ဓမ္မရာဇဝင်တတိယစောင် 6
6
ဗိမာန်တော်တည်ဆောက်ခြင်း
1ရှောလမုန်မင်းကြီးသည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး နှစ်ပေါင်းလေးရာရှစ်ဆယ်အကြာ၊ အစ္စရေးလူမျိုးတို့ကိုအုပ်ချုပ်သည့် လေးနှစ်မြောက်၊ ဇိဖဟုခေါ်သော ဒုတိယလတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ 2ထာဝရဘုရားအဖို့ ရှောလမုန်မင်းကြီးတည်ဆောက်သောအိမ်တော်မှာ အလျားအတောင်ခြောက်ဆယ်#6:2 “1080 လက်မ သို့မဟုတ် 2700 စင်တီမီတာ”။၊ အနံအတောင်နှစ်ဆယ်#6:2 “360 လက်မ သို့မဟုတ် 900 စင်တီမီတာ”။၊ အမြင့်အတောင်သုံးဆယ်#6:2 “540 လက်မ သို့မဟုတ် 1350 စင်တီမီတာ”။ရှိ၏။ 3အိမ်တော်၏ပင်မဆောင်ရှေ့ဆင်ဝင်သည် အိမ်တော်မျက်နှာစာအကျယ်ရှိသည့်အတိုင်း အလျားအတောင်နှစ်ဆယ်၊ အနံမှာ အိမ်တော်ရှေ့၌ အတောင်တစ်ဆယ်#6:3 “180 လက်မ သို့မဟုတ် 450 စင်တီမီတာ”။ရှိ၏။ 4အိမ်တော်ထဲတွင် အလင်းဝင်ပေါက်ဖြစ်သော ပြတင်းပေါက်ငယ်များကိုလည်း ဆောက်လုပ်၏။
5အိမ်တော်နံရံနှင့်ကပ်လျက် အခန်းများ ပတ်ပတ်လည်ဆောက်ထား၏။ ထိုအခန်းများကို အိမ်တော်၏ပင်မဆောင်နှင့် သန့်ရှင်းရာဌာနနံရံများတွင် ပတ်ပတ်လည်ဆောက်ထား၏။ 6အောက်ဆုံးထပ်အခန်းမှာ အနံငါးတောင်#6:6 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။၊ အလယ်ထပ်အခန်းမှာ အနံခြောက်တောင်#6:6 “108 လက်မ သို့မဟုတ် 270 စင်တီမီတာ”။၊ တတိယထပ်အခန်းမှာ အနံခုနစ်တောင်#6:6 “126 လက်မ သို့မဟုတ် 315 စင်တီမီတာ”။ရှိ၏။ အိမ်တော်နံရံကို ဖောက်မဝင်ဘဲ အိမ်တော်အပြင်နံရံပတ်ပတ်လည်တွင် အခန်းကိုထောက်ပင့်ထားသောဆင့်တို့ကို ပြုလုပ်ထား၏။ 7အိမ်တော်ကိုတည်ဆောက်ရာတွင် ကျောက်တွင်းမှ ဆစ်ပြီးသားကျောက်များကိုသာ အသုံးပြု၏။ ထို့ကြောင့် အိမ်တော်တည်ဆောက်ချိန်တွင် တူ၊ ပုဆိန်စသော သံထည်ကိရိယာတို့၏ထုသံနှက်သံကိုမျှ မကြားရ။
8မြေညီထပ်#6:8 တိုက်ရိုက်ပြန်ဆိုလျှင် “အလယ်ထပ်”။ရှိဝင်ပေါက်မှာ အိမ်တော်၏ယာဘက်ခြမ်းတွင်ရှိ၏။ ကြောင်လိမ်လှေကားဖြင့် အလယ်ထပ်၊ တတိယထပ်တို့သို့ တက်ရောက်နိုင်၏။ 9ဤသို့ အိမ်တော်ကိုတည်ဆောက်ပြီးစီးပြီးမှ အိမ်တော်အမိုးမျက်နှာကြက်ကို သစ်ကတိုးသား ထုပ်တန်းများ၊ ပျဉ်ချပ်များဖြင့် ပြုလုပ်၏။ 10အိမ်တော်ပတ်ပတ်လည်တွင် အမြင့်ငါးတောင်ရှိသောအခန်းငယ်များ ဆောက်လုပ်ထားပြီး ထိုအခန်းများကို သစ်ကတိုးသားရက်မများဖြင့် အိမ်တော်နှင့်တွဲဆက်ထား၏။
