YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 9:12-21

ဗျာဒိတ် 9:12-21 Judson Bible (JBMLE)

အ​မင်္ဂ​လာ​တစ်​ပါး လွန်​ပြီ။ ထို​နောက်​မှ အ​မင်္ဂ​လာ နှစ်​ပါး လာ​လေ​ဦး​မည်။ ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌​ရှိ​သော ရွှေ​ယဇ်​ပ​လ္လင်၏ ချို​လေး​ချောင်း​ထဲ​က ထွက်​သော​အ​သံ​ကား၊- ဥ​ဖ​ရတ်​မြစ်​ကြီး​နား​မှာ ချည်​နှောင်​လျက်​ရှိ​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို လွှတ်​လော့​ဟု တံ​ပိုး​ရှိ​သော ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား ဆို​သည်​ကို ငါ​ကြား၏။- ထို​အ​ခါ လူ​သုံး​စု​တစ်​စု​ကို အ​သေ​သတ်​ခြင်း​ငှာ တစ်​နာ​ရီ၊ တစ်​ရက်၊ တစ်​လ၊ တစ်​နှစ်​အ​ဖို့ ပြင်​ဆင်​သော ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​ကို လွှတ်​လေ၏။- မြင်း​စီး​သူ​ရဲ​တို့၏ အ​ရေ​အ​တွက်​ကား၊ နှစ်​သင်္ချေ ဖြစ်၏။ ထို​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ၏။ ထို​အ​တူ ဗျာ​ဒိတ်​ရူ​ပါ​ရုံ၌ ထင်​ရှား​သော မြင်း​တို့​ကို​လည်း​ကောင်း၊ ကန့်၊ မီး၊ ဝှါ​ကိ​န္သု​ကျောက်​နှင့်​ပြီး​သော ရင်​အုပ်​တန်​ဆာ​ရှိ​သော မြင်း​စီး​သူ​ရဲ​တို့​ကို​လည်း​ကောင်း ငါ​မြင်​ရ၏။ မြင်း​တို့၏ ခေါင်း​သည် ခြင်္သေ့​ခေါင်း​ကဲ့​သို့ ဖြစ်၏။ သူ​တို့၏ ခံ​တွင်း​ထဲ​က​လည်း ကန့်၊ မီး​လျှံ၊ မီး​ခိုး​ထွက်​ကြ၏။- သူ​တို့၏​ခံ​တွင်း​ထဲ​က ထွက်​သော ကန့်၊ မီး​လျှံ၊ မီး​ခိုး​တည်း​ဟူ​သော ဘေး​သုံး​ပါး​ကြောင့်၊ လူ​သုံး​စု​တစ်​စု သေ​ကြ၏။- အ​ကြောင်း​မူ​ကား၊ သူ​တို့​တန်​ခိုး​သည် ခံ​တွင်း၌​လည်း​ကောင်း၊ အ​မြီး၌​လည်း​ကောင်း တည်၏။ အ​မြီး​သည် ခေါင်း​နှင့်​ပြည့်​စုံ၍ မြွေ​နှင့်​တူ၏။ အ​မြီး​အား​ဖြင့် ညှဥ်း​ဆဲ​တတ်​ကြ၏။- ထို​ဘေး​ဒဏ်​ကြောင့် မ​သေ​ဘဲ ကြွင်း​သော​လူ​တို့​သည် နတ်​တို့​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ မ​သွား​လာ​နိုင်​သော ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကြေး​နီ​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​တို့​ကို​လည်း​ကောင်း မ​ကိုး​ကွယ်​ဘဲ နေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့် လုပ်​သော အ​ရာ​များ​ကို နောင်​တ​မ​ရ​ဘဲ​နေ​ကြ၏။- ကိုယ်​ကျင့်​သော အ​ကျင့်​တည်း​ဟူ​သော လူ​အ​သက်​ကို သတ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ အ​မှု​များ​ကို​လည်း နောင်​တ​မ​ရ​ဘဲ နေ​ကြ၏။

ဗျာဒိတ် 9:12-21 Common Language Bible (BCL)

အမင်္ဂ​လာ​တစ်​ပါး​ကုန်​လွန်​သွား​လေ​ပြီ။ ထို​နောက် မှ​အမင်္ဂ​လာ​နှစ်​ပါး​လာ​ဦး​မည်။ ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ရှိ​သော​ရွှေ​ယဇ်​ပလ္လင်​၏​ထောင့်​လေး​ထောင့်​မှ​ထွက် လာ​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။- ထို​အ​သံ​က​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား``ဥ ဖ​ရတ်​မြစ်​ကြီး​အ​နီး​မှာ​ချည်​နှောင်​ထား​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို​ဖြေ​လွှတ်​လော့'' ဟု​ဆို​၏။- ထို​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည်​အ​နှောင် အ​ဖွဲ့​မှ​လွတ်​မြောက်​၍​သွား​ကြ​၏။ သူ​တို့​သည် ဤ​မည်​သော​နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​နာ​ရီ​၌​ကမ္ဘာ ၏​လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​ကို​သုတ်​သင်​ပစ်​ရန် အ​တွက်​အ​သင့်​ရှိ​နေ​သူ​များ​ဖြစ်​ကြ​၏။- မြင်း​စီး​သူ​ရဲ​များ​၏​အ​ရေ​အ​တွက်​မှာ​ကု​ဋေ နှစ်​ဆယ်​ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။- ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်း​စီး​သူ​ရဲ​များ​သည်​ကန့် ရောင်၊ အ​ပြာ​ရောင်၊ မီး​လျှံ​ရောင်​ရှိ​သော​ရင်​အုပ် တန်​ဆာ​များ​ကို​ဝတ်​ဆင်​ထား​ကြ​သည်​ကို​ငါ မြင်​ရ​၏။ မြင်း​တို့​၏​ဦး​ခေါင်း​များ​သည်​ခြင်္သေ့ ဦး​ခေါင်း​များ​နှင့်​တူ​၏။ သူ​တို့​၏​ခံ​တွင်း​မှ​မီး လျှံ၊ မီး​ခိုး၊ ကန့်​များ​ထွက်​လာ​၏။- ယင်း​သို့​ခံ​တွင်း​မှ​ထွက်​သည့်​မီး​လျှံ၊ မီး​ခိုး၊ ကန့်​တည်း​ဟူ​သော​ဘေး​သုံး​ပါး​ကြောင့်​ကမ္ဘာ လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​သေ​ကြ​ကုန်​၏။- မြင်း​တို့​၏​တန်​ခိုး​စွမ်း​ရည်​သည်​သူ​တို့​၏​ခံ​တွင်း နှင့်​အ​မြီး​တွင်​ရှိ​၏။ သူ​တို့​၏​အ​မြီး​များ​သည် မြွေ​များ​နှင့်​တူ​၏။ ထို​အ​မြီး​များ​တွင်​ဦး​ခေါင်း များ​ပေါက်​လျက်​ယင်း​အ​မြီး​များ​ဖြင့်​လူ​တို့ အား​အန္တ​ရာယ်​ပြု​ကြ​၏။ ဤ​ဘေး​ဒဏ်​ဖြင့်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့ သည်​နောင်​တ​မ​ရ​ကြ။ မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ် သည့်​ဘု​ရား​များ​ကို​မ​စွန့်​လွှတ်​ကြ။ နတ်​မိစ္ဆာ များ​ကို​လည်း​ကောင်း၊ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ မ​လှုပ်​မ​ရှား​နိုင်​သော​ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သား​စ​သည်​ဖြင့်​ပြီး​သော​ရုပ်​တု​များ​ကို​လည်း ကောင်း​ကိုး​ကွယ်​လျက်​ပင်​ရှိ​နေ​ကြ​သေး​၏။- လူ​အ​သက်​ကို​သတ်​ခြင်း၊ စုန်း​နတ်​ပြု​စား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ခိုး​ခြင်း အ​ပြစ်​များ​အ​တွက်​လည်း​နောင်​တ​မ​ရ​ကြ။

