YouVersion Logo
Search Icon

ရာဇဝင်ချုပ်ပထမစောင် 15

15
ဂျေရုဆလင်မြို့သို့ ပဋိညာဉ်သေတ္တာတော်ကို ပြန်သယ်လာခြင်း
1ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့​၌ မိမိ​အဖို့​နန်းတော်​ကို တည်ဆောက်​၏​။ ဘုရားသခင်​၏​သေတ္တာ​တော်​ထား​ဖို့​နေရာ​ကို​ပြင်ဆင်​ပြီး တဲ​တော်​ကို စိုက်ထူ​ပေး​၏​။ 2ဒါဝိဒ်​မင်းကြီး​က “​လေဝိ​အမျိုး​မှလွဲ၍ မည်သူ​မျှ ဘုရားသခင်​၏​သေတ္တာ​တော်​ကို မ​ထမ်း​ရ​။ အကြောင်းမူကား ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​ထမ်း​ရန်​နှင့် အမှု​တော်​ကို​အစဉ်​ဆောင်ရွက်​ရန် သူ​တို့​ကို ထာဝရဘုရား ရွေးချယ်​တော်မူ​ပြီ​”​ဟု မိန့်ဆို​၏​။
3ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သူ​ပြင်ဆင်​ထား​သော​နေရာ​သို့ ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ယူဆောင်​လာ​ရန် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ဂျေရုဆလင်​မြို့​သို့ စုဝေး​စေ​၏​။ 4ဒါဝိဒ်​မင်းကြီး ခေါ်ယူ​စုဝေး​စေ​သော လေဝိ​အမျိုး အာရုန်​၏​သားမြေး​များ​မှာ
5ကောဟတ်​၏​သားမြေး​များ​တွင် အကြီးအကဲ​ဥရေလ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​တစ်ရာ့​နှစ်ဆယ်​၊ 6မေရာရိ​၏​သားမြေး​များ​တွင် အကြီးအကဲ​အသာယ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​နှစ်ရာ့​နှစ်ဆယ်​၊ 7ဂေရရှုံ​၏​သားမြေး​များ​တွင် အကြီးအကဲ​ယောလ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​တစ်ရာ့​သုံးဆယ်​၊ 8ဧလိဇာဖန်​၏​သားမြေး​များ​တွင် အကြီးအကဲ​ရှေမာယ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​နှစ်ရာ​၊ 9ဟေဗြုန်​၏​သားမြေး​များ​တွင် အကြီးအကဲ​ဧလျေလ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​ရှစ်ဆယ်​၊ 10ဩဇေလ​၏​သားမြေး​များ​တွင် အကြီးအကဲ​အမိနဒပ်​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​တစ်ရာ​တစ်ဆယ့်​နှစ်​ယောက် တို့​ဖြစ်​ကြ​၏​။
11ထို့ပြင် ဒါဝိဒ်​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့်​အဗျာသာ​၊ လေဝိ​အမျိုး ဥရေလ​၊ အသာယ​၊ ယောလ​၊ ရှေမာယ​၊ ဧလျေလ​၊ အမိနဒပ်​တို့​ကို ခေါ်​ပြီး 12သူ​တို့​အား “​သင်​တို့​သည် လေဝိ​အမျိုး​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။ ထို့ကြောင့် ယခု သင်​တို့​ကိုယ်တိုင်​နှင့် သင်​တို့​၏​ဆွေမျိုးသားချင်း​များ​ကိုယ်တိုင် ကိုယ်​ကို​သန့်ရှင်း​စေ​ပြီး ငါ​ပြင်ဆင်​ထား​သော​နေရာ​သို့ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ကြ​လော့​။ 13ယခင်က သေတ္တာ​တော်​ကို​သယ်ဆောင်​ရာ​တွင် သင်​တို့​မ​ပါ​ခဲ့​၊ ငါ​တို့​လည်း စီရင်ထုံးဖွဲ့ချက်​အတိုင်း မ​မေးလျှောက်​ဘဲ သယ်ဆောင်​ခဲ့​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို ဒဏ်ခတ်​တော်မူ​ခဲ့​ပြီ​”​ဟု မိန့်ဆို​၏​။ 14ထို့ကြောင့် ယဇ်ပုရောဟိတ်​တို့​နှင့် လေဝိ​အမျိုး​တို့​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​ရန် ကိုယ်​ကို​သန့်ရှင်း​စေ​ကြ​၏​။ 15ထို့နောက် ထာဝရဘုရား​က မောရှေ​အား မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း လေဝိ​အမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ထမ်းပိုး​တို့​နှင့် ပခုံး​ပေါ်​တင်ထမ်း​ကာ သယ်ဆောင်​လာ​ကြ​၏​။
