YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 18:25-50

ဆာလံကျမ်း 18:25-50 MSBU

ကိုယ်တော်​သည် မေတ္တာကရုဏာ​ရှိ​သော​သူ​အား မိမိ​မေတ္တာကရုဏာ​ရှိ​ကြောင်း​ကို ပြ​တော်မူ​၏​။ အပြစ်ကင်း​သော​သူ​အား မိမိ​အပြစ်ကင်း​ကြောင်း​ကို ပြ​တော်မူ​၏​။ သန့်ရှင်း​သော​သူ​အား မိမိ​သန့်ရှင်း​ကြောင်း​ကို ပြ​တော်မူ​၏​။ ကောက်ကျစ်​သော​သူ​အား မိမိ​ဉာဏ်များ​ကြောင်း​ကို ပြ​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​လူမျိုး​ကို ကယ်တင်​တော်မူ​၏​။ ထောင်လွှား​သော​မျက်နှာ​ကို​ကား နိမ့်ကျ​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​မီးခွက်​ကို ထွန်းလင်း​စေ​တော်မူ​၏​။ အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​မှောင်မိုက်​ကို လင်း​စေ​တော်မူ​၏​။ အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​အားဖြင့် တပ်​တစ်တပ်လုံး​ကို ဝင်ရောက်စီးနင်း​နိုင်​ပါ​၏​။ အကျွန်ုပ်​၏​ဘုရားသခင်​အားဖြင့် တံတိုင်း​ကို​လည်း ကျော်​နိုင်​ပါ​၏​။ ဘုရားသခင်​၏​လမ်း​သည် ပြည့်ဝစုံလင်​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​သည် အထံ​တော်​၌​ခိုလှုံ​သော​သူ ရှိသမျှ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​မှတစ်ပါး မည်သူ​သည် ဘုရားသခင်​ဖြစ်​သနည်း​။ ငါ​တို့​၏​ဘုရားသခင်​မှတစ်ပါး မည်သူ​သည် ကျောက်ဆောင်​ဖြစ်​သနည်း​။ ဘုရားသခင်​သည် ငါ့​ကို ခွန်အား​နှင့်​ပတ်စည်း​သော​ဘုရား​ဖြစ်၍ ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။ ငါ​၏​ခြေ​ကို သမင်​တို့​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။ ငါ​၏​လက်​ကို စစ်ရေး​၌​လေ့ကျက်​စေ​တော်မူ​သဖြင့် ငါ​၏​လက်ရုံး​သည် ကြေးဝါ​လေး​ကို​တင်​နိုင်​၏​။ ကိုယ်တော်​သည် ကယ်တင်​ခြင်း​ဒိုင်းလွှား​ကို အကျွန်ုပ်​အား​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​၍ ကိုယ်တော်​၏​နူးညံ့သိမ်မွေ့​သော​သဘော​ကြောင့် အကျွန်ုပ်​သည် ကြီးမြတ်​သူ​ဖြစ်လာ​ရ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ခြေလှမ်းစရာလမ်း​ကို ကျယ်ပြန့်​စေ​တော်မူ​သောကြောင့် အကျွန်ုပ်​ခြေ​မ​ချော်​ခဲ့​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ကို​လိုက်​၍​မီ​ပြီး သူ​တို့​ကို​အပြီးသတ်​မ​သုတ်သင်​မီ​တိုင်အောင် နောက်ပြန်​မ​လှည့်​ခဲ့​ပါ​။ အကျွန်ုပ်​သည် သူ​တို့​မ​ထ​နိုင်​အောင် ချေမှုန်း​ခဲ့​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​အောက်​တွင် လဲကျ​ခဲ့​ကြ​ပါ​၏​။ ကိုယ်တော်​သည် စစ်ပွဲ​အတွက် အကျွန်ုပ်​ကို​ခွန်အား​နှင့်​ပတ်စည်း​၍ အကျွန်ုပ်​ကို​ဆန့်ကျင်​သော​သူ​တို့​အား အကျွန်ုပ်​အောက်​တွင် ညွတ်တွား​စေ​တော်မူ​၏​။ အကျွန်ုပ်​ရှေ့​တွင် အကျွန်ုပ်​၏​ရန်သူ​တို့​ကို လည်စင်း​ခံရ​စေ​သဖြင့် အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​အား အကျွန်ုပ်​ဖယ်ရှားသုတ်သင်​နိုင်​ခဲ့​ပါ​၏​။ သူ​တို့​အော်ဟစ်​သော်လည်း ကယ်တင်​မည့်​သူ​မ​ရှိ​ပါ​။ ထာဝရဘုရား​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ကြ​သော်လည်း သူ​တို့​ကို ထူး​တော်​မ​မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် သူ​တို့​ကို လေ​ထဲ​လွင့်ပါ​သော​မြေမှုန့်​ကဲ့သို့ ညက်ညက်ချေ​၍ လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့ သူ​တို့​ကို​သွန်ပစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​တိုက်ခိုက်​သော လူ​တို့​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​၍ လူမျိုးတကာ​တို့​၏​အကြီးအမှူး ဖြစ်စေ​တော်မူ​၏​။ အကျွန်ုပ်​မ​သိ​ဖူး​သော​လူ​တို့​သည် အကျွန်ုပ်​ကို​အစေခံ​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို​ကြား​ရ​သည်​နှင့် အကျွန်ုပ်​စကား​ကို​နာခံ​ကြ​ပါ​၏​။ တိုင်းတစ်ပါးသား​တို့​သည် အကျွန်ုပ်​ကို ခယဝပ်တွား​ကြ​ပါ​၏​။ တိုင်းတစ်ပါးသား​တို့​သည် လက်မှိုင်ချ​၍ မိမိ​တို့​၏​ခြေကုပ်စခန်း​များ​ထဲမှ တုန်လှုပ်​လျက်​ထွက်လာ​ကြ​ပါ​၏​။ ထာဝရဘုရား​သည် အသက်ရှင်​တော်မူ​၏​။ သို့ဖြစ်၍ ငါ​၏​ကျောက်ဆောင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို ချီးမြှောက်​ကြ​လော့​။ ဘုရားသခင်​သည် ငါ့​အတွက်​လက်တုံ့ပြန်​ပေး​၍ လူမျိုး​တို့​ကို ငါ့​လက်​အောက်​သို့ ရောက်​စေ​တော်မူ​၏​။ ငါ​၏​ရန်သူ​တို့​လက်​မှ ငါ့​ကို​လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​သော သူ​တို့​အပေါ် အကျွန်ုပ်​ကို​ချီးမြှောက်​တော်မူ​ပြီး ရက်စက်ကြမ်းကြုတ်​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​၏​။ ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​၌ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။ ကိုယ်တော်​သည် မိမိ​ခန့်ထား​သော​ရှင်ဘုရင်​အား ကြီးမား​သော​အောင်ပွဲ​များ​ကို​ခံ​စေ​ပြီး မိမိ​ဘိသိက်ပေး​ထား​သော​ဒါဝိဒ်​နှင့် သူ​၏​အမျိုးအနွယ်​အား မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ပြ​တော်မူ​၏​။