YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 90:1-17

ဆာလံ 90:1-17 Judson Bible (JBMLE)

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက် အ​ကျွန်ုပ်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ တောင်​များ​ကို မ​ဖော်၊ မြေ​ကြီး​နှင့် လော​က​ဓာတ်​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ၊ ကိုယ်​တော်​သည် ရှေး​က​မ္ဘာ အ​ဆက်​ဆက်​မှ​စ၍၊ နောက်​က​မ္ဘာ အ​ဆက်​ဆက်​တိုင်​အောင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ လူ​မျိုး​ကို​ကား၊ ကြေ​မွ​စေ​တော်​မူ၏။ အ​ချင်း​လူ​သား​တို့၊ ပြန်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ရှေ့​တော်၌ အ​နှစ်​တစ်​ထောင်​သည် လွန်​ပြီး​သော မ​နေ့​ကဲ့​သို့​လည်း​ကောင်း၊ ညဉ့်​ယံ​တစ်​ယံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။ လူ​တို့​ကို လွှမ်း​မိုး​တိုက်​သွား​တော်​မူ၏။ သူ​တို့​သည် အိပ်​ပျော်​ခြင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။ လူ​သည် မြက်​ပင်​ကဲ့​သို့ နံ​နက်​အ​ချိန်၌ တိုး​ပွား​တတ်​ပါ၏။ နံ​နက်​အ​ချိန်၌​ကား၊ ပွင့်​လန်း၍​တိုး​ပွား​ပါ၏။ ညဉ့်​ဦး​အ​ချိန်၌​ကား၊ ရိတ်၍ ညှိုး​နွမ်း​ပါ၏။ အ​မျက်​တော်​ထွက်​သော​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ၏။ စိတ်​တော်​မ​ပြေ​သော​ကြောင့်၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း​ရှိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့၏​ဒု​စ​ရိုက်​များ​ကို ရှေ့​တော်၌​လည်း​ကောင်း၊ ဝှက်​ထား​သော​အ​ကျင့်​များ​ကို မျက်​နှာ​တော် အ​လင်း​ထဲ၌​လည်း​ကောင်း၊ လှန်​ထား​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် အ​မျက်​တော်​ကို​ခံ​ရ​သော​ကြောင့်၊ နေ့​ရက်​ကာ​လ​ရွေ့​သွား၍၊ နှစ်​များ​တို့​သည် စိတ်​ထင်​ကဲ့​သို့ လွန်​တတ်​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့၏​အ​သက်​အ​ရွယ်​သည် အ​နှစ်​ခု​နစ်​ဆယ် အ​တိုင်း​အ​ရှည်​ရှိ​ပါ၏။ အား​ကြီး၍ အ​နှစ်​ရှစ်​ဆယ်​ပြည့်​သော်​လည်း၊ ဝါ​ကြွား​ခြင်း​သည် ပင်​ပန်း​ခြင်း​နှင့် ဝမ်း​နည်း​ခြင်း​ဖြစ်​ပါ၏။ ထို​အ​သက်​သည်​လည်း မြန်​မြန်​လွန်၍၊ အ​ကျွန်ုပ်​တို့​သည် စု​တေ့​ကြ​ပါ၏။ အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ​သိ​ပါ​သ​နည်း။ အ​မျက်​ထွက်​တော်​မူ​ခြင်း​ကို ကြောက်​ရွံ့​သင့်​သည်​အ​တိုင်း အ​ဘယ်​သူ ကြောက်​ရွံ့​ပါ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ပ​ညာ​တ​ရား​ကို နှ​လုံး​သွင်း​မိ​မည်​အ​ကြောင်း၊ ကိုယ်​နေ့​ရက်​ကာ​လ​ကို ရေ​တွက်​နိုင်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ပြန်​လာ​တော်​မူ​ပါ။ အ​ဘယ်​မျှ​လောက် ကြာ​ရ​ပါ​မည်​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​အ​တွက် နာ​ကြင်​သော​စိတ် ရှိ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ကို