YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 9:12-21

ဗျာဒိတ်ကျမ်း 9:12-21 MSBU

ပထမ​အမင်္ဂလာ​သည် လွန်သွား​လေ​ပြီ။ ဤ​အရာ​များ​၏​နောက်တွင် အမင်္ဂလာ​နှစ်​မျိုး​လာ​ဦး​မည်။ ဆဋ္ဌမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ဘုရားသခင်​၏​ရှေ့​တော်​၌​ရှိ​သော ရွှေ​ယဇ်ပလ္လင်​၏​ဦးချို​လေး​ချောင်း​ထံမှ ထွက်လာ​သော​အသံ​က ထို​တံပိုးခရာ​ရှိ​သော​ဆဋ္ဌမ​ကောင်းကင်​တမန်​အား “ကြီးမား​သော​ယူဖရေးတီး​မြစ်​နား​မှာ ချည်နှောင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​ကို ဖြေလွှတ်​လိုက်​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ထိုအခါ ထို​နှစ်၊ ထို​လ၊ ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​အတွက် ပြင်ဆင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​သည် လူသား​သုံးပုံတစ်ပုံ​ကို​သတ်ဖြတ်​ရန် ဖြေလွှတ်​ခြင်း​ခံရ​ကြ​၏။ မြင်းစီး​သူရဲ​တို့​၏​အရေအတွက်​မှာ သန်းပေါင်း​နှစ်ရာ​ဖြစ်​၏။ သူ​တို့​၏​အရေအတွက်​ကို ငါ​ကြား​ရ​၏။ ဗျာဒိတ်​ရူပါရုံ​၌ ငါ​မြင်​ရ​သော မြင်း​တို့​နှင့်​မြင်း​စီး​သူရဲ​တို့​မှာ ဤသို့​ဖြစ်​၏။ မြင်းစီး​သူရဲ​တို့​၌ မီးလျှံ​ရောင်၊ နက်ပြာ​ရောင်​နှင့် ကန့်​ကဲ့သို့​ဝါ​သော ရင်အုပ်​တန်ဆာ​များ​ရှိ​ကြ​၏။ မြင်း​တို့​၏​ဦးခေါင်း​သည် ခြင်္သေ့​၏​ဦးခေါင်း​နှင့်​တူ​၍ သူ​တို့​၏​ခံတွင်း​ထဲမှ မီးလျှံ၊ မီးခိုး​နှင့် ကန့်​များ​ထွက်​နေ​ကြ​၏။ သူ​တို့​၏​ခံတွင်း​ထဲမှ​ထွက်​သည့် မီးလျှံ၊ မီးခိုး​နှင့် ကန့်​တည်းဟူသော ဤ​ဘေးဒဏ်​သုံး​ပါး​တို့​ကြောင့် လူသား​သုံးပုံတစ်ပုံ​သေ​ကြ​၏။ မြင်း​တို့​၏​အစွမ်း​သည် သူ​တို့​၏​ခံတွင်း​နှင့်​အမြီး​တို့​၌​ရှိ​၏။ သူ​တို့​၏​အမြီး​သည် မြွေ​နှင့်​တူ​ပြီး ဦးခေါင်း​ရှိ​၍ ထို​ဦးခေါင်း​အားဖြင့် လူ​တို့​အား​ဘေးသင့်​စေ​၏။ ထို​ဘေးဒဏ်​များ​ဖြင့် မ​သေ​ဘဲ​ကျန်​ခဲ့​သော​သူ​တို့​သည် နတ်ဆိုး​များ​ကို​လည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သား​တို့​ဖြင့် ပြုလုပ်​ထား​သော မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ လမ်း​မ​လျှောက်​နိုင်​သည့် ရုပ်တု​များ​ကို​လည်းကောင်း မ​ကိုးကွယ်​ဘဲ​နေ​ရန် မိမိ​တို့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​အတွက် နောင်တ​မ​ရ​ကြ။ မိမိ​တို့​ပြု​ခဲ့​သော လူ​သတ်​ခြင်း၊ ပြုစား​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့် ခိုး​ယူ​ခြင်း​တို့​အတွက်​လည်း နောင်တ​မ​ရ​ဘဲ​နေ​ကြ​၏။