လုကာ 15

15
ပျောက်သော​သိုး ပုံဥပမာ
1အခွန်​ကောက်သူများ​နှင့် အပြစ်သားများ​သည် ယေရှု​၏​သွန်သင်ချက်​ကို နားထောင်​ရန် ယေရှု​အနီး​သို့ ချဉ်းကပ်လာကြ၏။ 2ထိုအခါ ဖာရိရှဲများ#15:2 ဂျူး​ဓလေ့ထုံးတမ်း​နှင့် ဥပဒေစည်းကမ်း​ကို တင်းကျပ်​စွာ​လိုက်နာသည့် ဂျူး​ဘာသာရေး​ခေါင်းဆောင်များ။​နှင့် ကျမ်းတတ်ဆရာများ​က “ယေရှု​သည် အပြစ်သားများ​ကို လက်ခံ​ပေါင်းသင်း​၍ သူတို့​နှင့်အတူ စားသောက်နေပါသည်” ဟု အပြစ်တင်ကြ၏။
3ထို့ကြောင့် ယေရှု​က ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ 4“အကယ်၍ သင်တို့​အထဲမှ တစ်စုံတစ်ဦး​တွင် သိုး​အကောင်​တစ်ရာ​ရှိရာ ထို​သိုးများ​အနက် တစ်ကောင်​ပျောက်ဆုံးသွား​ပါက အခြားသော​သိုး ကိုးဆယ့်ကိုးကောင်​ကို စားကျက်#15:4 “စားကျက်” မူရင်း​ဂရိကျမ်း​တွင် “တောကန္တာရ” ဟု ပါရှိသည်။​တွင် ထားခဲ့​ပြီးလျှင် ပျောက်သော​သိုး​တစ်ကောင်​ကို တွေ့သည်​တိုင်အောင် ရှာမည်​မဟုတ်လော။ 5ထို​သိုး​ကို တွေ့​သောအခါ ပခုံးပေါ်​တင်​၍ ဝမ်းမြောက်​စွာ အိမ်​သို့ ယူဆောင်လာ​လိမ့်မည်။ 6အိမ်ရောက်​သောအခါ မိတ်ဆွေများ​နှင့် အိမ်နီးချင်းများ​ကို ခေါ်​လျက် ‘ပျောက်သော​သိုး​ကို တွေ့ပြီ​ဖြစ်သောကြောင့် ငါ​နှင့်အတူ​ဝမ်းမြောက်ကြလော့’ ဟု ပြော​လိမ့်မည်။ 7ထို​နည်းတူ ဖြောင့်မတ်​၍ နောင်တရ​ရန် မလိုသော​သူ ကိုးဆယ့်ကိုးဦး​အတွက် ဝမ်းမြောက်သည်​ထက် အပြစ်​မှ နောင်တရ​၍ ဘုရားသခင်​ထံ ပြန်လာသော​သူ​တစ်ဦး​အတွက် ကောင်းကင်ဘုံ​တွင် ပို၍ ဝမ်းမြောက်ခြင်း​ရှိ​လိမ့်မည်။
ပျောက်သော​ဒင်္ဂါးပြား ပုံဥပမာ
8တစ်နည်းဆိုသော် အမျိုးသမီး​တစ်ဦး​၌ ငွေ​ဒင်္ဂါး​ဆယ်ပြား#15:8 မူရင်း​ဂရိကျမ်း​တွင် “တစ်ဆယ်​ဒရက်မာ” ဟု ပါရှိသည်။ တစ်​ဒရက်မာ​သည် တစ်နေ့တာ​လုပ်အားခ​နှင့်​ညီမျှသည်။​ရှိ​၍ ထို​အထဲ​မှ တစ်ပြား​ပျောက်သွား​ပါက သူ​သည် ဆီမီးခွက်​ကို​ထွန်း​၍ အိမ်​အခန်းထောင့်​ရှိသမျှတို့​ကို လှည်းကျင်းပြီး ပြန်တွေ့သည်​အထိ ဂရုတစိုက်​ရှာဖွေမည် မဟုတ်လော။ 9ထို့နောက် ပြန်တွေ့​သောအခါ မိတ်ဆွေများ​နှင့် အိမ်နီးချင်းများ​ကို ခေါ်​ကာ ‘ပျောက်သွားသော​ဒင်္ဂါးပြား​ကို တွေ့ပြီဖြစ်​သောကြောင့် ငါ​နှင့်အတူ ဝမ်းမြောက်ကြလော့’ ဟု ပြော​လိမ့်မည်။ 10သင်တို့​အား ငါ​ပြောဆိုသည်​မှာ ထို​နည်းတူ အပြစ်သား​တစ်ဦး နောင်တရ​သောအခါ ဘုရားသခင်​၏​ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။
