YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 107:1-43

ဆာလံ 107:1-43 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ရန်​သူ၏​လက်​မှ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ရှေ့​အ​နောက် တောင်​မြောက်​အ​ရပ်​ရပ်​ထဲ​က စု​သိမ်း​သော သူ​တည်း​ဟူ​သော၊ ရွေး​တော်​မူ​သော​သူ​တို့​သည် ဝန်​ခံ​ကြ​စေ။ သူ​တို့​သည် တော​တွင်း လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌​လည်၍၊ နေ​စ​ရာ​မြို့​သို့ ရောက်​သော​လမ်း​ကို မ​တွေ့​ကြ။ ဆာ​ငတ်​မွတ်​သိပ်၍ စိတ်​ပျက်​ကြ၏။ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ဆယ်​နုတ်​တော်​မူ၏။ သူ​တို့​နေ​စ​ရာ​မြို့​သို့ ရောက်​စေ​ခြင်း​ငှာ၊ ဖြောင့်​သော​လမ်း​ဖြင့် ပို့​ဆောင်​တော်​မူ၏။ လူ​သား​တို့၌​ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ တောင့်​တ​သော​ဝိ​ညာဉ်​ကို ရောင့်​ရဲ​စေ၍၊ မွတ်​သိပ်​သော​ဝိ​ညာဉ်​ကို​လည်း၊ ကောင်း​သော​အ​ရာ​နှင့် ဝ​စေ​တော်​မူ၏။ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ငြင်း​ဆန်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ အ​ကြံ​တော်​ကို မ​ထီ​မဲ့​မြင် ပြု​သော​ကြောင့်၊ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်၌​ထိုင်​လျက်၊ ဒု​က္ခ​နှင့်​လည်း​ကောင်း၊ သံ​ကြိုး​နှင့်​လည်း​ကောင်း ချည်​နှောင်​လျက် နေ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် အ​မှု​ရောက်​စေ၍၊ သူ​တို့​စိတ်​ကို နှိမ့်​ချ​တော်​မူ၏။ သူ​တို့​သည်​လဲ၍ ထောက်​မ​သော​သူ​မ​ရှိ​ဘဲ၊ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။ မှောင်​မိုက်​နှင့် သေ​မင်း​အ​ရိပ်​ထဲ​က ထုတ်​ဆောင်၍ သူ​တို့​ချည်​နှောင်​ခြင်း​ကို ဖြေ​တော်​မူ၏။ လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ကြေး​ဝါ​တံ​ခါး​တို့​ကို​ချိုး၍၊ သံ​ကန့်​လန့်​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ၏။ မိုက်​သော​သ​ဘော​ရှိ​သော သူ​တို့​သည်​လမ်း​လွှဲ၍၊ ဒု​စ​ရိုက်​ကို ပြု​သော​ကြောင့် ဆင်း​ရဲ​ခြင်း​နှင့် တွေ့​ကြုံ​ရ​ကြ၏။ စား​စ​ရာ​အ​မျိုး​မျိုး​ကို​ရွံ၍ သေ​ခြင်း​တံ​ခါး ငါ့​အ​နီး​သို့ ရောက်​ကြ၏။ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို​လွှတ်​သ​ဖြင့်၊ သူ​တို့​အ​နာ​ကို ငြိမ်း​စေ၍၊ ဖျက်​ဆီး​ခြင်း​အ​ရာ​များ​ထဲ​က နုတ်​ယူ​တော်​မူ၏။ လူ​သား​တို့၌ ပြု​တော်​မူ​သော​က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ ကျေး​ဇူး​တော် ဝန်​ခံ​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ရွှင်​လန်း​သော​အ​သံ​နှင့်​တ​ကွ အ​မှု​တော်​တို့​ကို ကြား​ပြော​ကြ​စေ။ သင်္ဘော​စီး​လျက် ပင်​လယ်​ကို​ကူး၍၊ ရေ​များ​ပေါ်​မှာ လုပ်​ဆောင်​သော​သူ​တို့​သည်၊ နက်​နဲ​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​နှင့်၊ အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို မြင်​ရ​ကြ၏။ အ​မိန့်​တော်​ရှိ၍ လေ​ပြင်း​မုန်​တိုင်း​တိုက်​သ​ဖြင့်၊ လှိုင်း​တံ​ပိုး​တို့​ကို ထ​စေ၏။ မိုး​ကောင်း​ကင်​တိုင်​အောင် တက်​လျက်၊ နက်​နဲ​ရာ​ထဲ​သို့​ဆင်း​လျက် တွေ့​သော​ဘေး​ကြောင့်၊ သူ​တို့​သည် စိတ်​ပျက်​ကြ၏။ တ​လည်​လည်​သွား​လျက် ယစ်​မူး​သော​သူ​ကဲ့​သို့ တိမ်း​ယိမ်း​လျက်​နေ၍ ဉာဏ်​တိမ်​မြုပ်​ခြင်း ရှိ​ကြ၏။ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ထုတ်​ဆောင်​တော်​မူ၏။ လေ​ပြင်း​ကို​ပျောက်​စေ​တော်​မူ၍၊ လှိုင်း​တံ​ပိုး​များ​လည်း ငြိမ်​ဝပ်​ကြ၏။ ထို​သို့​ငြိမ်​ဝပ်​သော​ကြောင့် သူ​တို့​သည် ဝမ်း​မြောက်​ကြ၏။ အ​လို​ရှိ​ရာ​သင်္ဘော​ဆိပ်​သို့ ပို့​ဆောင်​တော်​မူ၏။ လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ လူ​ပ​ရိ​သတ်၏​အ​လယ်​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်၍ အ​သက်​ကြီး​သူ​တို့၏ အ​စည်း​အ​ဝေး၌ ချီး​မွမ်း​ကြ​စေ။ မြစ်​တို့​ကို လွင်​ပြင်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စမ်း​ရေ​ထွက်​ရာ​အ​ရပ်​ကို​လည်း သွေ့​ခြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။ မြေ​ကောင်း​သော​ပြည်​ကို ပြည်​သူ​ပြည်​သား​တို့၏​အ​ပြစ်​ကြောင့် ဆား​မြေ​ဖြစ်​စေ​တော်​မူ၏။ တစ်​ဖန် လွင်​ပြင်​ကို ရေ​နှင့်​ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သွေ့​ခြောက်​သော​အ​ရပ်​ကို​လည်း စမ်း​ရေ​ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။ ထို​အ​ရပ်၌​လည်း၊ ငတ်​မွတ်​သော​သူ​တို့​ကို နေ​ရာ​ချ​တော်​မူ၍၊ သူ​တို့​သည် မိ​မိ​နေ​စ​ရာ​ဖို့ မြို့​ကို​တည်​ကြ၏။ လယ်​လုပ်​လျက်၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း စိုက်​ပျိုး​လျက်၊ မြေ​အ​သီး​အ​နှံ​တို့​ကို ပြု​စု​ကြ၏။ ကောင်း​ချီး​ပေး​တော်​မူ၍၊ သူ​တို့​သည် အ​လွန်​ပွား​များ​ကြ၏။ သူ​တို့​သိုး​နွား​များ​ကို​လည်း လျော့​စေ​တော်​မ​မူ။ တစ်​ဖန် သူ​တို့​သည်​လျော့၍ ညှဉ်း​ဆဲ​ခြင်း၊ ငြို​ငြင်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​အား​ဖြင့် နှိမ့်​ချ​လျက်​နေ​ရ​ကြ၏။ မင်း​သား​တို့​ကို အ​ရှက်​ခွဲ၍၊ လမ်း​မ​ရှိ​သော တော​အ​ရပ်၌​လည်​စေ​တော်​မူ၏။ ဆင်း​ရဲ​သော​သူ​ကို​လည်း ဒု​က္ခ​မှ​ထ​မြောက်​စေ၍၊ သိုး​စု​ကဲ့​သို့ အိမ်​ထောင်​ပွား​များ​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​သည်​မြင်၍၊ ဝမ်း​မြောက်​ကြ၏။ ခပ်​သိမ်း​သော​ဒု​စ​ရိုက်​သည်​လည်း မိ​မိ​နှုတ်​ကို ပိတ်​ရ၏။ အ​ကြင်​သူ​သည် ပ​ညာ​ရှိ၏၊ ထို​သူ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို​ဆင်​ခြင်၍၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​ကျေး​ဇူး​တော်​ကို နား​လည်​လိမ့်​မည်။

ဆာလံ 107:1-43 Common Language Bible (BCL)

``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​၏'' ဟု​ ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​၍ အ​ရှေ့​အ​နောက်​တောင်​မြောက်​ရှိ​တိုင်း​တစ်​ပါး​မှ ပြန်​ခေါ်​ဆောင်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည်​ချီး​မွမ်း​ကြ​စေ။ လူ​အ​ချို့​တို့​သည်​လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ တွင် လှည့်​လည်​လျက်​နေ​ခဲ့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​စ​ရာ​မြို့​သို့​သွား​ရာ လမ်း​ကို​ရှာ​၍​မ​တွေ့​ကြ။ သူ​တို့​သည်​အ​စာ​ငတ်​ရေ​ငတ်​ကြ​လျက် စိတ်​ပျက်​အား​လျော့​ကြ​၏။ သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန်​မြို့​သို့​လမ်း ဖြောင့်​ဖြင့် ပို့​ဆောင်​တော်​မူ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ရ ကြ​ပေ​မည်။ ကိုယ်​တော်​သည်​ရေ​ငတ်​သူ​တို့​အား ရေ​ငတ်​ပြေ​စေ​တော်​မူ​၏။ ဆာ​လောင်​မွတ်​သိပ်​သူ​တို့​အား​ကောင်း​သော အ​ရာ​များ​နှင့်​ဝ​စေ​တော်​မူ​၏။ အ​ချို့​သော​သူ​တို့​သည်​မှောင်​မိုက်​အ​တိ​ဖုံး​လွှမ်း​ရာ အ​ရပ်​၌​နေ​ထိုင်​ရ​လျက်​သံ​ကြိုး​ဖြင့် ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ဒုက္ခ​ခံ​ရ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​မိန့်​တော်​ကို​ဖီ​ဆန်​၍ အ​နန္တ​တန်​ခိုး​ရှင်​၏​ညွှန်​ကြား​ချက်​များ​ကို ပစ်​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​ကြ​သ​ဖြင့် အား​အင်​ကုန်​ခန်း​ရ​ကြ​၏။ လဲ​ကျ​သော်​လည်း​သူ​တို့​အား​ထူ​မ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​ထံ အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​မှောင်​မိုက်​အ​တိ ဖုံး​လွှမ်း​ရာ အ​ရပ်​မှ​ထုတ်​ဆောင်​တော်​မူ​၍ သူ​တို့​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး များ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။ ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။ အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ ကြောင့် ဖျား​နာ​ရ​ကြ​၏။ မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​၏။ သူ​တို့​သည်​အ​စား​အ​စာ​ကို​ပင်​ကြည့်​ချင်​စိတ် မ​ရှိ​တော့​ဘဲ သေ​မင်း​၏​တံ​ခါး​ဝ​အ​နီး​သို့​ရောက်​ရ​ကြ​၏။ ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​မိန့်​တော်​ပေး​၍​သူ​တို့​အား ရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ပြီး​လျှင် သင်္ချိုင်း​တွင်း​မှ​ကယ်​တော်​မူ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။ သူ​တို့​သည်​ယဇ်​ပူ​ဇော်​သကာ​ဖြင့်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​လျက် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို ဖော်​ပြ​ရ​ကြ​ပေ​မည်။ လူ​အ​ချို့​တို့​သည်​သ​မုဒ္ဒ​ရာ​တွင်​သင်္ဘော​လွှင့်​၍ ကူး​သန်း​သွား​လာ​လျက်​အ​သက်​မွေး​ဝမ်း​ကျောင်း ရှာ​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​များ၊ပင်​လယ်​တွင်​ပြ​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​မြင်​တွေ့​ရ​ကြ​၏။ ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကျ​ရောက်​လာ​၍ လှိုင်း​တံ​ပိုး​များ​ထ​လေ​၏။ သင်္ဘော​များ​သည်​လေ​ထဲ​သို့​မြောက်​၍​သွား​ကြ ပြီး​နောက် ရေ​ထဲ​သို့​ထိုး​ဆင်း​သွား​ကြ​၏။ ယင်း​သို့​သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​ကြ​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ သူ​တို့​သည်​အ​ရက်​မူး​သူ​များ​ကဲ့​သို့​ယိမ်း​ယိုင် လဲ​ကျ​ကြ​ကုန်​၏။ သူ​တို့​၏​ကျွမ်း​ကျင်​မှု​သည်​အ​ချည်း​နှီး​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။ ကိုယ်​တော်​သည်​လေ​မုန်​တိုင်း​ကို​ရပ်​စဲ​စေ​တော် မူ​သ​ဖြင့် လှိုင်း​တံ​ပိုး​တို့​သည်​ငြိမ်သက်​လေ​၏။ ယင်း​သို့​လေ​ငြိမ်​သ​ဖြင့်​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​သူ​တို့​သွား​လို​ရာ​သင်္ဘော​ဆိပ်​မြို့​သို့ ဘေး​မဲ့​လုံ​ခြုံ​စွာ​ပို့ဆောင်​တော်​မူ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အ​တွက်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။ သူ​တို့​သည်​ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို လူ​တို့ စု​ဝေး​ရာ​အ​ရပ်​၌​ထုတ်​ဖော်​ကြေ​ညာ​ကြ​ရ​ပေ​မည်။ ခေါင်း​ဆောင်​များ​အ​စည်း​အ​ဝေး​၌​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​ရ​ပေ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​များ​ကို​လုံး​ဝ ခန်း​ခြောက်​စေ​တော်​မူ​၏။ စမ်း​ချောင်း​များ​ကို​လည်း​ဆို့​ပိတ်​၍​ထား​တော်​မူ​၏။ ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ကိုယ်​တော်​သည် မြေ​ကောင်း​မြေ​သန့်​ကို အ​သုံး​မ​ဝင်​သည့်​ဆား​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​သဲ​ကန္တာ​ရ​များ​ကို​ရေ​အိုင်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ ခြောက်​သွေ့​သည့်​ဒေ​သ​များ​ကို​စမ်း​ရေ​ပေါက် အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​တော်​မူ​၏။ ထို​ဒေ​သ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​အား နေ​ထိုင်​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​မိ​မိ​တို့​နေ​ထိုင်​ရန်​မြို့​ကို တည်​ကြ​၏။ သူ​တို့​သည်​လယ်​ယာ​လုပ်​ကိုင်​ကာ​စ​ပျစ်​ပင် များ​ကို စိုက်​ပျိုး​ကြ​၏။ ယင်း​တို့​သည်​များ​စွာ​သော​အ​သီး​အ​နှံ တို့​ကို​ဆောင်​ကုန်​၏။ ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​ကို ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်​သူ​တို့​သည် သား​သ​မီး​များ​စွာ​ရ​ရှိ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​နွား​အုပ်​များ​ကို​လည်း မ​ယုတ်​မ​လျော့​စေ​ရန်​စောင့်​ရှောက်​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရက်​စက်​စွာ ဖိ​စီး​နှိပ်​စက်​မှု​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် အ​ရေး​ရှုံး​နိမ့်​ကာ​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​ကြ သော​အ​ခါ ကိုယ်​တော်​သည်​ယင်း​သို့​ဖိ​စီး​နှိပ်​စက်​သူ​များ​အား စက်​ဆုပ်​ရွံ​ရှာ​၍ လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ​တွင်​လှည့်​လည် သွား​လာ​စေ​တော်​မူ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ တို့​ကို ဆင်း​ရဲ​ဒုက္ခ​မှ​ကယ်​ဆယ်​တော်​မူ​၍ သူ​တို့​၏​အိမ်​ထောင်​စု​များ​ကို​သိုး​အုပ်​များ သ​ဖွယ် တိုး​ပွား​စေ​တော်​မူ​၏။ သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​၍​ဝမ်း​မြောက်​ကုန်​၏။ သူ​ယုတ်​မာ​အပေါင်း​တို့​သည်​ကား​နှုတ်​ပိတ်​၍ နေ​ရ​ကြ​၏။ အ​သိ​ပညာ​ရှိ​သူ​တို့​သည်​ဤ​အ​မှု​အ​ရာ တို့​ကို နှ​လုံး​သွင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​စေ။

