မဿဲ 21
21
ဂျေရုဆလင်မြို့သို့ အောင်ပွဲခံ၍ ဝင်ရောက်တော်မူခြင်း
1ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍ 2“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း ကြိုးချည်ထားသောမြည်းမနှင့် မြည်းကလေးကို တွေ့မြင်ရလိမ့်မည်။ မြည်းတို့ကို ကြိုးဖြေ၍ ငါ့ထံသို့ခေါ်ဆောင်လာကြလော့။ 3တစ်စုံတစ်ဦးက သင်တို့အား ‘အဘယ်ကြောင့် မြည်းကို ကြိုးဖြေကြသနည်း’ ဟု မေးလျှင် ‘သခင်အသုံးပြုလိုသောကြောင့်ဖြစ်၏’ ဟု ဖြေကြလော့။ ထိုသို့ဖြေလျှင် သူသည် ချက်ချင်းယူခွင့်ပြုလိမ့်မည်” ဟု မိန့်မှာတော်မူ၏။
4ဤအရာမှာ ပရောဖက်ဟောပြောခဲ့သည့်အကြောင်းအရာ ဖြစ်လာရန်ပင်ဖြစ်၏။ ထိုဟောပြောချက်မှာ
5“သင်တို့၏ရှင်ဘုရင်သည် မြည်းနှင့်
မြည်းကလေးပေါ်တွင် စီး၍
နူးညံ့သိမ်မွေ့သောစိတ်ဖြင့် သင်တို့ထံသို့ကြွလာတော်မူပြီဟု
ဇိအုန်မြို့သူမြို့သားတို့#21:5 မူရင်းဂရိကျမ်းတွင် “ဇိအုန်သမီး” ဟု ပါရှိသည်။အား ပြောကြလော့”#21:5 ဇာ ၉:၉။
ဟူ၍ ဖြစ်၏။
6တပည့်တော်နှစ်ပါးတို့သည်လည်း ယေရှုညွှန်ကြားတော်မူသည့်အတိုင်း သွား၍ လုပ်ဆောင်ကြပြီး 7မြည်းနှင့်မြည်းကလေးကို ခေါ်ဆောင်လာကြ၏။ ထို့နောက် သူတို့၏အဝတ်များကို မြည်းနှင့်မြည်းကလေးပေါ်၌ ခင်းပေးကြရာ ယေရှုသည်လည်း စီးတော်မူ၏။
8အလွန်များပြားလှသောလူအုပ်ကြီးက မိမိတို့၏ အဝတ်များကို လမ်းပေါ်တွင်ဖြန့်ခင်းကြ၏။ တချို့က သစ်ကိုင်းသစ်ခက်တို့ကို ခုတ်၍ လမ်းပေါ်တွင် ဖြန့်ခင်းကြ၏။ 9ယေရှုရှေ့တော်နှင့် နောက်တော်တွင် လိုက်ပါသောလူထုတို့က
“ဒါဝိဒ်မင်း၏ သားတော်ကို ချီးမွမ်းကြပါစေသော။#21:9 ဂရိဘာသာဖြင့် တိုက်ရိုက်အသံထွက်လျှင် “ဟောရှဏ္ဏ” ဟူ၍ ဖြစ်သည်။ ၎င်းသည် ချီးမွမ်းကြွေးကြော်သည့်စကားဖြစ်ပြီး တိုက်ရိုက်ပြန်ဆိုလျှင် ယခုကယ်တင်တော်မူပါဟု အဓိပ္ပာယ်ရသည်။ ၂၁:၉ ခ တွင်လည်း ထိုနည်းတူဖြစ်သည်။
ထာဝရဘုရား၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။
အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော”#21:9 ဆာ ၁၁၈:၂၅-၂၆၊ ၁၄၈:၁။
ဟု ကြွေးကြော်ကြ၏။
10ယေရှုသည် ဂျေရုဆလင်မြို့သို့ ဝင်တော်မူသော် တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ကာ “ဤသူသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
11လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
ဗိမာန်တော်ကို ရှင်းလင်းတော်မူခြင်း
12ထို့နောက် ယေရှုသည် ဗိမာန်တော်သို့ ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်ဖောက်ကားနေကြသောသူအားလုံးကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်နေသောသူတို့၏ စားပွဲများနှင့် ချိုးငှက်ရောင်းသောသူတို့၏ ခုံများကို မှောက်လှန်တော်မူ၏။ 13ယေရှုက “ကျမ်းစာတွင် ‘ငါ၏ အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဟု ခေါ်ဆိုရမည်’ ဟူ၍ ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ”#21:13 ဟေရှာ ၅၆:၇၊ ယေ ၇:၁၁။ ဟု သူတို့အား မိန့်တော်မူ၏။
14ထိုအခါ ဗိမာန်တော်၌ မျက်မမြင်များနှင့် ခြေမသန်သူများသည် ကိုယ်တော်ထံသို့ လာကြသော် ကိုယ်တော်သည် သူတို့အား ကျန်းမာစေတော်မူ၏။ 15သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုပြုသော အံ့ဖွယ်အမှုများကိုလည်းကောင်း၊ “ဒါဝိဒ်မင်း၏ သားတော်ကို ချီးမွမ်းကြပါစေသော” ဟု ဗိမာန်တော်၌ ကလေးငယ်များအော်ဟစ်ကြသည်ကိုလည်းကောင်း မြင်လျှင် ဒေါသထွက်ကြ၏။
16ထို့ကြောင့် သူတို့က “ဤကလေးငယ်များ မည်သို့ပြောဆိုနေကြသည်ကို ကြားသလော” ဟု ကိုယ်တော်အား မေးကြ၏။
ယေရှုက “ငါကြား၏။ ကျမ်းစာ၌ ‘ကလေးများနှင့် နို့စို့သူငယ်များက ကိုယ်တော်ကို ချီးမွမ်းစေရန် ကိုယ်တော်သည် သင်ကြားပေးတော်မူပြီ’#21:16 ဆာ ၈:၂။ ဟူ၍ရေးသားထားသည်ကို သင်တို့ တစ်ခါမျှမဖတ်ဖူးသလော” ဟု မိန့်တော်မူ၏။ 17ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
သဖန်းပင်အား ကျိန်တော်မူခြင်း
18မနက်ခင်းတွင် ဂျေရုဆလင်မြို့သို့ ပြန်ကြွတော်မူစဉ် ယေရှုသည် ဆာလောင်တော်မူ၏။ 19ထိုအခါ လမ်းဘေး၌ သဖန်းပင်တစ်ပင်ကို မြင်သော် အပင်နားသို့ ကြွတော်မူ၏။ သို့သော် အသီးတစ်လုံးမျှမရှိဘဲ အရွက်များကိုသာ တွေ့မြင်တော်မူ၏။ ထိုအခါ ယေရှုက ထိုအပင်အား “ယခုမှစ၍ မည်သည့်အခါမျှ သင်၌ အသီးမသီးပါစေနှင့်” ဟု မိန့်တော်မူ၏။ ထိုသဖန်းပင်သည်လည်း ချက်ချင်းခြောက်သွေ့သွားလေ၏။
20ထိုဖြစ်ရပ်ကို တပည့်တော်တို့သည် မြင်လျှင် အလွန်အံ့အားသင့်လျက် “သဖန်းပင်သည် မည်သို့သောအားဖြင့် ချက်ချင်းခြောက်သွေ့သွားသနည်း” ဟု မေးလျှောက်ကြ၏။
21ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့သည် သံသယကင်းသော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို ငါပြုသကဲ့သို့ သင်တို့ပြုနိုင်မည်။ ထိုမျှမက ဤတောင်အား ‘ဤနေရာမှ ရွေ့ကာ ပင်လယ်သို့ ကျလော့’ ဟု ပြောလျှင် ပြောသည့်အတိုင်း ဖြစ်လိမ့်မည်။ 22သင်တို့သည် မည်သည့်အရာကိုမဆို ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
အခွင့်အာဏာတော်ကို စစ်ဆေးမေးမြန်းကြခြင်း
23ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူ၍ သွန်သင်တော်မူစဉ် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများတို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “သင်သည် ဤအခြင်းအရာများကို မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေသနည်း။ ဤအခွင့်အာဏာကို မည်သူက ပေးသနည်း” ဟု မေးလျှောက်ကြ၏။
