ဆာလံ 18:25-50
ဆာလံ 18:25-50 Judson Bible (JBMLE)
သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကိုလည်းကောင်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကိုလည်းကောင်း၊ သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကိုလည်းကောင်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကိုလည်းကောင်း ပြတော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချတော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကိုထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်ကို အမှီပြု၍၊ တပ်ကိုဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကိုကျော်၍ ဝင်ပါပြီ။ ဘုရားသခင် စီရင်တော်မူသောအမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာဖြစ်တော်မူ၏။ ထာဝရဘုရားမှတစ်ပါး အဘယ်ဘုရားသခင်ရှိသနည်း။ ငါတို့ ဘုရားသခင်မှတစ်ပါး အဘယ်မည်သောကျောက် ရှိသနည်း။ ထိုဘုရားသခင်သည် ငါ့ကိုခွန်အားခါးပန်းနှင့် စည်း၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။ ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှာ သွန်သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ လက်ယာလက်တော်အားဖြင့် မစတော်မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည်ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။ အကျွန်ုပ်သွားသောလမ်းကိုရှင်းလင်း၍ ခြေမချော်စေခြင်းငှာ ပြုတော်မူသောအားဖြင့်၊ အကျွန်ုပ်သည် ရန်သူတို့ကိုလိုက်၍ မီသဖြင့်၊ သူတို့ကို မပယ်ရှင်းမီတိုင်အောင် မပြန်ပါ။ သူတို့သည် အကျွန်ုပ်ခြေအောက်မှာလဲလျက်ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည်နှိပ်နင်းပါ၏။ အကြောင်းမူကား၊ စစ်တိုက်ခြင်းငှာ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။ အကျွန်ုပ်ကို မုန်းသောရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော်မူ၏။ သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသူ မရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။ ထိုအခါ အကျွန်ုပ်သည် သူတို့ကို လေတိုက်သောမြေမှုန့်ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကိုကဲ့သို့ သွန်ပစ်လေ၏။ လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကိုကယ်လွှတ်၍၊ တစ်ပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဖူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။ အကျွန်ုပ်စကားသံကို ကြားသည်ခဏချင်းတွင် နားထောင်ပါ၏။ တစ်ပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။ ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။ ထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်းရှိပါစေသတည်း။ ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။ ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကိုခံရသော ဒါဝိဒ်မှစ၍ အမျိုးအနွယ်အား ကာလအစဉ်အဆက် ကရုဏာကျေးဇူးကိုပြုတော်မူ၏။
ဆာလံ 18:25-50 Common Language Bible (BCL)
အို ထာဝရဘုရား၊ ကိုယ်တော်သည်သစ္စာရှိသူတို့အား သစ္စာစောင့်တော်မူ၏။ အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့ အား အကြွင်းမဲ့ကျေးဇူးပြုတော်မူတတ်ပါ၏။ စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊ သူယုတ်မာတို့အားရန်လိုသောစိတ်သဘော ကိုလည်းကောင်းပြတော်မူပါ၏။ ကိုယ်တော်သည်စိတ်နှလုံးနှိမ့်ချသူတို့အား ကယ်တော်မူပါ၏။ သို့ရာတွင်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အလင်းကို ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏မှောင်မိုက်ကိုပျောက်လွင့် စေတော်မူပါ၏။ ရန်သူများကိုတိုက်ခိုက်ရန်ခွန်အားကို လည်းကောင်း၊ သူတို့၏တပ်များကိုဖြိုခွင်းရန် တန်ခိုးကိုလည်းကောင်း၊ ကျွန်တော်မျိုးအားပေးတော်မူပါ၏။ ဤဘုရားပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံလင်ပေ၏။ ကိုယ်တော်၏စကားတော်တို့သည်လည်း ယုံကြည်စိတ်ချထိုက်ပါပေသည်တကား။ ကိုယ်တော်သည်မိမိထံတွင်ခိုလှုံသူ အပေါင်းတို့အတွက်ဒိုင်းလွှားသဖွယ်ဖြစ် တော်မူ၏။ ထာဝရဘုရားသည်သာလျှင်ဘုရားဖြစ် တော်မူ၏။ ဘုရားသခင်သည်သာလျှင်ငါတို့ကွယ်ကာရာ ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါ့ကိုသန်စွမ်းစေတော်မူသော ဘုရား၊ ငါလိုက်လျှောက်ရာခရီးလမ်းကိုဘေးမဲ့လုံခြုံ စေတော်မူသောဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါ့ခြေကိုသမင်ခြေကဲ့သို့ မြဲမြံစေတော်မူ၏။ တောင်များပေါ်တွင်ငါ့ကိုဘေးမဲ့လုံခြုံစွာ ထားတော်မူ၏။ အသန်ဆုံးသောလေးကိုတင်နိုင်ရန်ငါ့အား စစ်ပွဲအတွက်လေ့ကျင့်ပေးတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်၍ကယ်တော်မူပါ၏။ ကိုယ်တော်ရှင်ကြည့်ရှုပြုစုတော်မူသဖြင့် ကျွန်တော်မျိုးသည်ကြီးမြင့်လာရပါ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ဘေးမဲ့ လုံခြုံစွာ နေရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အဖမ်းမခံရအောင်ကွယ်ကာတော်မူ၏။ ကျွန်တော်မျိုးသည်လည်းအဘယ်အခါ၌မျှ အရေးမရှုံးနိမ့်ခဲ့ပါ။ ကျွန်တော်မျိုးသည်ရန်သူများကိုလိုက်လံ ဖမ်းဆီးပါ၏။ သူတို့အားနှိမ်နင်းနိုင်သည့်အထိမရပ် မနားပါ။ သူတို့အားကျွန်တော်မျိုးထိုးနှက်တိုက်ခိုက် လိုက်သောအခါသူတို့သည်မထနိုင်ကြ တော့ပါ။ ကျွန်တော်မျိုး၏ခြေရင်းတွင်လဲ၍ အညံ့ခံကြရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲ ဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ ရန်သူများအားအောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ထံမှရန်သူ များကို ထွက်ပြေးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်လည်းမိမိကိုမုန်းသူတို့အား ချေမှုန်းသုတ်သင်ပစ်ပါ၏။ သူတို့သည်``ကယ်တော်မူပါ'' ဟု အော်ဟစ်ကြသော်လည်း၊သူတို့အား အဘယ်သူမျှမကယ်နိုင်ပါ။ သူတို့သည်ထာဝရဘုရားကို လျှောက်ထားကြသော်လည်းကိုယ်တော်သည် သူတို့အားထူးတော်မမူပါ။ လေတိုက်၍လွင့်ပါသွားသောမြေမှုန့်သဖွယ် ဖြစ်စေရန် သူတို့အားကျွန်တော်မျိုးချေမှုန်းပါ၏။ လမ်းများပေါ်မှရွှံ့သဖွယ်သူတို့အား ကျွန်တော်မျိုးကျော်နင်းပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ပုန်ကန်သူတို့၏ဘေးမှကယ်တော်မူ၍ လူမျိုးတကာတို့ကိုအုပ်စိုးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်မိမိမသိဘူးသောလူ များကို ယခုအခါ၌အုပ်စိုးခွင့်ရပါ၏။ လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။ သူတို့သည်ရဲစွမ်းသတ္တိမရှိကြတော့ဘဲမိမိ တို့၏ ရဲတိုက်များမှတုန်လှုပ်လျက်ထွက်လာကြပါ၏။ ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ ငါ့အားကွယ်ကာတော်မူသောအရှင်ကို ထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောထာဝရဘုရား ကြီးမြတ်တော်မူကြောင်းကိုကြွေးကြော် ကြလော့။ ကိုယ်တော်သည်ငါ့အားရန်သူများကို အောင်မြင်ခွင့်ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊ ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားရန်သူ များကို အောင်မြင်ရသောအခွင့်ကိုပေးတော်မူ၏။ အကြမ်းဖက်သူတို့၏ဘေးမှကျွန်တော်မျိုးကို ကွယ်ကာတော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏ ရှေ့တွင်ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်အားထောမနာပြုသော သီချင်းကိုဆိုပါမည်။ ဘုရားသခင်သည်မိမိခန့်ထားတော်မူသော ဘုရင်အားအောင်ပွဲကြီးများခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသောဒါဝိဒ်မှစ၍ သူ၏သားမြေးများအားခိုင်မြဲသောမေတ္တာ တော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။
