YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 90:1-17

ဆာလံကျမ်း 90:1-17 MSBU

အို ဘုရားရှင်​၊ ကိုယ်တော်​သည် မျိုးဆက်​အစဉ်အဆက် အကျွန်ုပ်​တို့​၏​မှီခို​ရာ​ဖြစ်​တော်မူ​၏​။ တောင်​များ​မ​ဖြစ်ပေါ်​မီ​၊ မြေကြီး​နှင့်​ကမ္ဘာလောက​ကို ကိုယ်တော်​ဖြစ်ပွား​စေ​တော်​မ​မူ​မီ ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင် ကိုယ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​က “​အချင်း​လူသား​တို့​၊ ပြန်သွား​ကြ​လော့​”​ဟု မိန့်​တော်မူ​လျက် လူ​ကို မြေမှုန့်​သို့ ပြန်သွား​စေ​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​ရှေ့မှောက်​တွင် အနှစ်​တစ်ထောင်​သည် ကုန်လွန်​ပြီး​သော ယမန်နေ့​ကဲ့သို့​လည်းကောင်း​၊ ညဥ့်ယံ​တစ်​ယံ​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် လူ​တို့​ကို လွှမ်းမိုး​တိုက်သွား​တော်မူ​၍ သူ​တို့​သည် အိပ်ပျော်​သွား​ကြ​ရ​ပါ​၏​။ လူ​သည် နံနက်အချိန်​တွင် ကြီးထွား​လာ​သည့် မြက်ပင်​ကဲ့သို့​ဖြစ်​ပါ​၏​။ မြက်ပင်​သည် နံနက်အချိန်​တွင် ရှင်သန်​ကြီးထွား​လာ​သော်လည်း နေဝင်ချိန်​၌ ညှိုး​၍​ခြောက်သွေ့​သွား​ပါ​၏​။ အကယ်စင်စစ် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​အမျက်​တော်​ကြောင့် ပျက်စီး​ကြ​ရ​ပါ​၏​။ ကိုယ်တော်​၏​အမျက်ဒေါသ​ကြောင့် ထိတ်လန့်​ခြင်း​ရှိ​ကြ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို ရှေ့​တော်​၌​လည်းကောင်း​၊ အကျွန်ုပ်​တို့​ဝှက်ထား​သော​အပြစ်​များ​ကို မျက်နှာ​တော်​၏​အလင်း​၌​လည်းကောင်း ချထား​တော်မူ​၏​။ အကြောင်းမူကား အကျွန်ုပ်​တို့​၏​နေ့ရက်​အားလုံး​သည် ကိုယ်တော်​၏​အမျက်​တော်​အောက်​၌ ကုန်လွန်​သွား​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​၏​နှစ်ကာလ​တို့​သည် သက်ပြင်း​တစ်​ချက်​အချ​မှာပင် ကုန်ဆုံး​သွား​ပါ​၏​။ အကျွန်ုပ်​တို့​၏​အသက်တာ​နှစ်ကာလ​သည် အနှစ်​ခုနစ်ဆယ်​ဖြစ်​ပါ​၏​။ ကျန်းမာသန်စွမ်း​လျှင် အနှစ်​ရှစ်ဆယ်​ဖြစ်နိုင်​ပါ​၏​။ သို့သော် ထို​နှစ်ကာလ​တို့​၏​အကောင်းဆုံး​အချိန်​မှာပင် အခက်အခဲ​ပြဿနာ​နှင့် ဆင်းရဲဒုက္ခ​မျှသာ​ဖြစ်​ပါ​၏​။ အကယ်စင်စစ် အချိန်​တို့​သည် လျင်မြန်​စွာ​ကုန်လွန်​၍ အကျွန်ုပ်​တို့​သည် အဝေး​သို့​ပျံသန်း​သွား​ကြ​ပါ​၏​။ ကိုယ်တော့်​အမျက်​တော်​တန်ခိုး​ကို​လည်းကောင်း​၊ အမျက်ထွက်​သည့်​ပမာဏ​နှင့်အညီ ကြောက်ရွံ့​ရ​ကြောင်း​ကို​လည်းကောင်း မည်သူ​သိ​နိုင်​ပါ​သနည်း​။ အကျွန်ုပ်​တို့​သည် ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သော စိတ်နှလုံး​ရှိ​လာ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏ နေ့ရက်​များ​ကို မှန်ကန်​စွာ​ရေတွက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ပြန်ကြွလာ​တော်မူ​ပါ​။ မည်မျှ​ကြာ​ပါ​မည်နည်း​။ ကိုယ်တော်​၏​အစေအပါး​အပေါ် သနား​ကရုဏာ​ထား​တော်မူ​ပါ​။ နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့် အကျွန်ုပ်​တို့​ကို​ပြည့်စုံကြွယ်ဝ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အသက်တာ​တစ်လျှောက်လုံး ရွှင်လန်း​စွာ​သီချင်းဆို​၍ ဝမ်းမြောက်​ရ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တို့​ကို နှိမ့်ချ​တော်မူ​ခဲ့​သည့်​နေ့ရက်​များ​၊ အကျွန်ုပ်​တို့ ဒုက္ခ​နှင့်​ကြုံတွေ့​ခဲ့​ရ​သည့် နှစ်ကာလ​များ​နှင့်အမျှ အကျွန်ုပ်​တို့​ကို ဝမ်းမြောက်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​သည် ကိုယ်တော်​၏​အစေအပါး​တို့​ထံ၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဘုန်းအာနုဘော်​သည် သူ​တို့​၏ သားသမီး​တို့​ထံ၌​လည်းကောင်း ထင်ရှား​ပါစေသော​။ အကျွန်ုပ်​၏​အရှင် ဘုရားသခင်​၏ ကျေးဇူးပြု​တော်မူ​ခြင်း​သည် အကျွန်ုပ်​တို့​အပေါ် သက်ရောက်​ပါစေသော​။ အကျွန်ုပ်​တို့​၏​လက်​ဖြင့်​ပြု​သော​အမှု​တို့​ကို အကျွန်ုပ်​တို့​အတွက် မြဲမြံ​စေ​တော်မူ​ပါ​။ ဟုတ်​ပါ​၏​။ အကျွန်ုပ်​တို့​၏​လက်​ဖြင့် ပြု​သော​အမှု​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။