YouVersion Logo
Search Icon

ရာဇဝင်ချုပ်ပထမစောင် 16

16
1သူ​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ပြီး ဒါဝိဒ်​မင်းကြီး စိုက်ထူ​ထား​သော​တဲ​တော်​အတွင်း​တွင် ချထား​၍ ထာဝရဘုရား​ရှေ့​တော်​တွင် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ကြ​လေ​၏​။ 2ထိုသို့ မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ပြီး​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​၏​နာမ​တော်​၌ လူ​တို့​ကို ကောင်းချီးပေး​လေ​၏​။ 3ထို့နောက် အစ္စရေး​လူထု​တစ်ရပ်လုံး​အား ယောက်ျား​မိန်းမ မကျန် တစ်ဦး​လျှင် မုန့်​တစ်​လုံး​၊ အသား​တစ်​တုံး​၊ စပျစ်ပျဉ်​တစ်​ချပ် ဝေပေး​၏​။
4ထို့ပြင် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​တွင် အမှု​တော်​ထမ်းဆောင်​ရန် လေဝိ​လူမျိုး​အချို့​ကို ခန့်ထား​၏​။ သူ​တို့​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​အသနားခံ​ခြင်း​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​တို့​ကို ပြု​ပေး​ရ​၏​။ 5ခေါင်းဆောင်​မှာ အာသပ်​ဖြစ်၍ သူ​၏​လက်ထောက်​မှာ ဇာခရိ​ဖြစ်​၏​။ ယေယေလ​၊ ရှေမိရာမုတ်​၊ ယေဟေလ​၊ မတ္တိသိ​၊ ဧလျာဘ​၊ ဗေနာယ​၊ ဩဗဒေဒုံ​၊ ယေယေလ တို့​သည် စောင်းပြား​၊ စောင်းကောက်​စသော​တူရိယာ​တို့​ကို တီးခတ်​ရ​၏​။ အာသပ်​ကား လင်းကွင်း​ကို တီး​ရ​၏​။ 6ယဇ်ပုရောဟိတ်​ဗေနာယ​နှင့်​ယဟာဇေလ​တို့​သည် ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​တွင် တံပိုးခရာ​ကို​ပုံမှန်​မှုတ်​ရ​၏​။
ဒါဝိဒ်မင်းကြီး၏ချီးမွမ်းခြင်းနှင့်ဆိုင်သောဆာလံ
7ထို​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် အာသပ်​နှင့်​သူ​၏​ဆွေမျိုးသားချင်း​တို့​အား ထာဝရဘုရား​ထံ​ချီးမွမ်းသီချင်း​ကို​သီဆို​ရန် အဦးဆုံး​အကြိမ် တာဝန်ပေးအပ်​၏​။ 8ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​ကြ​လော့​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို လူမျိုးတကာ​တို့​အား ကြားသိ​စေ​ကြ​လော့​။ 9ကိုယ်တော်​ထံသို့ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ကြ​လော့​။ 10ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​ကို ရှာ​သော​သူ​တို့​၏​စိတ်နှလုံး​၌ ဝမ်းမြောက်​ခြင်း ရှိ​ကြ​ပါစေ​။ 11ထာဝရဘုရား​နှင့် ထာဝရဘုရား​၏​တန်ခိုး​တော်​ကို စူးစမ်း​ကြ​လော့​။ မျက်နှာ​တော်​ကို အစဉ်မပြတ်​ရှာ​ကြ​လော့​။ 12ပြု​တော်မူ​သော​အံ့ဖွယ်​အမှု​များ​၊ ပြ​တော်မူ​သော​နိမိတ်လက္ခဏာ​များ​၊ နှုတ်​တော်​ထွက်​စီရင်ထုံးဖွဲ့ချက်​များ​ကို အောက်မေ့​ကြ​လော့​။ 13အို ကိုယ်တော်​၏​အစေအပါး အစ္စရေး​၏​သားစဉ်မြေးဆက်​၊ ကိုယ်တော်​ရွေးကောက်​တော်မူ​သော ယာကုပ်​သားမြေး​တို့​၊ 14ကိုယ်တော်​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌​ရှိ​၏​။ 15ကိုယ်တော်​၏​ပဋိညာဉ်​တော်​ကို အစဉ်​သတိရ​ကြ​လော့​။ မိန့်​တော်မူ​ထား​သော​စကား​တော်​ကို