YouVersion Logo
Search Icon

ဓမ္မရာဇဝင်တတိယစောင် 7

7
ရှောလမုန်မင်းကြီးတည်ဆောက်သော နန်းတော်အဆောက်အအုံ
1ရှောလမုန်​မင်းကြီး​သည် မိမိ​နန်းတော်​ကို​လည်း​တည်ဆောက်​ရာ တစ်ဆယ့်​သုံး​နှစ်​အကြာ​တွင် နန်းတော်​တစ်ခုလုံး ပြီးစီး​လေ​၏​။ 2အလျား​အတောင်​တစ်ရာ#7:2 “1800 လက်မ သို့မဟုတ် 4500 စင်တီမီတာ”။​၊ အနံ​အတောင်​ငါးဆယ်#7:2 “900 လက်မ သို့မဟုတ် 2250 စင်တီမီတာ”။​၊ အမြင့်​အတောင်​သုံးဆယ်#7:2 “540 လက်မ သို့မဟုတ် 1350 စင်တီမီတာ”။​ရှိ​သော လက်ဘနွန်​တော​စံနန်းဆောင်​ကို တည်ဆောက်​၏​။ သစ်ကတိုးသား​တိုင်​လေး​တန်း​တန်း​ပြီး ထို​တိုင်​များ​ပေါ်တွင် ရက်မ​များ​ကို တင်ထား​၏​။ 3တိုင်​အပေါ်​ရှိ ရက်မ​များ​ကို သစ်ကတိုးသား​များ​ဖြင့် မိုး​ထား​၏​။ တစ်​တန်း​လျှင် တစ်ဆယ့်​ငါး​ခု​စီ​ရှိ​၍ တိုင်​ပေါင်း​လေးဆယ့်​ငါး​တိုင်​ရှိ​၏​။ 4ပြတင်းပေါက်​သုံး​တန်း​ပါရှိ​ပြီး တစ်တန်း​နှင့်​တစ်တန်း မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။ 5အဝင်ဝ​တံခါး​နှင့် တံခါးတိုင်​ရှိသမျှ​တို့​တွင် စတုရန်းပုံ​လေးထောင့်​ကွက်​များ​ပါရှိ​ပြီး ပြတင်းပေါက်​သုံး​တန်း​နှင့် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။ 6တိုင်လုံး​များ​ပါရှိ​သည့် အလျား​အတောင်​ငါးဆယ်​၊ အနံ​အတောင်​သုံးဆယ်​ရှိ​သော နန်းတော်​ခန်းမဆောင်​ကို​လည်း ဆောက်လုပ်​၏​။ ထို​တိုင်လုံး​များ​၏​မျက်နှာစာ​တွင် တိုင်​များ​နှင့်​အမိုး​ပါ​သော​ဆင်ဝင်ဆောင်​လည်း ရှိ​၏​။ 7တရားစီရင်​ရာ တရားပလ္လင်​ခန်းမဆောင်​ကို​လည်း တည်ဆောက်​၏​။ ထို​တရားစီရင်​ရာ​ခန်းမဆောင်​သည် ကြမ်းခင်း​မှ​ဒိုင်း​အထိ သစ်ကတိုးသား​များ​ဖြင့် ပြီး​လေ​၏​။ 8မိမိ​စံမြန်း​ရာ​နန်းဆောင်​ကို ထို​ခန်းမဆောင်​၏​အနောက်ဘက်​ဝင်း​တွင် ထို​ပုံစံ​အတိုင်း ဆောက်လုပ်​၏​။ မိမိ​စုံဖက်​ထား​သော ဖာရော​မင်းကြီး​၏​သမီး​တော်​စံမြန်း​ရာ​နန်းဆောင်​ကို​လည်း ထို​ခန်းမဆောင်​ပုံစံ​အတိုင်း ဆောက်လုပ်​ပေး​၏​။