က​ရု​ဏာ​တော်​နှင့် အ​လျင်​အ​မြန် ရောင့်​ရဲ​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် တစ်​သက်​လုံး ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​တော်​မူ​သော နေ့​ရက်​ကာ​လ၊ ဒု​က္ခ​ခံ​ရ​ခဲ့​ပြီး​သော နှစ်​ပေါင်း​များ​သည်​အ​တိုင်း၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​သ​နား​တော်​မူ​ပါ။ အ​မှု​တော်​သည် ကိုယ်​တော်၏​ကျွန်​တို့​အား​လည်း​ကောင်း၊ ဘုန်း​တော်​သည် သား​မြေး​တို့​အား​လည်း​ကောင်း ထင်​ရှား​ပါ​စေ​သော။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ​စေ​သော။ အ​ကျွန်ုပ်​တို့​ပြု​သော​အ​မှု​တို့​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အ​ဖို့ မြဲ​မြံ​စေ​တော်​မူ​ပါ။

ဆာလံ 90:1-17 Common Language Bible (BCL)

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ကျွန်​တော်​မျိုး​တို့​၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။ တောင်​များ​ကို​ဖြစ်​ပေါ်​စေ​တော်​မ​မူ​မီ​နှင့် ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ ကိုယ်​တော်​ရှင်​သည်​အ​စ​မ​ရှိ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ အ​ဆုံး​မ​ရှိ​သော​ဘု​ရား​သ​ခင်​လည်း​ဖြစ်​တော် မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​မိန့်​ပေး​၍​လူ​သား​တို့​အား မြေ​မှုန့်​အ​ဖြစ်​သို့​ပြန်​လည်​ပြောင်း​လဲ​စေ​တော် မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ဖို့​အ​နှစ်​တစ်​ထောင်​သည် တစ်​နေ့​ကဲ့​သို့​ဖြစ်​ပါ​၏။ ကုန်​လွန်​ပြီး​သည့်​ယ​မန်​နေ့​ကဲ့​သို့​လည်း​ကောင်း၊ တို​တောင်း​သော​ညဥ့်​ယံ​တစ်​ယံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လူ​သား​တို့​အား​လျင်​မြန်​စွာ ပျောက်​ကွယ်​သွား​စေ​တော်​မူ​ပါ​၏။ သူ​တို့​သည်​အိပ်​မက်​သ​ကဲ့​သို့​တစ်​ခ​ဏ​မျှ​သာ နေ​ကြ​ရ​ပါ​၏။ နံ​နက်​ချိန်​၌​ကြီး​ပွား​ပွင့်​လန်း​၍​ည​နေ​ချိန်​၌ ညှိုး​နွမ်း​ခြောက်​သွေ့​သွား​တတ်​သော​မြက်​ပင်​ကဲ့​သို့ ပျောက်​ကွယ်​သွား​တတ်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​ပျက်​စီး​ကြ​ပါ​၏။ အ​မျက်​တော်​အ​ရှိန်​ကြောင့်​ကြောက်​လန့် တုန်​လှုပ်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို​ရှေ့​တော်​၌ ချ​ထား​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​လျှို့​ဝှက်​ကူး​လွန်​သည့် ဒု​စ​ရိုက်​များ​ကို​ကိုယ်​တော်​မြင်​သာ​သည့် နေ​ရာ​၌ ချ​ထား​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​အ​မျက်​တော်​ကို​ခံ​ရ သော​ကြောင့် အ​သက်​တို​ကြ​ရ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​အ​သက်​သည်​တီး​တိုး ပြော​သည့် လေ​သံ​ကဲ့​သို့​ပျောက်​ကွယ်​တတ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​အ​နှစ်​ခု​နစ်​ဆယ်​မျှ​သာ ရှည်​ကြ​ပါ​၏။ အ​ကယ်​၍​အား​အင်​ပြည့်​ဖြိုး​သူ​များ​ဖြစ်​ကြ​ပါ​မူ အ​နှစ်​ရှစ်​ဆယ်​နေ​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​ထို​နှစ်​ကာ​လ​များ​အ​တွင်း