11တစ်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှောလမုန်မင်းကြီးထံသို့ရောက်လာ၍ 12“ဤအိမ်တော်ကို သင်တည်ဆောက်ခဲ့သည့်အတိုင်း သင်သည် ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို လိုက်နာ၍ ပညတ်တော်ရှိသမျှကို စောင့်ထိန်းမည်ဆိုလျှင် သင့်ခမည်းတော်ဒါဝိဒ်မင်းကြီး၌ ထားခဲ့သောကတိတော်များကို သင်၌ ငါတည်စေမည်။ 13အစ္စရေးအမျိုးသားတို့၌ ငါကိန်းဝပ်မည်။ ငါ့လူမျိုးတော်အစ္စရေးကို ငါမစွန့်ပစ်”ဟု မိန့်တော်မူ၏။
14ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ဤအိမ်တော်ကို ပြီးစီးသည့်တိုင် ဆောက်လုပ်ခဲ့ခြင်းဖြစ်၏။ 15အိမ်တော်အတွင်းနံရံကို သစ်ကတိုးပြားများဖြင့် တည်ဆောက်၏။ အိမ်တော်ကြမ်းပြင်မှ မျက်နှာကြက်အထိ အတွင်းနံရံများကို သစ်သားများဖြင့် အုပ်ထား၏။ အိမ်တော်ကြမ်းခင်းကိုမူ ထင်းရှူးပြားများဖြင့် ခင်းထား၏။ 16အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။ 17ထိုအခန်းရှေ့ဘက်ရှိပင်မဆောင်သည် အတောင်လေးဆယ်#6:17 “720 လက်မ သို့မဟုတ် 1800 စင်တီမီတာ”။ရှည်၏။ 18အိမ်တော်အတွင်းပိုင်းတွင် ကျောက်သားများမပေါ်အောင် သစ်ကတိုးသားကိုအုပ်ထား၏။ ထိုသစ်ကတိုးသားပေါ်တွင် သစ်သီးပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထား၏။
19ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထားရန် အိမ်တော်အတွင်းဆုံးပိုင်းတွင် သန့်ရှင်းရာဌာနကို ပြင်ဆင်ထား၏။ 20အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်နှစ်ဆယ်ရှိသော သန့်ရှင်းရာဌာန#6:20 တိုက်ရိုက်ပြန်ဆိုလျှင် “သန့်ရှင်းရာဌာနအရှေ့”။ကို ရွှေစင်ဖြင့် မွမ်းမံထားပြီး ယဇ်ပလ္လင်ကို သစ်ကတိုးသားဖြင့်လုပ်၏။ 21ဤသို့ ရှောလမုန်မင်းကြီးသည် အိမ်တော်အတွင်းပိုင်းကို ရွှေစင်နှင့်မွမ်းမံထားပြီး သန့်ရှင်းရာဌာန၏မျက်နှာစာတွင် ရွှေကြိုးများ သွန်းလုပ်သွယ်တန်းထား၏။ 22အိမ်တော်တစ်ခုလုံးကို ရွှေအတိနှင့်ပြီးစေ၏။ သန့်ရှင်းရာဌာနရှိ ယဇ်ပလ္လင်တစ်ခုလုံးကိုလည်း ရွှေဖြင့်မွမ်းမံထား၏။
23အမြင့်ဆယ်တောင်စီရှိသောခေရုဗိမ်#6:23 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။နှစ်ပါးကို သံလွင်သားဖြင့်ထုလုပ်၍ သန့်ရှင်းရာဌာနတော်တွင်ထား၏။ 24ထိုခေရုဗိမ်#6:24 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တစ်ပါး၏အတောင်ပံသည် တစ်ဖက်လျှင် ငါးတောင်ရှိပြီး တောင်ပံတစ်ဖက်ထိပ်မှအခြားတစ်ဖက်ထိပ်အထိ ဆယ်တောင်ရှိ၏။ 25နောက်ခေရုဗိမ်#6:25 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တစ်ပါး၏အတောင်ပံသည်လည်း