YouVersion Logo
Search Icon

ဓမ္မရာဇဝင်ပထမစောင် 3

3
ရှမွေလကို ခေါ်တော်မူခြင်း
1သူငယ်​ရှမွေလ​သည် ဧလိ​ထံပါး​၌​နေ​၍ ထာဝရဘုရား​၏​အမှု​တော်​ကို ထမ်းဆောင်​လျက်​နေ​၏​။ ထို​နေ့ရက်​များ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​ခဲ​၏​။ ဗျာဒိတ်နိမိတ်​လည်း နည်းပါး​လှ​၏​။
2ဧလိ​သည်​လည်း မျက်စိ​အားနည်း​၍ မ​မြင်​နိုင်​တော့​ပေ​။ တစ်နေ့တွင် သူ​သည် အိပ်ခန်း​ထဲ၌​အိပ်​နေ​၏​။ 3ဘုရားသခင်​ရှေ့​တော်​မှ​မီးခွက်​သည် မ​ငြိမ်း​သေး​။ ရှမွေလ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ရှိ​ရာ ထာဝရဘုရား​၏​ဗိမာန်​တော်​၌ အိပ်​လျက်​နေ​၏​။
4ထိုအခါ ထာဝရဘုရား​သည် ရှမွေလ​ကို​ခေါ်​တော်မူ​လျှင် ရှမွေလ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လျက် 5ဧလိ​ထံသို့​ပြေးလာ​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု ဆို​၏​။ ဧလိ​က “​ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု သူ့​အား​ဆို​သဖြင့် သူ​ပြန်သွား​၍​အိပ်​လေ​၏​။
6ထာဝရဘုရား​သည် ရှမွေလ​ကို​ထပ်၍​ခေါ်​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍​ဧလိ​ထံသို့​သွား​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု​ဆို​လျှင် ဧလိ​က “​ငါ့​သား​၊ ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု ဆို​၏​။
7ထိုစဉ်က ရှမွေလ​သည် ထာဝရဘုရား​နှင့်​သိကျွမ်း​ခြင်း​မ​ရှိ​သေး​။ ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ကို​လည်း မ​ရရှိ​ဖူး​သေး​။ 8ထာဝရဘုရား​သည် ရှမွေလ​ကို တတိယ​အကြိမ်​ခေါ်​တော်မူ​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍ ဧလိ​ထံသို့​သွား​ပြီးလျှင် “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​ပြန်​၏​။
ထိုအခါ သူငယ်​ကို ထာဝရဘုရား​ခေါ်​တော်မူ​ကြောင်း ဧလိ​သိ​သွား​လေ​၏​။ 9ထို့ကြောင့် ဧလိ​က ရှမွေလ​အား “​ပြန်အိပ်​ပါ​လော့​။ သင့်​ကို နောက်တစ်ဖန်​ခေါ်​လျှင် ‘​ထာဝရဘုရား​၊ အမိန့်​ရှိ​တော်မူ​ပါ​။ ကိုယ်တော့်​အစေအပါး နာခံ​လျက်​ရှိ​ပါ​၏​’​ဟု ပြန်လျှောက်​လော့​”​ဟု မှာလိုက်​၏​။ ရှမွေလ​ပြန်သွား​၍ မိမိ​အိပ်ရာ​၌ အိပ်​လေ​၏​။
10ထာဝရဘုရား​သည် ကြွလာ​၍​ရပ်​တော်မူ​လျက် “​ရှမွေလ​၊ ရှမွေလ​”​ဟု ယခင်က​ကဲ့သို့ ခေါ်​တော်မူ​လျှင် ရှမွေလ​က “​အမိန့်​ရှိ​တော်မူ​ပါ​။ ကိုယ်တော်​၏​အစေအပါး နာခံ​လျက်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။
11ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​ကြည့်ရှု​လော့​။ ကြား​ရ​သူ​တိုင်း နားခါး​စေ​မည့်​အဖြစ်​ကို အစ္စရေး​လူမျိုး​တွင် ငါ​ပြု​မည်​။ 12ထို​နေ့ရက်​တွင် ဧလိ​မှအစ သူ့​အိမ်သူအိမ်သား​တို့​နှင့်​ပတ်သက်၍ ငါ​မိန့်ဆို​ထား​သည့်​အတိုင်း အစ​အဆုံး​ဖြစ်​စေ​မည်​။ 13သူ့​သား​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ကျိန်ဆဲစရာ​ဖြစ်​သည့်​တိုင်အောင် အပြစ်​ပြု​သည်​ကို သူ​သိ​သော်လည်း သူ​သည် သား​တို့​ကို​မ​ဆုံးမ​သောကြောင့် ထို​ဒုစရိုက်အပြစ်​အတွက် ငါ​သည် သူ့​အိမ်သူအိမ်သား​တို့​ကို အစဉ်​ဒဏ်ခတ်​မည်​ဖြစ်ကြောင်း သူ့​ကို​ငါ​ပြော​ထား​ပြီး​ဖြစ်​၏​။ 14ထို့ကြောင့် ဧလိ​၏​အိမ်သူအိမ်သား​တို့​ကို ငါ​ကျိန်​ထား​ခဲ့​ပြီ​။ ဧလိ​အိမ်သူအိမ်သား​တို့​၏​ဒုစရိုက်အပြစ်​သည် ယဇ်ပူဇော်​ခြင်း​၊ ဘောဇဉ်ပူဇော်သက္ကာ​ပူဇော်​ခြင်း​အားဖြင့် မည်သည့်​အခါ​မျှ​အပြစ်လွတ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။
15ရှမွေလ​သည် နံနက်​တိုင်အောင် အိပ်​ပြီးမှ ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​ကို ဖွင့်​၏​။ သူ​မြင်​ရ​သော နိမိတ်အာရုံ​အကြောင်း ဧလိ​အား ဖွင့်ပြော​ရ​မည်​ကို ရှမွေလ​ကြောက်ရွံ့​နေ​မိ​၏​။ 16ဧလိ​က ရှမွေလ​အား “​ငါ့​သား​၊ ရှမွေလ​”​ဟု ခေါ်​လျှင် ရှမွေလ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လေ​၏​။
17ဧလိ​က​လည်း “​သင့်​အား မည်သည့်​သတင်းစကား​ကို မိန့်ကြား​တော်မူ​သနည်း​။ ငါ့​အား ထိမ်ဝှက်​မ​ထား​ပါ​နှင့်​။ မိန့်​တော်မူ​သမျှ​ထဲမှ​သတင်းစကား​တစ်စုံတစ်ခု​ကို ငါ့​အား သင်​ထိမ်ဝှက်​ထား​လျှင် ဘုရားသခင်​သည် သင့်​ကို ထိုထက်မက စီရင်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။ 18ထို့ကြောင့် ရှမွေလ​သည် မိန့်​တော်မူ​သော​အရာ​အားလုံး​ကို မ​ထိမ်ဝှက်​ဘဲ သူ့​အား ပြောပြ​လေ​၏​။ ထိုအခါ ဧလိ​က “​ဤသည်ကား ထာဝရဘုရား​မိန့်​တော်မူ​သော​အမှု​ဖြစ်​၏​။ ကိုယ်တော်​အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါစေသော​”​ဟု ဆို​၏​။
19ရှမွေလ​သည် ကြီးပြင်း​လာ​၍ ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​သဖြင့် သူ​၏​စကား​တစ်​ခွန်း​ကို​မျှ အချည်းနှီး​ဖြစ်စေ​တော်​မ​မူ#3:19 တိုက်ရိုက်ပြန်ဆိုလျှင် “မြေပေါ်သို့ကျစေတော်မမူ”။​။ 20ရှမွေလ​သည် ထာဝရဘုရား​၏​ပရောဖက်​ဖြစ်ကြောင်း​ကို ဒန်​မြို့​မှ ဗေရရှေဘ​မြို့​တိုင်အောင် အစ္စရေး​လူမျိုး​အပေါင်း​တို့ သိမှတ်​ကြ​၏​။ 21ထာဝရဘုရား​သည် ရှိလော​မြို့​တွင် အကြိမ်ကြိမ် ထင်ရှားပြ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ရှိလော​မြို့​ရှိ ရှမွေလ​ထံ ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​စကား​အားဖြင့် ကိုယ်​ထင်ရှားပြ​လေ့​ရှိ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in