9အုတ်မြစ်​မှအစ တံစက်မြိတ်​အဆုံး​၊ အပြင်ဘက်​မှအစ တံတိုင်းကြီး​အဆုံး နန်းတွင်း​နန်းပြင်​အလုံးစုံ​ကို အရွယ်အစား​အလိုက် လွှ​ဖြင့်​တိုက်ဖြတ်​ထုဆစ်​ထား​သော ကျောက်ကောင်းကျောက်မြတ်​များ​ဖြင့် ဆောက်လုပ်​ထား​၏​။ 10ကျောက်ကောင်းကျောက်မြတ်​များ​၊ ကျောက်တုံး​ကြီး​များ​ဖြင့် အုတ်မြစ်​ကို ချထား​ပြီး ထို​ကျောက်တုံး​များ​မှာ ရှစ်​တောင်#7:10 “144 လက်မ သို့မဟုတ် 360 စင်တီမီတာ”။​၊ ဆယ်​တောင်#7:10 “180 လက်မ သို့မဟုတ် 450 စင်တီမီတာ”။ စသည်ဖြင့်​ရှိ​၏​။ 11ထို​အုတ်မြစ်​အပေါ်​တွင် အရွယ်အစား​အလိုက်​ထုဆစ်​ထား​သော ကျောက်ကောင်းကျောက်မြတ်​များ​နှင့် သစ်ကတိုးသား​များ​ကို အသုံးပြု​ထား​၏​။ 12ဆစ်​ထား​သော​ကျောက် သုံး​ဆင့်​၊ သစ်ကတိုးသား​ရက်မ တစ်​ဆင့်​တို့​ဖြင့် ထာဝရဘုရား​၏​အတွင်း​အိမ်​တော်​ဝင်း​နှင့် အိမ်​တော်​ဆင်ဝင်​နည်းတူ ဝင်းတံတိုင်း​ကြီး​ကို ဆောက်လုပ်​ထား​၏​။
13ထို့နောက် ရှောလမုန်​မင်းကြီး​သည် တိုင်ရာ​မြို့​မှ ဟိရံ​ကို လူ​လွှတ်​ခေါ်​စေ​၏​။ 14ဟိရံ​သည် နဿလိ​အမျိုးအနွယ်​၊ မုဆိုးမ​တစ်​ဦး​၏​သား​ဖြစ်​၏​။ သူ့​ဖခင်​မှာ တိုင်ရာ​အမျိုးသား​၊ ပန်းတဉ်းသမား​ဖြစ်​၏​။ ထို့ကြောင့် သူ​သည် ကြေး​သွန်းလုပ်​သော​အတတ်ပညာ​အမျိုးမျိုး​ကို ကျွမ်းကျင်​တတ်မြောက်​၏​။ သူ​သည် ရှောလမုန်​မင်းကြီး​ထံ​လာ​ပြီး ကြေးသွန်း​လုပ်ငန်း​အလုံးစုံ​ကို လုပ်ဆောင်​ပေး​၏​။
ကြေးနီတိုင်များ
15သူ​သည် အမြင့်​တစ်ဆယ့်​ရှစ်​တောင်#7:15 “324 လက်မ သို့မဟုတ် 810 စင်တီမီတာ”။​၊ လုံးပတ်​တစ်ဆယ့်​နှစ်​တောင်#7:15 “216 လက်မ သို့မဟုတ် 540 စင်တီမီတာ”။​ရှိ​သော ကြေးနီ​တိုင်​နှစ်​တိုင်​ကို သွန်းလုပ်​၏​။ 16တိုင်​ထိပ်​တွင်​အုပ်​ဖို့ ကြေးနီ​ဖြင့်​သွန်းလုပ်​ထား​သော​တိုင်အုပ်​နှစ်​ခု​ကို သွန်းလုပ်​၏​။ တိုင်အုပ်​တစ်ခုစီ​သည် အမြင့်​ငါး​တောင်#7:16 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။​ရှိ​၏​။ 17တိုင်​ထိပ်​ရှိ​တိုင်အုပ်​ပေါ်တွင် ရာဇမတ်ကွက်​များ​ဖော်ထား​ပြီး ကျစ်ဆံမြီးပုံ​ကြိုး​များ​ကို ပန်းဆိုင်း​သဖွယ် ချထား​၏​။ ကြိုး​များ​သည် ပထမ​တိုင်​တွင်​ခုနစ်​ခု​၊ ဒုတိယ​တိုင်​တွင်​ခုနစ်​ခု​ပါရှိ​၏​။