ဗျာဒိတ် 9:12-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပထမ​အမင်္ဂလာ​သည် လွန်သွား​လေ​ပြီ။ ဤ​အရာ​များ​၏​နောက်တွင် အမင်္ဂလာ​နှစ်​မျိုး​လာ​ဦး​မည်။ ဆဋ္ဌမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ဘုရားသခင်​၏​ရှေ့​တော်​၌​ရှိ​သော ရွှေ​ယဇ်ပလ္လင်​၏​ဦးချို​လေး​ချောင်း​ထံမှ ထွက်လာ​သော​အသံ​က ထို​တံပိုးခရာ​ရှိ​သော​ဆဋ္ဌမ​ကောင်းကင်​တမန်​အား “ကြီးမား​သော​ယူဖရေးတီး​မြစ်​နား​မှာ ချည်နှောင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​ကို ဖြေလွှတ်​လိုက်​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ထိုအခါ ထို​နှစ်၊ ထို​လ၊ ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​အတွက် ပြင်ဆင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​သည် လူသား​သုံးပုံတစ်ပုံ​ကို​သတ်ဖြတ်​ရန် ဖြေလွှတ်​ခြင်း​ခံရ​ကြ​၏။ မြင်းစီး​သူရဲ​တို့​၏​အရေအတွက်​မှာ သန်းပေါင်း​နှစ်ရာ​ဖြစ်​၏။ သူ​တို့​၏​အရေအတွက်​ကို ငါ​ကြား​ရ​၏။ ဗျာဒိတ်​ရူပါရုံ​၌ ငါ​မြင်​ရ​သော မြင်း​တို့​နှင့်​မြင်း​စီး​သူရဲ​တို့​မှာ ဤသို့​ဖြစ်​၏။ မြင်းစီး​သူရဲ​တို့​၌ မီးလျှံ​ရောင်၊ နက်ပြာ​ရောင်​နှင့် ကန့်​ကဲ့သို့​ဝါ​သော ရင်အုပ်​တန်ဆာ​များ​ရှိ​ကြ​၏။ မြင်း​တို့​၏​ဦးခေါင်း​သည် ခြင်္သေ့​၏​ဦးခေါင်း​နှင့်​တူ​၍ သူ​တို့​၏​ခံတွင်း​ထဲမှ မီးလျှံ၊ မီးခိုး​နှင့် ကန့်​များ​ထွက်​နေ​ကြ​၏။ သူ​တို့​၏​ခံတွင်း​ထဲမှ​ထွက်​သည့် မီးလျှံ၊ မီးခိုး​နှင့် ကန့်​တည်းဟူသော ဤ​ဘေးဒဏ်​သုံး​ပါး​တို့​ကြောင့် လူသား​သုံးပုံတစ်ပုံ​သေ​ကြ​၏။ မြင်း​တို့​၏​အစွမ်း​သည် သူ​တို့​၏​ခံတွင်း​နှင့်​အမြီး​တို့​၌​ရှိ​၏။ သူ​တို့​၏​အမြီး​သည် မြွေ​နှင့်​တူ​ပြီး ဦးခေါင်း​ရှိ​၍ ထို​ဦးခေါင်း​အားဖြင့် လူ​တို့​အား​ဘေးသင့်​စေ​၏။ ထို​ဘေးဒဏ်​များ​ဖြင့် မ​သေ​ဘဲ​ကျန်​ခဲ့​သော​သူ​တို့​သည် နတ်ဆိုး​များ​ကို​လည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သား​တို့​ဖြင့် ပြုလုပ်​ထား​သော မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ လမ်း​မ​လျှောက်​နိုင်​သည့် ရုပ်တု​များ​ကို​လည်းကောင်း မ​ကိုးကွယ်​ဘဲ​နေ​ရန် မိမိ​တို့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​အတွက် နောင်တ​မ​ရ​ကြ။ မိမိ​တို့​ပြု​ခဲ့​သော လူ​သတ်​ခြင်း၊ ပြုစား​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့် ခိုး​ယူ​ခြင်း​တို့​အတွက်​လည်း နောင်တ​မ​ရ​ဘဲ​နေ​ကြ​၏။