ပျောက်သော​သား ပုံဥပမာ
11ထို့ပြင် ယေရှု​က “လူ​တစ်ဦး​တွင် သား​နှစ်ယောက်​ရှိ၏။ 12သားငယ်​ဖြစ်သူ​က ဖခင်​အား ‘အဖေ… ကျွန်ုပ်​ရထိုက်သော အမွေ​ပစ္စည်းများ​ကို ခွဲဝေပေးပါ’ ဟု ပြော၏။ ထိုအခါ ဖခင်​သည်လည်း သူ​၏​စည်းစိမ်ဥစ္စာများ​ကို သူတို့​နှစ်ဦး​အား ခွဲဝေပေးလေ၏။
13ရက်​အနည်းငယ်​ကြာသော် သားငယ်​သည် မိမိ​ပိုင်ဆိုင်​သမျှ​ကို ထုပ်ပိုး​ကာ ဝေးသော​တိုင်းပြည်​သို့ ထွက်သွား၏။ ထို​ပြည်​သို့ ရောက်​သောအခါ သူ​သည် ပျော်ပါး​သောက်စား​၍ အသက်ရှင်​လျက် ယူဆောင်လာ​သမျှ စည်းစိမ်များ​ကို ဖြုန်းတီးလေ၏။ 14ဥစ္စာ​ပစ္စည်း​ရှိသမျှ​ကို သုံး​၍ ကုန်​သောအခါ ထို​ပြည်​၌ ပြင်းထန်သော​အစာ​ခေါင်းပါးခြင်း​ဘေး ဆိုက်ရောက်​သဖြင့် သူ​သည် ငတ်ပြတ်လေ၏။ 15ထိုအခါ ပြည်သား​တစ်ဦး​ထံ​သွားပြီး အလုပ်​တောင်း​သော် ထို​သူ​က စားကျက်ကွင်း​သို့ စေလွှတ်​၍ ဝက်များ​ကို ထိန်းကျောင်း​စေ၏။ 16သူ​သည် အလွန်​ဆာလောင်​သဖြင့် ဝက်များ​စားနေသော ပဲတောင့်​အစာ​ကို​ပင် စားချင်စိတ်​ဖြစ်လေ၏။ သို့သော်လည်း သူ့​အား စားစရာ​ကျွေးမည့်​သူ တစ်ယောက်မျှ​မရှိ။
17ထို​အချိန်​တွင် သူ​သည် အသိတရားရလာ​၍ ‘ငါ့​အဖေ​အိမ်​တွင်​ရှိသော အလုပ်သမားများ​သည် ဝလင်စွာ​စားရကြ၏။ သို့သော် ငါ​သည် ဤ​နေရာ​တွင် ဆာလောင်​သဖြင့် သေရပါတော့မည်။ 18ငါ​ထ​၍ အဖေ့​ထံ​သွားပြီး “အဖေ၊ ကျွန်ုပ်​သည် ဘုရားသခင်​နှင့် အဖေ့​ကို ပြစ်မှားပါပြီ။ 19အဖေ့​သား​ဟူ၍ အခေါ်​မခံထိုက်တော့ပါ။ ကျွန်ုပ်​အား အဖေ့​အလုပ်သမား​တစ်ယောက်​အဖြစ်သာ သဘောထားပေးပါ” ဟူ၍ တောင်းပန်မည်’ ဟု ဆိုလေ၏။
20ထို့နောက် သူ​သည် ထ​၍ ဖခင်​ထံ ပြန်လေ၏။ အဝေး​၌ ရှိနေ​စဉ်ပင် ဖခင်​သည် သား​ကို​မြင်လျှင် သနားကြင်နာသော​စိတ်​နှင့် ပြေးဖက်​လျက် နမ်းရှုပ်လေ၏။ 21သား​ဖြစ်သူ​က ဖခင်​အား ‘အဖေ၊ ကျွန်ုပ်​သည် ဘုရားသခင်​နှင့် အဖေ့​ကို ပြစ်မှားပါပြီ။ ကျွန်ုပ်​သည် အဖေ့သား​ဟူ၍​ပင် အခေါ်​မခံထိုက်တော့ပါ’ ဟု ဆိုလေ၏။