18တိုင်​နှင့်တကွ သလဲသီးပုံ​အလုံး​များ​ကို သွန်းလုပ်​ပြီး တိုင်ထိပ်​အုပ်​နှစ်ခုစလုံး​ရှိ ရာဇမတ်ကွက်​တွင် သလဲသီး​အတန်း​နှစ်​တန်း​ရစ်ပတ်​ထား​ခြင်း​ဖြင့် အလှဆင်​ထား​၏​။ 19တိုင်ထိပ်​ရှိ တိုင်​ထိပ်အုပ်​ပေါ်၌ အမြင့်​လေး​တောင်#7:19 “72 လက်မ သို့မဟုတ် 180 စင်တီမီတာ”။​ရှိ​သော​နှင်းပန်းပုံ​ပါရှိ​၏​။ ထို​တိုင်​တို့​သည် ဆင်ဝင်​တစ်ဖက်တစ်ချက်​တွင်​ရှိ​၏​။ 20တိုင်​နှစ်​တိုင်​လုံး​၏​ထိပ်အုပ်​တစ်ခုစီ​ရှိ ရာဇမတ်ကွက်​ဖော်ထား​သည့်​အလုံး​နှင့်​ဆက်​သော​နေရာ​ပတ်ပတ်လည်​တွင် သလဲသီးပုံ​အလုံး​နှစ်ရာ​စီ​ရှိ​၏​။ 21ထို​တိုင်​တို့​ကို ဗိမာန်​တော်​ဆင်ဝင်​တွင် စိုက်ထူ​၏​။ စိုက်ထူ​ထား​သော​ယာဘက်​တိုင်​ကို ယာခိန် ဟု​အမည်​ပေး​ထား​ပြီး စိုက်ထူ​ထား​သော​ဝဲဘက်​တိုင်​ကို ဗောဇ ဟု​အမည်ပေး​ထား​၏​။ 22တိုင်ထိပ်​တွင် နှင်းပန်းပုံ​ဖော်ထား​၏​။ ဤသို့ဖြင့် ကြေး​တိုင်​သွန်းလုပ်​ခြင်း​အမှု ပြီးစီး​လေ​၏​။
ရေကန်ကြီး
23အချင်း​အတောင်​တစ်ဆယ်#7:23 “180 လက်မ သို့မဟုတ် 45​0 စင်တီမီတာ”။​ရှိ​၍ အမြင့်​ငါး​တောင်#7:23 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။​၊ လုံးပတ်​အတောင်​သုံးဆယ်#7:23 “540 လက်မ သို့မဟုတ် 135​0 စင်တီမီတာ”။​ရှိ​သော စက်ဝိုင်းပုံ​ကြေးနီ​ရေကန်​ကို​လည်း သွန်းလုပ်​၏​။ 24ရေကန်​အဝ​၏​အောက်နား​တွင် သစ်သီးပုံ​ကို တစ်တောင်#7:24 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။​လျှင်​ဆယ်​လုံး​စီ ပတ်ပတ်လည် ထွင်းထု​ထား​၏​။ သစ်သီးပုံ​အတန်း​နှစ်​တန်း​ရှိ​ပြီး ရေကန်​နှင့်​တစ်သားတည်း​ဖြစ်​အောင် သွန်းလုပ်​ထား​၏​။ 25ထို​ရေကန်​သည် နွားရုပ်​တစ်ဆယ့်​နှစ်​ကောင်​ပေါ်တွင် တည်​ထား​၏​။ နွားရုပ်​တို့​မှာ မြောက်ဘက်​သို့ သုံး​ကောင်​၊ အနောက်ဘက်​သို့ သုံး​ကောင်​၊ တောင်ဘက်​သို့ သုံး​ကောင်​၊ အရှေ့ဘက်​သို့ သုံး​ကောင် မျက်နှာမူ​ထား​၏​။ နွားရုပ်​တို့​အပေါ်​တွင် ရေကန်​ရှိ​၍ ထို​နွားရုပ်​အားလုံး အတွင်းဘက်​ကို ကျောခိုင်း​ထား​၏​။ 26ရေကန်​၏​ထု​မှာ လက်တစ်ဖဝါးစာ#7:26 “3 လက်မ သို့မဟုတ် 7.5 စင်တီမီတာ”။​ရှိ​၏​။ အနားသား​မှာ ခွက်ဖလား​အနားသား​နှင့်​တူ​ပြီး နှင်းပန်းပုံ ဖော်ထား​၏​။ ရေ ဗတ်​နှစ်ထောင်#7:26 “44000 လီတာ”။ ဆံ့​၏​။
