန်တုန်လှုပ်ချောက်ချားကြကုန်၏။ ထိုမြို့ရှိမြို့သားတို့ကိုလည်း အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် ပလိပ်ရောဂါဖြင့် ဒဏ်ခတ်တော်မူ၏။
10ထို့ကြောင့် ဘုရားသခင်၏သေတ္တာတော်ကို ဧကြုန်မြို့သို့ပို့လိုက်ပြန်၏။ ထိုသို့ ဘုရားသခင်၏သေတ္တာတော်သည် ဧကြုန်မြို့သို့ ရောက်လာသောအခါ ဧကြုန်မြို့သားတို့က “ငါတို့နှင့် ငါတို့လူမျိုးကိုသတ်ဖြတ်ရန် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ငါတို့ထံ ပို့လိုက်လေပြီတကား”ဟု အော်ဟစ်ကြ၏။ 11ထို့ကြောင့် သူတို့သည် လူလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို ခေါ်ယူစုဝေးစေပြီးလျှင် “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို အဝေးသို့ပို့လိုက်ပါလော့။ သူ့နေရာ သူပြန်ရောက်ပါစေ။ သို့မဟုတ်လျှင် ငါတို့နှင့် ငါတို့လူမျိုးကိုသတ်ဖြတ်လိမ့်မည်”ဟု ဆိုကြ၏။ အကြောင်းမူကား ဘုရားသခင်လက်တော်သည် ထိုမြို့ကို ပြင်းထန်စွာဒဏ်ခတ်သဖြင့် တစ်မြို့လုံးသည် သေရမည်ကို ကြောက်လန့်နေကြ၏။ 12အသက်မသေဘဲ ကျန်ရစ်သူတို့မှာ ပလိပ်ရောဂါဖြင့် ဒဏ်ခတ်ခံရသောကြောင့် တစ်မြို့လုံး၏အော်ဟစ်သံသည် မိုးကောင်းကင်အထိ ရောက်လေ၏။
Currently Selected:
ဓမ္မရာဇဝင်ပထမစောင် 5: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative