ဆာလံ 62:1-5
ဆာလံ 62:1-5 Judson Bible (JBMLE)
အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါ့ကို ကယ်တင်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏။ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကိုကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော်မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။ သင်တို့သည် အဘယ်မျှကာလပတ်လုံး တစ်ယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသောအုတ်ရိုး၊ လှုပ်သော ထရံကဲ့သို့မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက်ကြမည်နည်း။ ထိုသူကို မြင့်သောအရပ်က လှဲခြင်းငှာ ကြံစည်လျက်နေကြ၏။ မုသားကိုနှစ်သက်ကြ၏။ နှုတ်ဖြင့်ကား၊ ကောင်းချီးကိုပေးလျက်၊ နှလုံး၌ကား၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏။ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါမျှော်လင့်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏။
ဆာလံ 62:1-5 Common Language Bible (BCL)
ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။ ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက်တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။ သင်တို့အပေါင်းသည်ယိမ်းယိုင်လျက်ရှိသော နံရံနှင့် ပြိုကျပျက်စီးလျက်ရှိသောခြံဝင်းကဲ့သို့ အင်အားမရှိသည့်လူတစ်ယောက်အား အဘယ်မျှ ကြာအောင်တိုက်ခိုက်ကြပါမည်နည်း။ သင်တို့သည်သူ့အားဂုဏ်မြင့်ရာမှဆွဲချရန် ကိုသာ ကြံစည်ကြ၏။ သင်တို့သည်လိမ်လည်ပြောဆိုရန်နှစ်သက် ကြ၏။ သူ့အားနှုတ်ဖြင့်ကောင်းချီးပေးလျက်၊ စိတ်ထဲတွင်မူကားကျိန်ဆဲကြ၏။ ငါသည်ဘုရားသခင်ကိုသာလျှင်မှီခိုပါ၏။ ကိုယ်တော်အားမျှော်ကိုးပါ၏။
ဆာလံ 62:1-5 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌သာ ငြိမ်သက်ချမ်းသာမှုကိုခံစားရ၏။ ငါ့ကိုကယ်တင်ခြင်းအကြောင်းသည် ကိုယ်တော့်ထံမှလာ၏။ ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။ သင်တို့သည် မည်မျှကြာအောင် လူကိုပြင်းထန်စွာတိုက်ခိုက်ကြမည်နည်း။ သင်တို့အားလုံးသည် တိမ်းစောင်းနေသောနံရံနှင့် လှုပ်နဲ့နေသောခြံစည်းရိုးကဲ့သို့သောသူကို သတ်ဖြတ်ကြမည်လော။ ထိုသူကို မြင့်သောသူ၏ရာထူးမှ ဆွဲချရန်သာ သူတို့လျှို့ဝှက်ကြံစည်ကြ၏။ သူတို့သည် လိမ်လည်ခြင်းကိုနှစ်သက်ကြ၏။ သူတို့နှုတ်ဖြင့် ကောင်းချီးပေးကြသော်လည်း သူတို့စိတ်ထဲ၌ ကျိန်ဆဲကြ၏။ (စေလာ ) ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌သာ ငြိမ်သက်ချမ်းသာမှုကိုခံစားရ၏။ အကြောင်းမူကား ငါ၏မျှော်လင့်ခြင်းသည် ကိုယ်တော့်ထံမှလာ၏။