မျိုးဆက်​ပေါင်း​တစ်ထောင်​တိုင်အောင် သတိရ​ကြ​လော့​။ 16ဤသည်ကား အာဗြဟံ​နှင့် ဖွဲ့​ခဲ့​သော​ပဋိညာဉ်​၊ ဣဇက်​၌​ထား​ခဲ့​သော​ကတိ​တော် ဖြစ်​၏​။ 17ထို​ကတိ​တော်​ကို ယာကုပ်​အဖို့ ပြဋ္ဌာန်းချက်​အဖြစ်​၊ အစ္စရေး​အဖို့ ထာဝရ​ပဋိညာဉ်​အဖြစ် တည်​စေ​တော်မူ​ပြီး 18“ခါနာန်​ပြည်​ကို သင်​တို့​အား အမွေ​ဝေစု​အဖြစ် ငါ​ပေး​မည်”​ဟု မိန့်​တော်မူ​ခဲ့​၏​။ 19ထိုစဉ်က သင်​တို့​သည် အမှန်တကယ် လူနည်းစု​သာ​ဖြစ်​ပြီး ထို​ပြည်​၌ ဧည့်သည်​အဖြစ်​တည်းခို​နေထိုင်​ခဲ့​ရ​၏​။ 20သူ​တို့​သည် လူမျိုး​တစ်မျိုး​မှ​တစ်မျိုး​၊ နိုင်ငံ​တစ်နိုင်ငံ​မှ​တစ်နိုင်ငံ​သို့ လှည့်လည်​သွားလာ​ခဲ့​ကြ​ရ​၏​။ 21သူ​တို့​ကို နှိပ်စက်​ဖို့ မည်သူ​ကို​မျှ​အခွင့်​ပေး​တော်​မ​မူ​။ သူ​တို့​အတွက် ရှင်ဘုရင်​တို့​ကို ဆုံးမ​တော်မူ​ပြီး 22“ငါ​ဘိသိက်ပေး​သော​သူ​တို့​ကို မ​ထိ​ကြ​နှင့်​။ ငါ့​ပရောဖက်​တို့​ကို ဘေး​မ​ပြု​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏​။ 23မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံ သီချင်းဆို​ကြ​လော့​။ ကယ်တင်​ခြင်း​အကြောင်း​ကို နေ့ရက်​အစဉ်​ဟောပြော​ကြ​လော့​။ 24ဘုန်းအသရေ​တော်​အကြောင်း​ကို လူမျိုးခြား​တို့​အား​လည်းကောင်း​၊ အံ့ဖွယ်​သော​အမှု​တော်​တို့​ကို လူမျိုး​အပေါင်း​တို့​အား​လည်းကောင်း ပြောကြား​ကြ​လော့​။ 25အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​။ ချီးမွမ်းဖွယ်​အလွန်​ကောင်း​၏​။ ဘုရား​တကာ​တို့​ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်း​လှ​၏​။ 26အကယ်စင်စစ် လူမျိုး​တို့​၏​ဘုရား​ရှိသမျှ​တို့​သည် ရုပ်တု​မျှသာ ဖြစ်​၏​။ ထာဝရဘုရား​မူကား ကောင်းကင်​ကို ဖန်ဆင်း​တော်မူ​၏​။ 27ရှေ့​တော်​တွင် ဘုန်းကျက်သရေ​နှင့် ခန့်ညားထည်ဝါမှု​တို့ ရှိ​ပါ​၏​။ ကိန်းဝပ်​တော်မူ​ရာ​အရပ်​တွင် အစွမ်းတန်ခိုး​နှင့် ဝမ်းမြောက်​ခြင်း​တို့​ရှိ​ပါ​၏​။ 28လူမျိုး​တို့​၏​မျိုးနွယ်စု​တို့​၊ ထာဝရဘုရား​ကို သိမှတ်ဝန်ခံ​ကြ​လော့​။ ထာဝရဘုရား​၌ ဘုန်းအသရေ​၊ အစွမ်းတန်ခိုး​ရှိ​ကြောင်း​ကို သိမှတ်ဝန်ခံ​ကြ​လော့​။ 29ထာဝရဘုရား​၏​နာမ​တော်​ဘုန်းကြီး​တော်မူ​ကြောင်း​ကို သိမှတ်ဝန်ခံ​ကြ​လော့​။ ပူဇော်သက္ကာ​ကို ရှေ့​တော်​သို့ ယူဆောင်​လာ​ကြ​လော့​။ သန့်ရှင်း​ခြင်း​တန်ဆာ​ကို​ဆင်​၍ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။ 30မြေကြီးသား​အပေါင်း​တို့​၊ ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​ကြ​လော့​။ ကမ္ဘာမြေကြီး​ကို မ​လှုပ်ရှား​နိုင်​အောင် ခိုင်မြဲ​စွာ​တည်​ထား​တော်မူ​ပြီ​။ 31မိုးကောင်းကင် ဝမ်းမြောက်​ပါ​စေ​။ ကမ္ဘာမြေကြီး ရွှင်လန်း​ပါစေ​။ လူမျိုးခြား​တို့​အလယ်​တွင် “​ထာဝရဘုရား စိုးစံ​တော်မူ​၏​”​ဟု ကြွေးကြော်​ကြ​စေ​။ 32ပင်လယ်​နှင့် ပင်လယ်ပြင်​ရှိ​အရာ​အားလုံး​တို့​လည်း မြည်ဟည်း​ကြ​စေ​။ လယ်ပြင်​နှင့် လယ်ပြင်​ရှိ​အရာ​အားလုံး​တို့​လည်း ရွှင်မြူး​ကြ​စေ​။ 33ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ကို တရားစီရင်​ရန် ကြွလာ​တော်မူ​မည်​ဖြစ်၍ တော​သစ်ပင်​တို့​သည် ရှေ့​တော်​၌ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။ 34ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​ပြီး မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​သည်​ဖြစ်​၍ ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​လော့​။ 35“အကျွန်ုပ်​တို့​၏​ကယ်တင်ရှင်​၊ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​ပါ​။ သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​၍ ဂုဏ်ကျေးဇူး​တော်​ကို ထောမနာ​ပြု​နိုင်​ရန် လူမျိုးတကာ​တို့​ထံမှ အကျွန်ုပ်​တို့​ကို စုစည်း​၍​ကယ်နုတ်​တော်မူ​ပါ”​ဟု တောင်းလျှောက်​ကြ​လော့​။ 36အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကာလ​အစဉ်အဆက်​မင်္ဂလာ​ရှိ​ပါစေသော ဟု​သီဆို​ကြ​၍ လူ​အပေါင်း​တို့​က “​အာမင်​”​ဟု​ဆို​လျက် ထာဝရဘုရား​ကို ချီးမွမ်း​ကြ​၏​။ 37ထို့နောက် သေတ္တာ​တော်​ရှေ့​တွင် ထမ်းဆောင်​ရ​မည့်​အမှု​တော်​များ​ကို နေ့စဉ်​ပုံမှန်​ထမ်းဆောင်​နိုင်​ရန် ဒါဝိဒ်​မင်းကြီး​သည် အာသပ်​နှင့်​သူ​၏​ဆွေမျိုးသားချင်း​တို့​ကို ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​တွင် နေရာချ​ထား​ပေး​လေ​၏​။ 38ဩဗဒေဒုံ​နှင့်​သူ​၏​ဆွေမျိုးသားချင်း​ခြောက်ဆယ့်​ရှစ်​ယောက်​လည်း ပါ​၏​။ ယေဒုသုန်​၏​သား ဩဗဒေဒုံ​နှင့် ဟောသ​တို့​ကို တံခါးစောင့်​အဖြစ် ချထား​၏​။ 39ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် သူ​၏​ဆွေမျိုးသားချင်း​ယဇ်ပုရောဟိတ်​တို့​ကို ဂိဗောင်​မြို့​၊ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​ရှိ ထာဝရဘုရား​၏​တဲ​တော်​ရှေ့​တွင် နေရာ​ချထား​၏​။ 40သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား​ပေးအပ်​တော်မူ​သော​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း မီးရှို့ရာယဇ်​ကို မီးရှို့​ရာ​ယဇ်ပလ္လင်​ပေါ်တွင် ထာဝရဘုရား​အား နံနက်​တစ်ကြိမ်​၊ နေဝင်ချိန်​တစ်ကြိမ် ပုံမှန်​ယဇ်ပူဇော်​ရ​၏​။ 41သူ​တို့​နှင့်အတူ ဟေမန်​နှင့်​ယေဒုသုန်​တို့​လည်း ပါရှိ​၏​။ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​သည်​ဖြစ်၍ ကျန်​နာမည်​နှင့်တကွ စာရင်းဝင်​ရွေးချယ်​ခံရ​သော​သူ​တို့​သည် ထာဝရဘုရား​ကို ချီးမွမ်းထောမနာ​ပြု​ရ​သော​သူ​များ​ဖြစ်​ကြ​၏​။ 42ဟေမန်​နှင့်​ယေဒုသုန်​တို့​သည် တံပိုးခရာ​၊ လင်းကွင်း​တို့​မှစ၍ ဘုရားသခင်​ထံ သီဆိုချီးမွမ်း​ရန် တူရိယာ​များ​ကို တီးမှုတ်​ရ​၏​။ ယေဒုသုန်​၏​သား​များ​မှာ တံခါး​ကို စောင့်ကြပ်​ရ​၏​။
43ထို့နောက် လူ​အပေါင်း​တို့​သည် အသီးသီး​ကိုယ့်​အိမ်​သို့​ပြန်သွား​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည်​လည်း မိမိ​အိမ်သူအိမ်သား​တို့​ကို ကောင်းချီးပေး​ရန် ပြန်သွား​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ရာဇဝင်ချုပ်ပထမစောင် 16