ကြေးနီရေတွန်းလှည်းများ
27ထို့ပြင် ကြေးနီ​တွန်းလှည်း​ဆယ်​ခု​ကို​လည်း သွန်းလုပ်​၏​။ တွန်းလှည်း​တစ်ခုစီ​သည် အလျား​လေး​တောင်#7:27 “72 လက်မ သို့မဟုတ် 180 စင်တီမီတာ”။​၊ အနံ​လေး​တောင်​၊ အမြင့်​သုံး​တောင်#7:27 “54 လက်မ သို့မဟုတ် 135 စင်တီမီတာ”။​ရှိ​၏​။ 28ထို​တွန်းလှည်း​များ​၏​ပုံစံ​မှာ ကြေးနီပြား​ဘေးဘောင်​များ​ပါရှိ​၏​။ ထို​ကြေးနီပြား​များ​ကို ဘောင်ကွပ်​ထား​၏​။ 29ဘောင်ကွပ်​ထား​သော​ကြေးနီပြား​များ​ပေါ်တွင် ခြင်္သေ့ရုပ်​၊ နွားရုပ်​၊ ခေရုဗိမ်#7:29 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ရုပ်​များ​ပါရှိ​ပြီး ဘောင်​တို့​၌ ခြင်္သေ့ရုပ်​နှင့်​နွားရုပ်​တို့​၏​အထက်​ဘက်​နှင့်​အောက်​ဘက်​တို့​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။ 30တွန်းလှည်း​တစ်ခုစီ​တွင် ကြေးနီ​ဘီး​လေး​ဘီး​စီ​နှင့် ကြေးနီ​ဝင်ရိုး​များ​ပါရှိ​၏​။ ထောက်တိုင်​လေး​တိုင်​သည် အင်တုံ​အောက်​၌ ထောက်ထား​၏​။ ထို​အင်တုံ​ကို​ထောက်ထား​သော​တိုင်​တစ်​တိုင်​စီ​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။ 31လှည်းအိမ်​အတွင်း​မှ အင်တုံ​အဝ​ရှိ ထိပ်ကွပ်​အထိ အမြင့်​တစ်တောင်​ရှိ​၏​။ လှည်းအိမ်​အဝ​သည် အောက်ခံ​ကဲ့သို့ အဝိုင်း​ဖြစ်​၍ အချင်း​တစ်တောင်#7:31 “27 လက်မ သို့မဟုတ် 67 စင်တီမီတာ”။​ခွဲ​ရှိ​၏​။ လှည်းအိမ်​အဝ​ပတ်ပတ်လည်​တွင် အရုပ်​ထွင်းထု​ထား​၍ ဘောင်​သည် အဝိုင်း​မ​ဟုတ်​၊ စတုရန်းပုံ​ဖြစ်​၏​။ 32ဘီး​လေး​ဘီး​သည် ဘောင်​များ​၏​အောက်​၌​ရှိ​ပြီး ဘီး​များ​၏​ဝင်ရိုး​သည် လှည်း​ကိုယ်ထည်​နှင့် ဆက်​ထား​၏​။ ဘီး​တစ်ဘီးစီ​၏​အမြင့်​မှာ တစ်တောင်​ခွဲ​ရှိ​၏​။ 33ဘီး​များ​ကို ရထားဘီး​ကဲ့သို့ သွန်းလုပ်​ထား​၏​။ ဝင်ရိုးတံ​များ​၊ ဘီးခွေ​များ​၊ ထောက်တိုင်​များ​၊ ဝင်ရိုးအုံ​များ​အားလုံး​ကို ကြေးနီ​နှင့်​သွန်းလုပ်​ထား​၏​။ 34တွန်းလှည်း​တစ်ခုစီ​၏​ထောင့်​လေး​ထောင့်​တွင် ထောက်တိုင်​လေး​တိုင်​ပါရှိ​၏​။ ထောက်တိုင်​တို့​သည် လှည်း​နှင့်​တစ်သားတည်း​ဖြစ်​၏​။ 35တွန်းလှည်း​၏​အပေါ်ဘက်​တွင် တစ်ထွာ#7:35 “9 လက်မ သို့မဟုတ် 22 စင်တီမီတာ”။​ခန့်​ထူ​သော​ခွေ​ဖြင့် ကွပ်​ထား​၏​။ တွန်းလှည်း​အပေါ်ဘက်​ရှိ လက်ကိုင်​များ​သည် ဘောင်​များ​နှင့် တစ်သားတည်း​သွန်းထား​၏​။ 36လက်ကိုင်​နှင့် ဘောင်​မျက်နှာပြင်​တို့​ရှိ နေရာလွတ်​များ​တွင် ခေရုဗိမ်#7:36 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ရုပ်​၊ ခြင်္သေ့ရုပ်​နှင့် စွန်ပလွံပင်​ပုံ​များ​၊ ပတ်ပတ်လည်​တွင် ကနုတ်ပန်း​များ ထွင်းထု​ထား​၏​။ 37တွန်းလှည်း​ဆယ်ခုစလုံး​ကို ထို​အတိုင်း သွန်းလုပ်​သောကြောင့် ပုံစံတူ​၊ အရွယ်အစား​တူ​ဖြစ်​၏​။
ကြေးနီအင်တုံများနှင့်အခြားအသုံးအဆောင်များ
38တွန်းလှည်း​ဆယ်​ခု​အတွက် အချင်း​လေး​တောင်​ရှိ​ပြီး ရေ​ဗတ်​လေးဆယ်​စီ​ဆံ့​သည့် ကြေးနီ​အင်တုံ​ဆယ်​လုံး​ကို​လည်း သွန်းလုပ်​၍ တွန်းလှည်း​တစ်ခုစီ​အပေါ်​တွင် အင်တုံ​တစ်လုံးစီ#7:38 “880 လီတာ”။​တင်​ထား​၏​။ 39ထို့နောက် တွန်းလှည်း​ငါး​ခု​ကို အိမ်​တော်​၏​ယာဘက်​ခြမ်း​၌​လည်းကောင်း​၊ ကျန်​ငါး​ခု​ကို ဝဲဘက်​ခြမ်း​၌​လည်းကောင်း နေရာချ​ထား​၏​။ ရေကန်​ကို​မူ အိမ်​တော်​၏​ယာဘက်​ခြမ်း အရှေ့​တောင်​ထောင့်​တွင် နေရာချ​ထား​၏​။ 40ထို့ပြင် ဟိရံ​သည် အင်တုံ​များ​၊ ဂေါ်ပြား​များ​၊ ဇလုံ​များ​ကို​လည်း သွန်းလုပ်​၏​။
ကြေးနီအသုံးအဆောင်များကို သွန်းလုပ်ပြီးစီးခြင်း
ထိုသို့ ဟိရံ​သည် ရှောလမုန်​မင်းကြီး​အဖို့ ထာဝရဘုရား​၏​အိမ်​တော်​၌ လုပ်ဆောင်စရာ​ရှိသမျှ​ကို လုပ်ဆောင်​ပြီးစီး​သွား​၏​။ 41တိုင်​နှစ်​တိုင်​နှင့် ထို​တိုင်​နှစ်​တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​များ​၊ တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​နှစ်​ခု​ကို အလှဆင်​ထား​သော​ရာဇမတ်ကွက်​နှစ်​ခု​၊ 42ထို​ရာဇမတ်ကွက်​နှစ်​ခု​ကို အလှဆင်​ဖို့ သလဲသီးပုံ​အလုံး​လေး​ရာ​၊ တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​နှစ်​ခု​ကို အလှဆင်​ဖို့ ရာဇမတ်ကွက်​တစ်ခုစီ​အတွက်​သလဲသီးပုံ​အတန်း​နှစ်​တန်း​၊ 43တွန်းလှည်း​ဆယ်​စီး​နှင့် တွန်းလှည်း​ပေါ်​တင်​ထား​ရန် အင်တုံ​ဆယ်​လုံး​၊ 44ရေကန်​တစ်​ကန်​နှင့် ရေကန်​အောက်ခံ​နွားရုပ်​တစ်ဆယ့်​နှစ်​ကောင်​၊ 