16ဒါဝိဒ်​မင်းကြီး​က လေဝိ​အမျိုး​အကြီးအကဲ​တို့​အား စောင်းပြား​၊ စောင်းကောက်​၊ လင်းကွင်း​စသော​တူရိယာ​တို့​ဖြင့် အားရ​ဝမ်းမြောက်​စွာ​သီဆို​နိုင်​သော သူ​တို့​၏​ဆွေမျိုးသားချင်း​တို့​ကို သီချင်းသည်​အဖြစ် ခွဲခန့်​ထား​ရန် အမိန့်ပေး​ထား​၏​။ 17ထို့ကြောင့် လေဝိ​အမျိုး​တို့​လည်း ယောလ​၏​သား​ဟေမန်​နှင့် သူ​၏​ဆွေမျိုးသားချင်း​များ​ထဲမှ ဗေရခိ​၏​သား​အာသပ်​၊ မေရာရိ​၏​သားမြေး​များ​ထဲမှ သူ​တို့​၏​ဆွေမျိုးသားချင်း ကုရှာယ​၏​သား​ဧသန်​၊ 18ဒုတိယ​အုပ်စု​တွင် သူ​တို့​၏​ဆွေမျိုးသားချင်း​များ​ဖြစ်​သော ဇာခရိ​၊ ဗင်​၊ ယာဇေလ​၊ ရှေမိရာမုတ်​၊ ယေဟေလ​၊ ဥန္နိ​၊ ဧလျာဘ​၊ ဗေနာယ​၊ မာသေယ​၊ မတ္တိသိ​၊ ဧလိဖလေ​၊ မိတ်နေယ​၊ တံခါးစောင့်​ဩဗဒေဒုံ​နှင့်​ယေယေလ တို့​ကို​ခွဲခန့်​ထား​၏​။ 19သီချင်းသည် ဟေမန်​၊ အာသပ်​၊ ဧသန် တို့​သည် ကြေးနီ​လင်းကွင်း​များ​ကို တီး​ရ​၏​။ 20ဇာခရိ​၊ အဇေလ​၊ ရှေမိရာမုတ်​၊ ယေဟေလ​၊ ဥန္နိ​၊ ဧလျာဘ​၊ မာသေယ​၊ ဗေနာယ တို့​သည် အာလမုတ်​သံစဉ်​နှင့်အညီ စောင်းပြား​ကို တီး​ရ​၏​။ 21မတ္တိသိ​၊ ဧလိဖလေ​၊ မိတ်နေယ​၊ ဩဗဒေဒုံ​၊ ယေယေလ​၊ အာဇဇိ တို့​သည် ရှေမိနိတ်​သံစဉ်​နှင့်အညီ​စောင်း​ကို တီး​ရ​သော ဂီတမှူး​များ ဖြစ်​ကြ​၏​။ 22လေဝိ​အမျိုး​အကြီးအကဲ​ခေနနိ​သည် သီချင်း​အရာ​၌​ကျွမ်းကျင်​သောကြောင့် သူ​သည် သီဆို​ခြင်း​အမှု​ကို တာဝန်ယူ​ရ​၏​။ 23ဗေရခိ​နှင့်​ဧလကာန​တို့​သည် သေတ္တာ​တော်​တံခါး​ကို စောင့်ကြပ်​ရ​၏​။ 24ယဇ်ပုရောဟိတ် ရှေဗနိ​၊ ယောရှာဖတ်​၊ နာသနေလ​၊ အာမသဲ​၊ ဇာခရိ​၊ ဗေနာယ​၊ ဧလျေဇာ​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ရှေ့​တွင် တံပိုးခရာ​မှုတ်​ကြ​ရ​၏​။ ဩဗဒေဒုံ​နှင့်​ယေဟိ​တို့​သည်​လည်း သေတ္တာ​တော်​တံခါး​ကို စောင့်ကြပ်​ရ​၏​။
25ဤသို့ဖြင့် ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ လူ​တစ်ထောင်​အုပ်သောသူ​များ​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ဩဗဒေဒုံ​၏​အိမ်​မှ ပြန်သယ်​လာ​ရန် ဝမ်းမြောက်​စွာ​ထွက်သွား​ကြ​၏​။ 26ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​သော​လေဝိ​အမျိုး​တို့​အား ဘုရားသခင်​သည် စောင်မ​တော်မူ​၏​။ သူ​တို့​သည် နွားထီး ခုနစ်​ကောင်​၊ သိုးထီး ခုနစ်​ကောင်​ကို ယဇ်ပူဇော်​ကြ​၏​။
27ဒါဝိဒ်​မင်းကြီး​မှစ၍ သေတ္တာ​တော်​ကို​ထမ်း​သော​လေဝိ​အမျိုးသား​အားလုံး​နှင့် ခေနနိ​ဦးဆောင်​သော​သီချင်းသီဆို​သည့်​သီချင်းသည်​များ​သည် ပိတ်ချောထည်​ဝတ်လုံ​ကို ဝတ်ဆင်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ပိတ်ချော​ဧဖုဒ်​ကို​လည်း ဝတ်ဆင်​ထား​သေး​၏​။ 28ဤသို့ဖြင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကြွေးကြော်​လျက်​၊ တံပိုးမှုတ်သံ​နှင့်အတူ တံပိုးခရာ​များ​၊ လင်းကွင်း​များ​၊ စောင်းကောက်​၊ စောင်းပြား​များ​ကို တီးမှုတ်​လျက် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ကြ​၏​။ 29ဒါဝိဒ်​မြို့​တွင်း​သို့ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော် ဝင်ရောက်​လာ​သောအခါ ရှောလု​မင်းကြီး​၏​သမီး​တော် မိခါလ​သည် ပြတင်းပေါက်​မှ​လှမ်းကြည့်​ရာ ဒါဝိဒ်​မင်းကြီး ကခုန်​ပျော်မြူး​နေ​သည်​ကို​မြင်​လျှင် သူ့​စိတ်​ထဲတွင် ဒါဝိဒ်​မင်းကြီး​ကို မထီလေးစားပြု​မိ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ရာဇဝင်ချုပ်ပထမစောင် 15