ဆာလံ 107:1-43 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏ မေတ္တာကရုဏာ​သည် အစဉ်အမြဲ​တည်​၏​။ ထာဝရဘုရား​ရွေးနုတ်​တော်မူ​သော​သူ​တို့​သည် ထိုသို့​ဆို​ကြ​ပါစေ​။ ကိုယ်တော်​သည် သူ​တို့​ကို ရန်သူ​၏​လက်​မှ​ရွေးနုတ်​၍ သူ​တို့​ကို အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​ရှိ တိုင်းပြည်​တို့​မှ ခေါ်ယူစုစည်း​တော်မူ​၏​။ အချို့​တို့​သည် တောကန္တာရ​ထဲ၌ ကန္တာရ​လမ်း​တွင် လှည့်လည်သွားလာ​ကြ​ပြီး မိမိ​တို့​နေထိုင်​ရန်​မြို့​ကို ရှာ​မ​တွေ့​ကြ​ချေ​။ သူ​တို့​သည် ဆာလောင်မွတ်သိပ်​လျက်​၊ ရေငတ်​လျက်​၊ သူ​တို့​၏​ဝိညာဉ်​သည် သူ​တို့​အထဲ​၌​ညှိုးငယ်​လျက် ရှိ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို ကယ်နုတ်​တော်မူ​၏​။ သူ​တို့​နေထိုင်​ရန်​မြို့​သို့​ရောက်​ရန် ဖြောင့်​သော​လမ်း​ဖြင့် သူ​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ အကြောင်းမူကား ကိုယ်တော်​သည် ဆာငတ်​သော​စိတ်ဝိညာဉ်​ကို ဝလင်​စေ​၍ ဆာလောင်မွတ်သိပ်​သော​စိတ်ဝိညာဉ်​ကို ကောင်း​သော​အရာ​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။ အချို့​တို့​သည် မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲ၌ ထိုင်​နေ​ရ​သော​သူ​များ​၊ ဖိစီးနှိပ်စက်မှု​နှင့်​သံကြိုး​၏​ချည်နှောင်​ခြင်း​ကို ခံရ​သော​သူ​များ ဖြစ်​ကြ​၏​။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​စကား​တော်​တို့​ကို ဖီဆန်​၍ အမြင့်ဆုံး​သော​အရှင်​၏​အကြံဉာဏ်​ကို မထီလေးစား​ပြု​ကြ​၏​။ သို့ဖြစ်၍ ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို​ချိုးနှိမ်​တော်မူ​၏​။ သူ​တို့​လဲကျ​သောအခါ ကူညီမစ​မည့်​သူ​မ​ရှိ​ပေ​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။ သူ​တို့​ကို မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲမှ ထုတ်ဆောင်​၍ သူ​တို့​ခံရ​သော​အချည်အနှောင်​များ​ကို ဖြတ်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ အကြောင်းမူကား ကိုယ်တော်​သည် ကြေးနီ​တံခါး​များ​ကို ချိုးဖျက်​၍ သံ​ကန့်လန့်ကျင်​များ​ကို ပိုင်းဖြတ်​တော်မူ​၏​။ အချို့​တို့​သည် မိမိ​တို့​ကျူးလွန်​သော အပြစ်​၏​လမ်းစဉ်​ကြောင့် ဆိုးမိုက်​သော​သူ​ဖြစ်​ကြ​ပြီး မိမိ​တို့​၏​ဒုစရိုက်​များ​ကြောင့် ဒုက္ခဝေဒနာ​ခံစား​ကြ​ရ​၏​။ သူ​တို့​၏​စိတ်ဝိညာဉ်​သည် အစားအစာ​မှန်သမျှ​ကို စက်ဆုပ်ရွံရှာ​၍ သေ​ခြင်း​၏​တံခါးဝ​အနီး​သို့ ရောက်​ကြ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။ မိမိ​၏​နှုတ်ကပတ်တော်​ကို​စေလွှတ်​၍ သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​ပြီး သူ​တို့​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို​လည်း​ပူဇော်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါစေ​။ အချို့​တို့​သည် သင်္ဘော​ဖြင့် ပင်လယ်​ကို​ကူး​၍ ကျယ်ပြော​သော​ရေပြင်​ပေါ်တွင် လုပ်ငန်း​လုပ်ကိုင်​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ပြု​တော်မူ​သော အမှု​များ​တည်းဟူသော ရေနက်​ရာ​အရပ်​တွင် ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​မြင်​ရ​ကြ​၏​။ အကြောင်းမူကား ကိုယ်တော်​မိန့်​တော်မူ​သောအခါ လေ​မုန်တိုင်း​တိုက်ခတ်​၍ လှိုင်းတံပိုး​များ​ထ​ကြ​၏​။ သူ​တို့​သည် ကောင်းကင်​သို့​မြှောက်တက်​သွား​ပြီး ရေနက်​ထဲသို့ ကျဆင်း​ကြ​ရ​၍ သူ​တို့​သည် ဘေးအန္တရာယ်​ကြောင့် စိတ်ပျက်အားလျော့​ကြ​၏​။ သူ​တို့​သည် ယစ်မူး​သူ​ကဲ့သို့ ဒယီးဒယိုင်​ဖြစ်​လျက်​၊ ရှေ့နောက်​ယိမ်းထိုး​လျက်​နေ​ကြ​၏​။ သူ​တို့​၏​အကြံဉာဏ်​အားလုံး​သည်​လည်း ကုန်ခန်း​လေ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။ မုန်တိုင်း​ကို အရှိန်ပြယ်​ရပ်စဲ​စေ​တော်မူ​သဖြင့် လှိုင်းတံပိုး​များ​သည် ငြိမ်​သွား​ကြ​၏​။ ထိုသို့ ငြိမ်သက်​သွား​သောကြောင့် သူ​တို့​သည် ဝမ်းမြောက်​ကြ​၏​။ ကိုယ်တော်​သည်​လည်း သူ​တို့​အလိုရှိ​ရာ​ဆိပ်ကမ်း​သို့ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ လူ​အစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမြှောက်​၍ သက်ကြီးဝါကြီး​တို့​စုဝေး​ရာ​အရပ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။ ကိုယ်တော်​သည် မြစ်​များ​ကို တောကန္တာရ​အဖြစ်​သို့​လည်းကောင်း​၊ စမ်းရေ​ထွက်​ရာ​အရပ်​များ​ကို ခြောက်ကပ်​သော​အရပ်​အဖြစ်​သို့​လည်းကောင်း​၊ အသီးအနှံ​ဖြစ်ထွန်း​သော​မြေ​ကို ဆားမြေ​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။ ထိုသို့​ပြု​တော်မူ​ခြင်း​မှာ ထို​အရပ်​၌​နေထိုင်​သော​သူ​တို့​၏​မကောင်းမှု​ကြောင့်​ဖြစ်​၏​။ တစ်ဖန် ကိုယ်တော်​သည် တောကန္တာရ​ကို ရေအိုင်​အဖြစ်​သို့​လည်းကောင်း​၊ ခြောက်သွေ့​သော​မြေ​ကို စမ်းရေ​ထွက်​ရာ​အရပ်​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​ပြီး ဆာလောင်မွတ်သိပ်​သော​သူ​တို့​ကို ထို​အရပ်​တို့​၌​နေထိုင်​စေ​တော်မူ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​နေထိုင်​ရန်​မြို့​ကို တည်​ကြ​၏​။ လယ်ယာ​များ​၌ မျိုးစေ့ကြဲ​၍ စပျစ်ခြံ​များ​ကို​စိုက်ပျိုး​ကာ ရိတ်သိမ်းစရာ​အသီးအနှံ​တို့​ကို​ရရှိ​ကြ​၏​။ ကိုယ်တော်​သည် သူ​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် သူ​တို့​သည် အလွန်​တိုးပွား​ကြ​၏​။ သူ​တို့​၏​တိရစ္ဆာန်​ကို​လည်း လျော့နည်း​စေ​တော်​မ​မူ​ခဲ့​ပေ​။ ထို့နောက် သူ​တို့​သည် ဖိစီးမှု​၊ ဘေးအန္တရာယ်​နှင့်​ဝမ်းနည်း​ခြင်း​ကြောင့် လျော့နည်း​လာ​၍ နှိမ့်ချ​လျက်​နေ​ကြ​ရ​၏​။ ကိုယ်တော်​သည် မင်းအရာရှိ​တို့​ကို မထီမဲ့မြင်ပြု​ခြင်း​ခံရ​စေ​၍ သူ​တို့​ကို လမ်း​မ​ရှိ​သော လွင်တီးခေါင်အရပ်​၌ လှည့်လည်သွားလာ​စေ​တော်မူ​၏​။ နွမ်းပါး​သော​သူ​တို့​ကို​ကား ဖိစီးနှိပ်စက်မှု​ထဲမှ​ကယ်နုတ်​၍ လုံခြုံ​စွာ​စောင့်ရှောက်​တော်မူ​၏​။ သူ​တို့​၏​မျိုးနွယ်စု​များ​ကို​လည်း သိုးအုပ်​ကဲ့သို့ ပွားများ​စေ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​သည် ထို​အမှုအရာ​ကို​မြင်​၍ ဝမ်းမြောက်​ကြ​၏​။ မတရားမှု​ရှိသမျှ​တို့​မူကား နှုတ်ဆိတ်​နေ​ကြ​ရ​၏​။ မည်သူ​သည် ပညာရှိ​ဖြစ်​သနည်း​။ ထို​သူ​သည် ဤ​အမှုအရာ​တို့​ကို​မှတ်သားဆင်ခြင်​၍ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို နားလည်​ပါစေ​။