45အိုး​များ​၊ ဂေါ်ပြား​များ​၊ ဇလုံ​များ​ကို​လည်း သွန်းလုပ်​၏​။ ဤသို့ ဟုရံအဘိ​သည် ရှောလမုန်​မင်းကြီး​အဖို့ ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​အားလုံး​ကို ပြောင်လက်​နေ​သော​ကြေးနီ​များ​ဖြင့် သွန်းလုပ်​၏​။ 46ရှင်ဘုရင်​သည် ထို​ပစ္စည်း​အားလုံး​ကို သုကုတ်​မြို့​နှင့် ဇာရတန်​မြို့​ကြား ဂျော်ဒန်​မြစ်ဝှမ်း​ရှိ ရွှံ့စေး​မြေ​အရပ်​၌ သွန်းလုပ်​၏​။ 47ထို​အသုံးအဆောင်​ပစ္စည်း​တို့​သည် အလွန့်အလွန်​များပြား​လွန်း​သဖြင့် ရှောလမုန်​မင်းကြီး​သည် ချိန်တွယ်​မ​နေ​တော့​ဘဲ ဤအတိုင်း​ထား​လေ​၏​။ ထို့ကြောင့် ကြေးနီ​အလေးချိန် မည်မျှ​ရှိ​သည်​ကို မ​သိ​ရ​ချေ​။
ရွှေထည်အသုံးအဆောင်များကို သွန်းလုပ်ပြီးစီးခြင်း
48ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွက် အသုံးအဆောင်​ပစ္စည်း​အလုံးစုံ​ကို သွန်းလုပ်​၏​။ ရွှေ​ယဇ်ပလ္လင်​၊ ရှေ့​တော်​မုန့်​တင်​ရန်​ရွှေ​စားပွဲ​၊ 49သန့်ရှင်းရာဌာန​ရှေ့​တွင် ယာဘက်​၌ ဆီမီးခုံ​ငါး​ခုံ​၊ ဝဲ​ဘက်​၌ ဆီမီးခုံ​ငါး​ခုံ​တို့​ကို ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ ထို့ပြင် ပန်းပွင့်​များ​၊ မီးခွက်​များ​၊ မီးငြှိမ်းကိရိယာ​များ​၊ 50ခွက်​များ​၊ မီးညှပ်​များ​၊ ဇလုံ​များ​၊ ဇွန်း​များ​၊ မီးကျီးခံဗန်း​များ​ကို​လည်း ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ အတွင်းဆုံး​အခန်း အသန့်ရှင်းဆုံးဌာန​၏​တံခါး​များ​နှင့် အိမ်​တော်​ပင်မဆောင်​၏​တံခါး​များ​၏​ပတ္တာ​များ​ကို​လည်း ရွှေ​ဖြင့်​သွန်းလုပ်​၏​။
51ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အဖို့ လုပ်ဆောင်စရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​ပြီး​သောအခါ ခမည်းတော်​ဒါဝိဒ်​မင်းကြီး ဆက်ကပ်လှူဒါန်း​ထား​သော ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​များ​ကို ရှောလမုန်​မင်းကြီး​ယူဆောင်​လာ​ပြီး ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ဘဏ္ဍာတိုက်​ထဲတွင် ထားရှိ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in