ဆာလံ 18:25-50 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်သည် မေတ္တာကရုဏာရှိသောသူအား မိမိမေတ္တာကရုဏာရှိကြောင်းကို ပြတော်မူ၏။ အပြစ်ကင်းသောသူအား မိမိအပြစ်ကင်းကြောင်းကို ပြတော်မူ၏။ သန့်ရှင်းသောသူအား မိမိသန့်ရှင်းကြောင်းကို ပြတော်မူ၏။ ကောက်ကျစ်သောသူအား မိမိဉာဏ်များကြောင်းကို ပြတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် အဖိနှိပ်ခံရသောလူမျိုးကို ကယ်တင်တော်မူ၏။ ထောင်လွှားသောမျက်နှာကိုကား နိမ့်ကျစေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏။ ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူ ရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။ အကြောင်းမူကား ထာဝရဘုရားမှတစ်ပါး မည်သူသည် ဘုရားသခင်ဖြစ်သနည်း။ ငါတို့၏ဘုရားသခင်မှတစ်ပါး မည်သူသည် ကျောက်ဆောင်ဖြစ်သနည်း။ ဘုရားသခင်သည် ငါ့ကို ခွန်အားနှင့်ပတ်စည်းသောဘုရားဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။ ငါ၏ခြေကို သမင်တို့၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်သောနေရာတို့၌ ငါ့ကိုရပ်စေတော်မူ၏။ ငါ၏လက်ကို စစ်ရေး၌လေ့ကျက်စေတော်မူသဖြင့် ငါ၏လက်ရုံးသည် ကြေးဝါလေးကိုတင်နိုင်၏။ ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုဖေးမ၍ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခြေလှမ်းစရာလမ်းကို ကျယ်ပြန့်စေတော်မူသောကြောင့် အကျွန်ုပ်ခြေမချော်ခဲ့ပါ။ အကျွန်ုပ်သည် အကျွန်ုပ်၏ရန်သူများကိုလိုက်၍မီပြီး သူတို့ကိုအပြီးသတ်မသုတ်သင်မီတိုင်အောင် နောက်ပြန်မလှည့်ခဲ့ပါ။ အကျွန်ုပ်သည် သူတို့မထနိုင်အောင် ချေမှုန်းခဲ့ပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေအောက်တွင် လဲကျခဲ့ကြပါ၏။ ကိုယ်တော်သည် စစ်ပွဲအတွက် အကျွန်ုပ်ကိုခွန်အားနှင့်ပတ်စည်း၍ အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အား အကျွန်ုပ်အောက်တွင် ညွတ်တွားစေတော်မူ၏။ အကျွန်ုပ်ရှေ့တွင် အကျွန်ုပ်၏ရန်သူတို့ကို လည်စင်းခံရစေသဖြင့် အကျွန်ုပ်ကိုမုန်းသောသူတို့အား အကျွန်ုပ်ဖယ်ရှားသုတ်သင်နိုင်ခဲ့ပါ၏။ သူတို့အော်ဟစ်သော်လည်း ကယ်တင်မည့်သူမရှိပါ။ ထာဝရဘုရားထံ အကူအညီအော်ဟစ်တောင်းခံကြသော်လည်း သူတို့ကို ထူးတော်မမူပါ။ ထိုအခါ အကျွန်ုပ်သည် သူတို့ကို လေထဲလွင့်ပါသောမြေမှုန့်ကဲ့သို့ ညက်ညက်ချေ၍ လမ်းပေါ်မှရွှံ့ကဲ့သို့ သူတို့ကိုသွန်ပစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုတိုက်ခိုက်သော လူတို့လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေ၍ လူမျိုးတကာတို့၏အကြီးအမှူး ဖြစ်စေတော်မူ၏။ အကျွန်ုပ်မသိဖူးသောလူတို့သည် အကျွန်ုပ်ကိုအစေခံကြပါ၏။ သူတို့သည် အကျွန်ုပ်အကြောင်းကိုကြားရသည်နှင့် အကျွန်ုပ်စကားကိုနာခံကြပါ၏။ တိုင်းတစ်ပါးသားတို့သည် အကျွန်ုပ်ကို ခယဝပ်တွားကြပါ၏။ တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက်ထွက်လာကြပါ၏။ ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။ ဘုရားသခင်သည် ငါ့အတွက်လက်တုံ့ပြန်ပေး၍ လူမျိုးတို့ကို ငါ့လက်အောက်သို့ ရောက်စေတော်မူ၏။ ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သော သူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။ ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်၌ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကိုသီဆိုချီးမွမ်းပါမည်။ ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။