24ယေရှုက “သင်တို့ကို မေးခွန်းတစ်ခု ငါမေးမည်။ သင်တို့ ဖြေနိုင်ပါက မည်သည့်အခွင့်အာဏာဖြင့် ဤအခြင်းအရာများကို လုပ်ဆောင်နေကြောင်း ငါပြောမည်။ 25ယောဟန်၏ နှစ်ခြင်းမင်္ဂလာပေးရသောအခွင့်အာဏာသည် ကောင်းကင်ဘုံမှ လာသလော။ လူ့ထံမှ လာသလော” ဟု မေးတော်မူ၏။
ထိုအခါ သူတို့က “ငါတို့သည် ‘ကောင်းကင်ဘုံမှ လာသည်’ ဟု ဖြေလျှင် သူက ‘ထိုသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ယောဟန်ကို မယုံကြသနည်း’ ဟု မေးလိမ့်မည်။ 26သို့သော် ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူထုပရိသတ်ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ 27ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှုအား ဖြေဆိုကြ၏။
ထိုအခါ ယေရှုက “ငါသည်လည်း မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေကြောင်းကို သင်တို့အားမပြောနိုင်” ဟု ထိုသူတို့အား မိန့်တော်မူ၏။
သားနှစ်ဦး ပုံဥပမာ
28ထို့နောက် ယေရှုက “ဤအကြောင်းအရာကို သင်တို့ မည်သို့ထင်ကြသနည်း။ လူတစ်ယောက်၌ သားနှစ်ယောက်ရှိ၏။ သူသည် သားကြီးထံသို့သွား၍ ‘ငါ့သား… ယနေ့ စပျစ်ခြံသို့ သွား၍ အလုပ်လုပ်လော့’ ဟု ပြော၏။ 29သားဖြစ်သူက ‘ကျွန်ုပ် မသွားလိုပါ’ ဟု ပြန်ပြော၏။ သို့သော်လည်း နောက်မှ နောင်တရ၍ စပျစ်ခြံသို့ သွားလေ၏။ 30ထို့နောက် ဖခင်ဖြစ်သူသည် သားငယ်ထံသို့ သွား၍ ယခင်အတိုင်းပြောလေ၏။ သားငယ်က ‘ဟုတ်ကဲ့ အဖေ။ ကျွန်ုပ် သွားပါမည်’ ဟု ဆို၏။ သို့သော်လည်း မသွားဘဲနေ၏။
31ထိုသားနှစ်ဦးတို့တွင် မည်သူသည် ဖခင်စကားကို နားထောင်သနည်း” ဟု မေးတော်မူ၏။
တပည့်တော်တို့က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။
ယေရှုက သူတို့အား “ငါအမှန်ဆိုရလျှင် အကျင့်ပျက်သောအခွန်ကောက်သူများနှင့် ပြည့်တန်ဆာများသည် ဘုရားသခင်၏ နိုင်ငံတော်သို့ သင်တို့ထက်အလျင် ဝင်ကြလိမ့်မည်။ 32နှစ်ခြင်းဆရာယောဟန်သည် လာ၍ မှန်ကန်စွာ အသက်ရှင်ရန် သင်တို့အား လမ်းပြခဲ့၏။ သို့သော် သင်တို့သည် သူ့ကို မယုံကြ။ အခွန်ကောက်သူများနှင့် ပြည့်တန်ဆာများကမူ ယုံကြည်ကြ၏။ သင်တို့သည် ထိုအရာကို မြင်လျက်နှင့်ပင် နောင်တရ၍ သူ့ကို ယုံကြည်လာခြင်းမရှိကြ။
ဆိုးသွမ်းသောစပျစ်ခြံလုပ်သားများ ပုံဥပမာ
33အခြားသောပုံဥပမာတစ်ခုကို နားထောင်ကြလော့။ မြေရှင်တစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုး၍ ခြံခတ်လေ၏။ သူသည် ထိုခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကို တူးပြီး ကင်းစောင့်မျှော်စင်ကိုလည်း ဆောက်၏။ ထို့နောက် ထိုစပျစ်ခြံကို စပျစ်ခြံလုပ်သားများအား ငှားရမ်း၍ အခြားတိုင်းပြည်သို့ သွားလေ၏။ 34စပျစ်သီးဆွတ်ချိန် ရောက်သောအခါ စပျစ်သီးတချို့ကို ရယူရန် အစေခံတို့ကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။ 35သို့သော် စပျစ်ခြံလုပ်သားများက သူ၏အစေခံများကို ဖမ်းချုပ်လျက် တစ်ဦးကိုရိုက်၍ တစ်ဦးကိုသတ်ကာ တစ်ဦးကို ကျောက်ခဲနှင့်ပေါက်ကြ၏။ 36ထို့ကြောင့် မြေရှင်သည် ယခင်ထက်ပို၍များသော အစေခံများကို စေလွှတ်လေ၏။ သို့သော်လည်း စပျစ်ခြံလုပ်သားများက သူတို့ကို ယခင်အတိုင်း ပြုမူကြ၏။
37နောက်ဆုံးတွင် မြေရှင်က ‘ငါ့သားကိုမူ သူတို့လေးစားကြလိမ့်မည်’ ဟု တွေးလျက် မိမိသားကို စေလွှတ်လိုက်၏။
38သို့သော် စပျစ်ခြံလုပ်သားများက မြေရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။ 39ထို့နောက် သူ့ကို ဖမ်းကာ စပျစ်ခြံအပြင်သို့ ထုတ်၍ သတ်ကြ၏။
40ဤသို့ဖြစ်လျှင် မြေရှင် ရောက်လာသောအခါ စပျစ်ခြံလုပ်သားတို့ကို မည်သို့ပြုလိမ့်မည်နည်း” ဟု မေးတော်မူ၏။
41လူတို့က “သူသည် ထိုဆိုးသွမ်းသောသူတို့ကို ရက်စက်စွာ သုတ်သင်ဖယ်ရှားလိမ့်မည်။ ထို့နောက် စပျစ်သီးဆွတ်ချိန်တွင် သူ့အား စပျစ်သီးတချို့ပေးမည့် အခြားသောစပျစ်ခြံလုပ်သားတို့အား ထိုစပျစ်ခြံကို ငှားရမ်းပါလိမ့်မည်” ဟု လျှောက်ကြ၏။
42ထိုအခါ ယေရှုက “ကျမ်းစာ၌
‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည်
အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
ဤအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။
ငါတို့မျက်စိရှေ့၌လည်း အံ့ဖွယ်ဖြစ်၏’#21:42 ဆာ ၁၁၈:၂၂-၂၃။
ဟု ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
43ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှ သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးသည့်လူများထံသို့ ပေးအပ်တော်မူလိမ့်မည်။ 44ထိုကျောက်ပေါ်သို့ ကျသောသူသည် တစ်စစီကျိုးပဲ့လိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ ကျလျှင်လည်း ထိုသူသည် ညက်ညက်ကြေလိမ့်မည်” ဟု မိန့်တော်မူ၏။#21:44 အချို့လက်ရေးမူကျမ်းများတွင် ဤအပိုဒ်မပါဝင်ပါ။
45ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲတို့က ထိုပုံဥပမာကို ကြားသောအခါ ယေရှုသည် မိမိတို့အား ဆိုးသွမ်းသောစပျစ်ခြံလုပ်သားများအဖြစ် ရည်ညွှန်းပြောဆိုကြောင်း သဘောပေါက်ကြ၏။ 46ထို့ကြောင့် သူတို့သည် ယေရှုကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယေရှုကို ပရောဖက်တစ်ပါးကဲ့သို့ မှတ်ယူကြသောကြောင့်ဖြစ်၏။
Айни замон обунашуда:
မဿဲ 21: BCB
Лаҳзаҳои махсус
Паҳн кунед
Нусха
Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.