22သို့သော် ဖခင်​က အစေခံတို့​အား ‘အကောင်းဆုံး​ဝတ်ရုံ​ကို အမြန်​ယူလာ​၍ သူ့​အား​ဝတ်ပေးကြလော့။ သူ့​လက်​၌ လက်စွပ်​ကို စွပ်ပေး​၍ သူ့​ခြေထောက်​၌ ဖိနပ်​ကို စီးပေးကြလော့။ 23ထို့ပြင် ဆူဖြိုးသော​နွားကလေး​ကို သတ်​၍ ပျော်ပွဲရွှင်ပွဲ​လုပ်လျက် စားသောက်ကြစို့။ 24ငါ့​သား​သည် ယခင်​က သေဆုံး​သော်လည်း ယခု အသက်​ပြန်ရှင်ပြီ။ ယခင်​က ပျောက်ဆုံး​သော်လည်း ယခု​ပြန်တွေ့ပြီ’ ဟု ဆို​၍ ပွဲ​ကျင်းပကြလေ၏။
25ထို​အချိန်​တွင် သားကြီး​သည် လယ်​၌ ရှိလေ၏။ သူ​သည် အိမ်​သို့ ပြန်လာ​၍ အနီး​သို့​ရောက်​သောအခါ တီးမှုတ်​ကခုန်သံများ​ကို ကြား၏။ 26ထိုအခါ အစေခံ​တစ်ဦး​အား ‘မည်သည့်​အရာများ​ဖြစ်ပျက်နေသနည်း’ ဟု မေး၏။ 27အစေခံ​က ‘သင်​၏​ညီ ပြန်ရောက်လာပါပြီ။ သူ​သည် ဘေးကင်းလုံခြုံ​စွာ ပြန်ရောက်လာသည့်​အတွက်ကြောင့် သင့်​ဖခင်​က ဆူဖြိုးသော​နွားကလေး​ကို သတ်စေပါပြီ’ ဟု ဖြေ၏။
28ထိုအခါ သားကြီး​ဖြစ်သူ​သည် ဒေါသထွက်​၍ အိမ်​ထဲ​သို့ မဝင်ဘဲ​နေ၏။ ဖခင်​သည် အိမ်ပြင်​သို့ ထွက်လာ​၍ သူ့​အား ဖျောင်းဖျ​ပြောဆိုလေ၏။ 29သို့သော် သူ​သည် ဖခင်​အား ‘ကျွန်ုပ်​သည် နှစ်ပေါင်းများစွာ အဖေ့​အတွက် အလုပ်များ လုပ်ပေးခဲ့ပြီး အဖေ့​စကား တစ်ခွန်း​ကို​မျှ မငြင်းခဲ့ပါ။ သို့သော်လည်း မိတ်ဆွေများ​နှင့်အတူ ပျော်ပွဲရွှင်ပွဲ​ကျင်းပ​ရန် အဖေ​သည် ကျွန်ုပ်​အား ဆိတ်ငယ်ကလေး​တစ်ကောင်​ကိုမျှ မပေးခဲ့ဖူးပါ။ 30သို့သော် အဖေ့​ထံမှ ဥစ္စာများ​ကို ယူ​လျက် မိန်းမရွှင်များ​နှင့် ပျော်ပါး​ဖြုန်းတီးပြီး​မှ ပြန်လာသော​သားငယ်​အတွက် ဆူဖြိုးသော​နွားကလေး​ကို သတ်ပေးပါပြီ’ ဟု ပြောလေ၏။
31ထိုအခါ ဖခင်​က ‘ငါ့​သား… သင်​သည် ငါ​နှင့် အမြဲ​ရှိနေ၏၊ ငါ​၌​ရှိသမျှ ဥစ္စာများ​သည် သင့်​ဥစ္စာ​ဖြစ်၏။ 32သို့သော် သင့်​ညီငယ်​သည် ယခင်​က​သေဆုံး​၍ ယခု​အသက်​ပြန်ရှင်လာ၏၊ ယခင်က​ပျောက်ဆုံး​၍ ယခု​ပြန်တွေ့ရ​သောကြောင့် သူ့​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟု​မိန့်တော်မူ၏။

Айни замон обунашуда:

လုကာ 15: BCB

Лаҳзаҳои махсус

Паҳн кунед

Нусха

None

Want to have your highlights saved across all your devices? Sign up or sign in