ကျွန်​တော်​မျိုး​တို့​သည်​ပူ​ပင်​သော​က​နှင့် ဆင်း​ရဲ​ဒုက္ခ​ကို​သာ​လျှင်​ခံ​စား​ကြ​ရ​ပါ​၏။ မ​ကြာ​မီ​ကွယ်​လွန်​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့ ကွယ်​ပျောက်​ကြ​ရ​ပါ​၏။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​ရှင်​၏​အ​မျက်​တော် အ​ရှိန် အ​ပြည့်​အ​ဝ​ကို​ခံ​ဖူး​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​မည်​မျှ ကြောက်​လန့်​ဖွယ်​ကောင်း​ကြောင်း​ကို အ​ဘယ်​သူ​သည်​သိ​ရှိ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​အား​မိ​မိ​တို့​အ​သက်​မည်​မျှ တို​တောင်း​ကြောင်း​ကို​သိ​ရှိ​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​တို့​သည်​ဉာဏ်​ပ​ညာ ရ​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် အ​မျက်​တော်​မ​ပြေ​ဘဲ​နေ​တော်​မူ​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​အား​သ​နား တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​နိုင်​ကြ​စေ​ရန် နံ​နက်​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ခံ​စား​စေ​တော်​မူ​ပါ။ ဒုက္ခ​ရောက်​စဉ်​အ​ခါ​က​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ခံ​စေ​သော​စိတ်​ဆင်း​ရဲ​မှု ပ​မာ​ဏ​အ​တိုင်း ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​တို့​အား​ဝမ်း​မြောက် ရွှင်​လန်း​မှု​ကို​ခံ​စား​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သော ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို​တွေ့​မြင်​ခွင့် ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​၏​သား​မြေး​များ​အား ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​စား​ကြ​ရ​ပါ​စေ​သော။ ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင်​လည်း ကျွန်​တော်​မျိုး​တို့​အား​အောင်​မြင်​ခွင့်​ပေး​တော်​မူ​ပါ။

ဆာလံ 90:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားရှင်​၊ ကိုယ်တော်​သည် မျိုးဆက်​အစဉ်အဆက် အကျွန်ုပ်​တို့​၏​မှီခို​ရာ​ဖြစ်​တော်မူ​၏​။ တောင်​များ​မ​ဖြစ်ပေါ်​မီ​၊ မြေကြီး​နှင့်​ကမ္ဘာလောက​ကို ကိုယ်တော်​ဖြစ်ပွား​စေ​တော်​မ​မူ​မီ ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင် ကိုယ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​က “​အချင်း​လူသား​တို့​၊ ပြန်သွား​ကြ​လော့​”​ဟု မိန့်​တော်မူ​လျက် လူ​ကို မြေမှုန့်​သို့ ပြန်သွား​စေ​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​ရှေ့မှောက်​တွင် အနှစ်​တစ်ထောင်​သည် ကုန်လွန်​ပြီး​သော ယမန်နေ့​ကဲ့သို့​လည်းကောင်း​၊ ညဥ့်ယံ​တစ်​ယံ​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် လူ​တို့​ကို လွှမ်းမိုး​တိုက်သွား​တော်မူ​၍ သူ​တို့​သည် အိပ်ပျော်​သွား​ကြ​ရ​ပါ​၏​။ လူ​သည် နံနက်အချိန်​တွင် ကြီးထွား​လာ​သည့် မြက်ပင်​ကဲ့သို့​ဖြစ်​ပါ​၏​။ မြက်ပင်​သည် နံနက်အချိန်​တွင် ရှင်သန်​ကြီးထွား​လာ​သော်လည်း နေဝင်ချိန်​၌ ညှိုး​၍​ခြောက်သွေ့​သွား​ပါ​၏​။ အကယ်စင်စစ် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​အမျက်​တော်​ကြောင့် ပျက်စီး​ကြ​ရ​ပါ​၏​။ ကိုယ်တော်​၏​အမျက်ဒေါသ​ကြောင့် ထိတ်လန့်​ခြင်း​ရှိ​ကြ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို ရှေ့​တော်​၌​လည်းကောင်း​၊ အကျွန်ုပ်​တို့​ဝှက်ထား​သော​အပြစ်​များ​ကို မျက်နှာ​တော်​၏​အလင်း​၌​လည်းကောင်း ချထား​တော်မူ​၏​။ အကြောင်းမူကား အကျွန်ုပ်​တို့​၏​နေ့ရက်​အားလုံး​သည် ကိုယ်တော်​၏​အမျက်​တော်​အောက်​၌ ကုန်လွန်​သွား​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​၏​နှစ်ကာလ​တို့​သည် သက်ပြင်း​တစ်​ချက်​အချ​မှာပင် ကုန်ဆုံး​သွား​ပါ​၏​။ အကျွန်ုပ်​တို့​၏​အသက်တာ​နှစ်ကာလ​သည် အနှစ်​ခုနစ်ဆယ်​ဖြစ်​ပါ​၏​။ ကျန်းမာသန်စွမ်း​လျှင် အနှစ်​ရှစ်ဆယ်​ဖြစ်နိုင်​ပါ​၏​။ သို့သော် ထို​နှစ်ကာလ​တို့​၏​အကောင်းဆုံး​အချိန်​မှာပင် အခက်အခဲ​ပြဿနာ​နှင့် ဆင်းရဲဒုက္ခ​မျှသာ​ဖြစ်​ပါ​၏​။ အကယ်စင်စစ် အချိန်​တို့​သည် လျင်မြန်​စွာ​ကုန်လွန်​၍ အကျွန်ုပ်​တို့​သည် အဝေး​သို့​ပျံသန်း​သွား​ကြ​ပါ​၏​။ ကိုယ်တော့်​အမျက်​တော်​တန်ခိုး​ကို​လည်းကောင်း​၊ အမျက်ထွက်​သည့်​ပမာဏ​နှင့်အညီ ကြောက်ရွံ့​ရ​ကြောင်း​ကို​လည်းကောင်း မည်သူ​သိ​နိုင်​ပါ​သနည်း​။ အကျွန်ုပ်​တို့​သည် ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သော စိတ်နှလုံး​ရှိ​လာ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏ နေ့ရက်​များ​ကို မှန်ကန်​စွာ​ရေတွက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ပြန်ကြွလာ​တော်မူ​ပါ​။ မည်မျှ​ကြာ​ပါ​မည်နည်း​။ ကိုယ်တော်​၏​အစေအပါး​အပေါ် သနား​ကရုဏာ​ထား​တော်မူ​ပါ​။ နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့် အကျွန်ုပ်​တို့​ကို​ပြည့်စုံကြွယ်ဝ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အသက်တာ​တစ်လျှောက်လုံး ရွှင်လန်း​စွာ​သီချင်းဆို​၍ ဝမ်းမြောက်​ရ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တို့​ကို နှိမ့်ချ​တော်မူ​ခဲ့​သည့်​နေ့ရက်​များ​၊ အကျွန်ုပ်​တို့ ဒုက္ခ​နှင့်​ကြုံတွေ့​ခဲ့​ရ​သည့် နှစ်ကာလ​များ​နှင့်အမျှ အကျွန်ုပ်​တို့​ကို ဝမ်းမြောက်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​သည် ကိုယ်တော်​၏​အစေအပါး​တို့​ထံ၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဘုန်းအာနုဘော်​သည် သူ​တို့​၏ သားသမီး​တို့​ထံ၌​လည်းကောင်း ထင်ရှား​ပါစေသော​။ အကျွန်ုပ်​၏​အရှင် ဘုရားသခင်​၏ ကျေးဇူးပြု​တော်မူ​ခြင်း​သည် အကျွန်ုပ်​တို့​အပေါ် သက်ရောက်​ပါစေသော​။ အကျွန်ုပ်​တို့​၏​လက်​ဖြင့်​ပြု​သော​အမှု​တို့​ကို အကျွန်ုပ်​တို့​အတွက် မြဲမြံ​စေ​တော်မူ​ပါ​။ ဟုတ်​ပါ​၏​။ အကျွန်ုပ်​တို့​၏​လက်​ဖြင့် ပြု​သော​အမှု​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။