ဆယ်တောင်ရှိ၏။ ခေရုဗိမ်နှစ်ပါးစလုံးမှာ အရွယ်အစားတူ၊ ပုံစံလည်းတူ၏။ 26ပထမခေရုဗိမ်#6:26 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။နှင့် ဒုတိယခေရုဗိမ်နှစ်ပါးစလုံးသည် ဆယ်တောင်စီ အမြင့်ရှိ၏။ 27ထိုခေရုဗိမ်#6:27 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့ကို အိမ်တော်အတွင်းခန်းတွင် ထားရှိ၏။ ခေရုဗိမ်၏အတောင်ပံတို့သည် ဖြန့်လျက်နေ၍ တစ်ပါး၏အတောင်ပံသည် နံရံတစ်ဖက်ကိုထိ၍ အခြားတစ်ပါး၏အတောင်ပံသည် နံရံအခြားတစ်ဖက်ကိုထိနေ၏။ ကျန်တောင်ပံနှစ်ခုမှာ အခန်းအလယ်တွင် အချင်းချင်းထိစပ်လျက်ရှိ၏။ 28ထိုခေရုဗိမ်#6:28 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့ကို ရွှေဖြင့်မွမ်းမံထား၏။
29အိမ်တော်အတွင်းခန်း၊ အပြင်ခန်းနံရံပတ်ပတ်လည်တွင် ခေရုဗိမ်#6:29 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများကို ပန်းပုလက်ရာမြောက်အောင် ထွင်းထုထား၏။ 30အိမ်တော်အတွင်းခန်း၊ အပြင်ခန်းတို့၏ကြမ်းခင်းများကိုလည်း ရွှေဖြင့်မွမ်းမံထား၏။
31သန့်ရှင်းရာဌာန၏အဝင်ဝတံခါးကို သံလွင်သားဖြင့် ပြုလုပ်ထားပြီး တံခါးတိုင်၌ ကျည်းဘောင်ငါးထပ်ပါရှိ၏။ 32သံလွင်သားတံခါးရွက်နှစ်ရွက်တွင် ခေရုဗိမ်#6:32 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံတို့ကို ပန်းပုလက်ရာမြောက်စွာထုလုပ်ထားပြီး ရွှေဖြင့်မွမ်းမံထား၏။ ခေရုဗိမ်ပုံနှင့် စွန်ပလွံပင်ပုံတို့ကို ရွှေဖြင့်ကပ်ထား၏။ 33ထိုနည်းတူ ပင်မဆောင်ဝင်ပေါက်ကို သံလွင်သားဖြင့်ပြုလုပ်ထား၍ တံခါးတိုင်၌ ကျည်းဘောင်လေးထပ်ရှိ၏။ 34တံခါးချပ်နှစ်ချပ်ကို ထင်းရှူးသားနှင့်ပြုလုပ်ထားပြီး တံခါးချပ်တစ်ချပ်စီတွင် ခေါက်၍ရသောတံခါးရွက်နှစ်ရွက်စီ ပါရှိ၏။ 35တံခါးချပ်များပေါ်တွင် ခေရုဗိမ်#6:35 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထားပြီး ထိုရုပ်လုံးတို့အပေါ်၌ ရွှေဖြင့် သေသပ်စွာမွမ်းမံထား၏။ 36အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
37ဤသို့ဖြင့် ရှောလမုန်မင်းကြီးနန်းစံလေးနှစ်မြောက်၊ ဇိဖလတွင် ထာဝရဘုရား၏အိမ်တော်ကို အုတ်မြစ်ချပြီး 38တစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ဟုခေါ်သောအဋ္ဌမလတွင် ရေးဆွဲချမှတ်ထားသောအိမ်တော်ပုံစံအတိုင်း ဆောက်လုပ်ပြီးစီး၏။ အိမ်တော်ကို ခုနစ်နှစ်တိုင် ဆောက်လုပ်ခဲ့ရ၏။
Currently Selected:
ဓမ္မရာဇဝင်တတိယစောင် 6: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative