ရာဇဝင်ချုပ်ပထမစောင် 15
15
ဂျေရုဆလင်မြို့သို့ ပဋိညာဉ်သေတ္တာတော်ကို ပြန်သယ်လာခြင်း
1ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့၌ မိမိအဖို့နန်းတော်ကို တည်ဆောက်၏။ ဘုရားသခင်၏သေတ္တာတော်ထားဖို့နေရာကိုပြင်ဆင်ပြီး တဲတော်ကို စိုက်ထူပေး၏။ 2ဒါဝိဒ်မင်းကြီးက “လေဝိအမျိုးမှလွဲ၍ မည်သူမျှ ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရ။ အကြောင်းမူကား ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရန်နှင့် အမှုတော်ကိုအစဉ်ဆောင်ရွက်ရန် သူတို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
3ထို့နောက် ဒါဝိဒ်မင်းကြီးသည် သူပြင်ဆင်ထားသောနေရာသို့ ထာဝရဘုရား၏သေတ္တာတော်ကို ယူဆောင်လာရန် အစ္စရေးလူမျိုးအပေါင်းတို့ကို ဂျေရုဆလင်မြို့သို့ စုဝေးစေ၏။ 4ဒါဝိဒ်မင်းကြီး ခေါ်ယူစုဝေးစေသော လေဝိအမျိုး အာရုန်၏သားမြေးများမှာ
5ကောဟတ်၏သားမြေးများတွင် အကြီးအကဲဥရေလနှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်တစ်ရာ့နှစ်ဆယ်၊ 6မေရာရိ၏သားမြေးများတွင် အကြီးအကဲအသာယနှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်နှစ်ရာ့နှစ်ဆယ်၊ 7ဂေရရှုံ၏သားမြေးများတွင် အကြီးအကဲယောလနှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်တစ်ရာ့သုံးဆယ်၊ 8ဧလိဇာဖန်၏သားမြေးများတွင် အကြီးအကဲရှေမာယနှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်နှစ်ရာ၊ 9ဟေဗြုန်၏သားမြေးများတွင် အကြီးအကဲဧလျေလနှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်ရှစ်ဆယ်၊ 10ဩဇေလ၏သားမြေးများတွင် အကြီးအကဲအမိနဒပ်နှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်တစ်ရာတစ်ဆယ့်နှစ်ယောက် တို့ဖြစ်ကြ၏။
11ထို့ပြင် ဒါဝိဒ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်အဗျာသာ၊ လေဝိအမျိုး ဥရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်ပြီး 12သူတို့အား “သင်တို့သည် လေဝိအမျိုးဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ ထို့ကြောင့် ယခု သင်တို့ကိုယ်တိုင်နှင့် သင်တို့၏ဆွေမျိုးသားချင်းများကိုယ်တိုင် ကိုယ်ကိုသန့်ရှင်းစေပြီး ငါပြင်ဆင်ထားသောနေရာသို့ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်လာကြလော့။ 13ယခင်က သေတ္တာတော်ကိုသယ်ဆောင်ရာတွင် သင်တို့မပါခဲ့၊ ငါတို့လည်း စီရင်ထုံးဖွဲ့ချက်အတိုင်း မမေးလျှောက်ဘဲ သယ်ဆောင်ခဲ့သောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ဒဏ်ခတ်တော်မူခဲ့ပြီ”ဟု မိန့်ဆို၏။ 14ထို့ကြောင့် ယဇ်ပုရောဟိတ်တို့နှင့် လေဝိအမျိုးတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်ရန် ကိုယ်ကိုသန့်ရှင်းစေကြ၏။ 15ထို့နောက် ထာဝရဘုရားက မောရှေအား မိန့်မှာထားတော်မူသည့်အတိုင်း လေဝိအမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ထမ်းပိုးတို့နှင့် ပခုံးပေါ်တင်ထမ်းကာ သယ်ဆောင်လာကြ၏။
16ဒါဝိဒ်မင်းကြီးက လေဝိအမျိုးအကြီးအကဲတို့အား စောင်းပြား၊ စောင်းကောက်၊ လင်းကွင်းစသောတူရိယာတို့ဖြင့် အားရဝမ်းမြောက်စွာသီဆိုနိုင်သော သူတို့၏ဆွေမျိုးသားချင်းတို့ကို သီချင်းသည်အဖြစ် ခွဲခန့်ထားရန် အမိန့်ပေးထား၏။ 17ထို့ကြောင့် လေဝိအမျိုးတို့လည်း ယောလ၏သားဟေမန်နှင့် သူ၏ဆွေမျိုးသားချင်းများထဲမှ ဗေရခိ၏သားအာသပ်၊ မေရာရိ၏သားမြေးများထဲမှ သူတို့၏ဆွေမျိုးသားချင်း ကုရှာယ၏သားဧသန်၊ 18ဒုတိယအုပ်စုတွင် သူတို့၏ဆွေမျိုးသားချင်းများဖြစ်သော ဇာခရိ၊ ဗင်၊ ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံနှင့်ယေယေလ တို့ကိုခွဲခန့်ထား၏။ 19သီချင်းသည် ဟေမန်၊ အာသပ်၊ ဧသန် တို့သည် ကြေးနီလင်းကွင်းများကို တီးရ၏။ 20ဇာခရိ၊ အဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယ တို့သည် အာလမုတ်သံစဉ်နှင့်အညီ စောင်းပြားကို တီးရ၏။ 21မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေယေလ၊ အာဇဇိ တို့သည် ရှေမိနိတ်သံစဉ်နှင့်အညီစောင်းကို တီးရသော ဂီတမှူးများ ဖြစ်ကြ၏။ 22လေဝိအမျိုးအကြီးအကဲခေနနိသည် သီချင်းအရာ၌ကျွမ်းကျင်သောကြောင့် သူသည် သီဆိုခြင်းအမှုကို တာဝန်ယူရ၏။ 23ဗေရခိနှင့်ဧလကာနတို့သည် သေတ္တာတော်တံခါးကို စောင့်ကြပ်ရ၏။ 24ယဇ်ပုရောဟိတ် ရှေဗနိ၊ ယောရှာဖတ်၊ နာသနေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏သေတ္တာတော်ရှေ့တွင် တံပိုးခရာမှုတ်ကြရ၏။ ဩဗဒေဒုံနှင့်ယေဟိတို့သည်လည်း သေတ္တာတော်တံခါးကို စောင့်ကြပ်ရ၏။
25ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးသက်ကြီးဝါကြီးများ၊ လူတစ်ထောင်အုပ်သောသူများသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ပြန်သယ်လာရန် ဝမ်းမြောက်စွာထွက်သွားကြ၏။ 26ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိအမျိုးတို့အား ဘုရားသခင်သည် စောင်မတော်မူ၏။ သူတို့သည် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
27ဒါဝိဒ်မင်းကြီးမှစ၍ သေတ္တာတော်ကိုထမ်းသောလေဝိအမျိုးသားအားလုံးနှင့် ခေနနိဦးဆောင်သောသီချင်းသီဆိုသည့်သီချင်းသည်များသည် ပိတ်ချောထည်ဝတ်လုံကို ဝတ်ဆင်ကြ၏။ ဒါဝိဒ်မင်းကြီးသည် ပိတ်ချောဧဖုဒ်ကိုလည်း ဝတ်ဆင်ထားသေး၏။ 28ဤသို့ဖြင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်သံနှင့်အတူ တံပိုးခရာများ၊ လင်းကွင်းများ၊ စောင်းကောက်၊ စောင်းပြားများကို တီးမှုတ်လျက် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာကြ၏။ 29ဒါဝိဒ်မြို့တွင်းသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ဝင်ရောက်လာသောအခါ ရှောလုမင်းကြီး၏သမီးတော် မိခါလသည် ပြတင်းပေါက်မှလှမ်းကြည့်ရာ ဒါဝိဒ်မင်းကြီး ကခုန်ပျော်မြူးနေသည်ကိုမြင်လျှင် သူ့စိတ်ထဲတွင် ဒါဝိဒ်မင်းကြီးကို မထီလေးစားပြုမိလေ၏။
Currently Selected:
ရာဇဝင်ချုပ်ပထမစောင် 15: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative