လုကာ 15
15
ပျောက်သောသိုး ပုံဥပမာ
1အခွန်ကောက်သူများနှင့် အပြစ်သားများသည် ယေရှု၏သွန်သင်ချက်ကို နားထောင်ရန် ယေရှုအနီးသို့ ချဉ်းကပ်လာကြ၏။ 2ထိုအခါ ဖာရိရှဲများ#15:2 ဂျူးဓလေ့ထုံးတမ်းနှင့် ဥပဒေစည်းကမ်းကို တင်းကျပ်စွာလိုက်နာသည့် ဂျူးဘာသာရေးခေါင်းဆောင်များ။နှင့် ကျမ်းတတ်ဆရာများက “ယေရှုသည် အပြစ်သားများကို လက်ခံပေါင်းသင်း၍ သူတို့နှင့်အတူ စားသောက်နေပါသည်” ဟု အပြစ်တင်ကြ၏။
3ထို့ကြောင့် ယေရှုက ပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ 4“အကယ်၍ သင်တို့အထဲမှ တစ်စုံတစ်ဦးတွင် သိုးအကောင်တစ်ရာရှိရာ ထိုသိုးများအနက် တစ်ကောင်ပျောက်ဆုံးသွားပါက အခြားသောသိုး ကိုးဆယ့်ကိုးကောင်ကို စားကျက်#15:4 “စားကျက်” မူရင်းဂရိကျမ်းတွင် “တောကန္တာရ” ဟု ပါရှိသည်။တွင် ထားခဲ့ပြီးလျှင် ပျောက်သောသိုးတစ်ကောင်ကို တွေ့သည်တိုင်အောင် ရှာမည်မဟုတ်လော။ 5ထိုသိုးကို တွေ့သောအခါ ပခုံးပေါ်တင်၍ ဝမ်းမြောက်စွာ အိမ်သို့ ယူဆောင်လာလိမ့်မည်။ 6အိမ်ရောက်သောအခါ မိတ်ဆွေများနှင့် အိမ်နီးချင်းများကို ခေါ်လျက် ‘ပျောက်သောသိုးကို တွေ့ပြီဖြစ်သောကြောင့် ငါနှင့်အတူဝမ်းမြောက်ကြလော့’ ဟု ပြောလိမ့်မည်။ 7ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရရန် မလိုသောသူ ကိုးဆယ့်ကိုးဦးအတွက် ဝမ်းမြောက်သည်ထက် အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံ ပြန်လာသောသူတစ်ဦးအတွက် ကောင်းကင်ဘုံတွင် ပို၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။
ပျောက်သောဒင်္ဂါးပြား ပုံဥပမာ
8တစ်နည်းဆိုသော် အမျိုးသမီးတစ်ဦး၌ ငွေဒင်္ဂါးဆယ်ပြား#15:8 မူရင်းဂရိကျမ်းတွင် “တစ်ဆယ်ဒရက်မာ” ဟု ပါရှိသည်။ တစ်ဒရက်မာသည် တစ်နေ့တာလုပ်အားခနှင့်ညီမျှသည်။ရှိ၍ ထိုအထဲမှ တစ်ပြားပျောက်သွားပါက သူသည် ဆီမီးခွက်ကိုထွန်း၍ အိမ်အခန်းထောင့်ရှိသမျှတို့ကို လှည်းကျင်းပြီး ပြန်တွေ့သည်အထိ ဂရုတစိုက်ရှာဖွေမည် မဟုတ်လော။ 9ထို့နောက် ပြန်တွေ့သောအခါ မိတ်ဆွေများနှင့် အိမ်နီးချင်းများကို ခေါ်ကာ ‘ပျောက်သွားသောဒင်္ဂါးပြားကို တွေ့ပြီဖြစ်သောကြောင့် ငါနှင့်အတူ ဝမ်းမြောက်ကြလော့’ ဟု ပြောလိမ့်မည်။ 10သင်တို့အား ငါပြောဆိုသည်မှာ ထိုနည်းတူ အပြစ်သားတစ်ဦး နောင်တရသောအခါ ဘုရားသခင်၏ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။
ပျောက်သောသား ပုံဥပမာ
11ထို့ပြင် ယေရှုက “လူတစ်ဦးတွင် သားနှစ်ယောက်ရှိ၏။ 12သားငယ်ဖြစ်သူက ဖခင်အား ‘အဖေ… ကျွန်ုပ်ရထိုက်သော အမွေပစ္စည်းများကို ခွဲဝေပေးပါ’ ဟု ပြော၏။ ထိုအခါ ဖခင်သည်လည်း သူ၏စည်းစိမ်ဥစ္စာများကို သူတို့နှစ်ဦးအား ခွဲဝေပေးလေ၏။
13ရက်အနည်းငယ်ကြာသော် သားငယ်သည် မိမိပိုင်ဆိုင်သမျှကို ထုပ်ပိုးကာ ဝေးသောတိုင်းပြည်သို့ ထွက်သွား၏။ ထိုပြည်သို့ ရောက်သောအခါ သူသည် ပျော်ပါးသောက်စား၍ အသက်ရှင်လျက် ယူဆောင်လာသမျှ စည်းစိမ်များကို ဖြုန်းတီးလေ၏။ 14ဥစ္စာပစ္စည်းရှိသမျှကို သုံး၍ ကုန်သောအခါ ထိုပြည်၌ ပြင်းထန်သောအစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်သဖြင့် သူသည် ငတ်ပြတ်လေ၏။ 15ထိုအခါ ပြည်သားတစ်ဦးထံသွားပြီး အလုပ်တောင်းသော် ထိုသူက စားကျက်ကွင်းသို့ စေလွှတ်၍ ဝက်များကို ထိန်းကျောင်းစေ၏။ 16သူသည် အလွန်ဆာလောင်သဖြင့် ဝက်များစားနေသော ပဲတောင့်အစာကိုပင် စားချင်စိတ်ဖြစ်လေ၏။ သို့သော်လည်း သူ့အား စားစရာကျွေးမည့်သူ တစ်ယောက်မျှမရှိ။
17ထိုအချိန်တွင် သူသည် အသိတရားရလာ၍ ‘ငါ့အဖေအိမ်တွင်ရှိသော အလုပ်သမားများသည် ဝလင်စွာစားရကြ၏။ သို့သော် ငါသည် ဤနေရာတွင် ဆာလောင်သဖြင့် သေရပါတော့မည်။ 18ငါထ၍ အဖေ့ထံသွားပြီး “အဖေ၊ ကျွန်ုပ်သည် ဘုရားသခင်နှင့် အဖေ့ကို ပြစ်မှားပါပြီ။ 19အဖေ့သားဟူ၍ အခေါ်မခံထိုက်တော့ပါ။ ကျွန်ုပ်အား အဖေ့အလုပ်သမားတစ်ယောက်အဖြစ်သာ သဘောထားပေးပါ” ဟူ၍ တောင်းပန်မည်’ ဟု ဆိုလေ၏။
20ထို့နောက် သူသည် ထ၍ ဖခင်ထံ ပြန်လေ၏။ အဝေး၌ ရှိနေစဉ်ပင် ဖခင်သည် သားကိုမြင်လျှင် သနားကြင်နာသောစိတ်နှင့် ပြေးဖက်လျက် နမ်းရှုပ်လေ၏။ 21သားဖြစ်သူက ဖခင်အား ‘အဖေ၊ ကျွန်ုပ်သည် ဘုရားသခင်နှင့် အဖေ့ကို ပြစ်မှားပါပြီ။ ကျွန်ုပ်သည် အဖေ့သားဟူ၍ပင် အခေါ်မခံထိုက်တော့ပါ’ ဟု ဆိုလေ၏။
22သို့သော် ဖခင်က အစေခံတို့အား ‘အကောင်းဆုံးဝတ်ရုံကို အမြန်ယူလာ၍ သူ့အားဝတ်ပေးကြလော့။ သူ့လက်၌ လက်စွပ်ကို စွပ်ပေး၍ သူ့ခြေထောက်၌ ဖိနပ်ကို စီးပေးကြလော့။ 23ထို့ပြင် ဆူဖြိုးသောနွားကလေးကို သတ်၍ ပျော်ပွဲရွှင်ပွဲလုပ်လျက် စားသောက်ကြစို့။ 24ငါ့သားသည် ယခင်က သေဆုံးသော်လည်း ယခု အသက်ပြန်ရှင်ပြီ။ ယခင်က ပျောက်ဆုံးသော်လည်း ယခုပြန်တွေ့ပြီ’ ဟု ဆို၍ ပွဲကျင်းပကြလေ၏။
25ထိုအချိန်တွင် သားကြီးသည် လယ်၌ ရှိလေ၏။ သူသည် အိမ်သို့ ပြန်လာ၍ အနီးသို့ရောက်သောအခါ တီးမှုတ်ကခုန်သံများကို ကြား၏။ 26ထိုအခါ အစေခံတစ်ဦးအား ‘မည်သည့်အရာများဖြစ်ပျက်နေသနည်း’ ဟု မေး၏။ 27အစေခံက ‘သင်၏ညီ ပြန်ရောက်လာပါပြီ။ သူသည် ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာသည့်အတွက်ကြောင့် သင့်ဖခင်က ဆူဖြိုးသောနွားကလေးကို သတ်စေပါပြီ’ ဟု ဖြေ၏။
28ထိုအခါ သားကြီးဖြစ်သူသည် ဒေါသထွက်၍ အိမ်ထဲသို့ မဝင်ဘဲနေ၏။ ဖခင်သည် အိမ်ပြင်သို့ ထွက်လာ၍ သူ့အား ဖျောင်းဖျပြောဆိုလေ၏။ 29သို့သော် သူသည် ဖခင်အား ‘ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖေ့အတွက် အလုပ်များ လုပ်ပေးခဲ့ပြီး အဖေ့စကား တစ်ခွန်းကိုမျှ မငြင်းခဲ့ပါ။ သို့သော်လည်း မိတ်ဆွေများနှင့်အတူ ပျော်ပွဲရွှင်ပွဲကျင်းပရန် အဖေသည် ကျွန်ုပ်အား ဆိတ်ငယ်ကလေးတစ်ကောင်ကိုမျှ မပေးခဲ့ဖူးပါ။ 30သို့သော် အဖေ့ထံမှ ဥစ္စာများကို ယူလျက် မိန်းမရွှင်များနှင့် ပျော်ပါးဖြုန်းတီးပြီးမှ ပြန်လာသောသားငယ်အတွက် ဆူဖြိုးသောနွားကလေးကို သတ်ပေးပါပြီ’ ဟု ပြောလေ၏။
31ထိုအခါ ဖခင်က ‘ငါ့သား… သင်သည် ငါနှင့် အမြဲရှိနေ၏၊ ငါ၌ရှိသမျှ ဥစ္စာများသည် သင့်ဥစ္စာဖြစ်၏။ 32သို့သော် သင့်ညီငယ်သည် ယခင်ကသေဆုံး၍ ယခုအသက်ပြန်ရှင်လာ၏၊ ယခင်ကပျောက်ဆုံး၍ ယခုပြန်တွေ့ရသောကြောင့် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
Айни замон обунашуда:
လုကာ 15: BCB
Лаҳзаҳои махсус
Паҳн кунед
Нусха
Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.