YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 107:1-43

ဆာလံကျမ်း 107:1-43 MSBU

ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏ မေတ္တာကရုဏာ​သည် အစဉ်အမြဲ​တည်​၏​။ ထာဝရဘုရား​ရွေးနုတ်​တော်မူ​သော​သူ​တို့​သည် ထိုသို့​ဆို​ကြ​ပါစေ​။ ကိုယ်တော်​သည် သူ​တို့​ကို ရန်သူ​၏​လက်​မှ​ရွေးနုတ်​၍ သူ​တို့​ကို အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​ရှိ တိုင်းပြည်​တို့​မှ ခေါ်ယူစုစည်း​တော်မူ​၏​။ အချို့​တို့​သည် တောကန္တာရ​ထဲ၌ ကန္တာရ​လမ်း​တွင် လှည့်လည်သွားလာ​ကြ​ပြီး မိမိ​တို့​နေထိုင်​ရန်​မြို့​ကို ရှာ​မ​တွေ့​ကြ​ချေ​။ သူ​တို့​သည် ဆာလောင်မွတ်သိပ်​လျက်​၊ ရေငတ်​လျက်​၊ သူ​တို့​၏​ဝိညာဉ်​သည် သူ​တို့​အထဲ​၌​ညှိုးငယ်​လျက် ရှိ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို ကယ်နုတ်​တော်မူ​၏​။ သူ​တို့​နေထိုင်​ရန်​မြို့​သို့​ရောက်​ရန် ဖြောင့်​သော​လမ်း​ဖြင့် သူ​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ အကြောင်းမူကား ကိုယ်တော်​သည် ဆာငတ်​သော​စိတ်ဝိညာဉ်​ကို ဝလင်​စေ​၍ ဆာလောင်မွတ်သိပ်​သော​စိတ်ဝိညာဉ်​ကို ကောင်း​သော​အရာ​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။ အချို့​တို့​သည် မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲ၌ ထိုင်​နေ​ရ​သော​သူ​များ​၊ ဖိစီးနှိပ်စက်မှု​နှင့်​သံကြိုး​၏​ချည်နှောင်​ခြင်း​ကို ခံရ​သော​သူ​များ ဖြစ်​ကြ​၏​။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​စကား​တော်​တို့​ကို ဖီဆန်​၍ အမြင့်ဆုံး​သော​အရှင်​၏​အကြံဉာဏ်​ကို မထီလေးစား​ပြု​ကြ​၏​။ သို့ဖြစ်၍ ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို​ချိုးနှိမ်​တော်မူ​၏​။ သူ​တို့​လဲကျ​သောအခါ ကူညီမစ​မည့်​သူ​မ​ရှိ​ပေ​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။ သူ​တို့​ကို မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲမှ ထုတ်ဆောင်​၍ သူ​တို့​ခံရ​သော​အချည်အနှောင်​များ​ကို ဖြတ်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ အကြောင်းမူကား ကိုယ်တော်​သည် ကြေးနီ​တံခါး​များ​ကို ချိုးဖျက်​၍ သံ​ကန့်လန့်ကျင်​များ​ကို ပိုင်းဖြတ်​တော်မူ​၏​။ အချို့​တို့​သည် မိမိ​တို့​ကျူးလွန်​သော အပြစ်​၏​လမ်းစဉ်​ကြောင့် ဆိုးမိုက်​သော​သူ​ဖြစ်​ကြ​ပြီး မိမိ​တို့​၏​ဒုစရိုက်​များ​ကြောင့် ဒုက္ခဝေဒနာ​ခံစား​ကြ​ရ​၏​။ သူ​တို့​၏​စိတ်ဝိညာဉ်​သည် အစားအစာ​မှန်သမျှ​ကို စက်ဆုပ်ရွံရှာ​၍ သေ​ခြင်း​၏​တံခါးဝ​အနီး​သို့ ရောက်​ကြ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။ မိမိ​၏​နှုတ်ကပတ်တော်​ကို​စေလွှတ်​၍ သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​ပြီး သူ​တို့​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို​လည်း​ပူဇော်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါစေ​။ အချို့​တို့​သည် သင်္ဘော​ဖြင့် ပင်လယ်​ကို​ကူး​၍ ကျယ်ပြော​သော​ရေပြင်​ပေါ်တွင် လုပ်ငန်း​လုပ်ကိုင်​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ပြု​တော်မူ​သော အမှု​များ​တည်းဟူသော ရေနက်​ရာ​အရပ်​တွင် ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​မြင်​ရ​ကြ​၏​။ အကြောင်းမူကား ကိုယ်တော်​မိန့်​တော်မူ​သောအခါ လေ​မုန်တိုင်း​တိုက်ခတ်​၍ လှိုင်းတံပိုး​များ​ထ​ကြ​၏​။ သူ​တို့​သည် ကောင်းကင်​သို့​မြှောက်တက်​သွား​ပြီး ရေနက်​ထဲသို့ ကျဆင်း​ကြ​ရ​၍ သူ​တို့​သည် ဘေးအန္တရာယ်​ကြောင့် စိတ်ပျက်အားလျော့​ကြ​၏​။ သူ​တို့​သည် ယစ်မူး​သူ​ကဲ့သို့ ဒယီးဒယိုင်​ဖြစ်​လျက်​၊ ရှေ့နောက်​ယိမ်းထိုး​လျက်​နေ​ကြ​၏​။ သူ​တို့​၏​အကြံဉာဏ်​အားလုံး​သည်​လည်း ကုန်ခန်း​လေ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။ မုန်တိုင်း​ကို အရှိန်ပြယ်​ရပ်စဲ​စေ​တော်မူ​သဖြင့် လှိုင်းတံပိုး​များ​သည် ငြိမ်​သွား​ကြ​၏​။ ထိုသို့ ငြိမ်သက်​သွား​သောကြောင့် သူ​တို့​သည် ဝမ်းမြောက်​ကြ​၏​။ ကိုယ်တော်​သည်​လည်း သူ​တို့​အလိုရှိ​ရာ​ဆိပ်ကမ်း​သို့ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ လူ​အစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမြှောက်​၍ သက်ကြီးဝါကြီး​တို့​စုဝေး​ရာ​အရပ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။ ကိုယ်တော်​သည် မြစ်​များ​ကို တောကန္တာရ​အဖြစ်​သို့​လည်းကောင်း​၊ စမ်းရေ​ထွက်​ရာ​အရပ်​များ​ကို ခြောက်ကပ်​သော​အရပ်​အဖြစ်​သို့​လည်းကောင်း​၊ အသီးအနှံ​ဖြစ်ထွန်း​သော​မြေ​ကို ဆားမြေ​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။ ထိုသို့​ပြု​တော်မူ​ခြင်း​မှာ ထို​အရပ်​၌​နေထိုင်​သော​သူ​တို့​၏​မကောင်းမှု​ကြောင့်​ဖြစ်​၏​။ တစ်ဖန် ကိုယ်တော်​သည် တောကန္တာရ​ကို ရေအိုင်​အဖြစ်​သို့​လည်းကောင်း​၊ ခြောက်သွေ့​သော​မြေ​ကို စမ်းရေ​ထွက်​ရာ​အရပ်​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​ပြီး ဆာလောင်မွတ်သိပ်​သော​သူ​တို့​ကို ထို​အရပ်​တို့​၌​နေထိုင်​စေ​တော်မူ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​နေထိုင်​ရန်​မြို့​ကို တည်​ကြ​၏​။ လယ်ယာ​များ​၌ မျိုးစေ့ကြဲ​၍ စပျစ်ခြံ​များ​ကို​စိုက်ပျိုး​ကာ ရိတ်သိမ်းစရာ​အသီးအနှံ​တို့​ကို​ရရှိ​ကြ​၏​။ ကိုယ်တော်​သည် သူ​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် သူ​တို့​သည် အလွန်​တိုးပွား​ကြ​၏​။ သူ​တို့​၏​တိရစ္ဆာန်​ကို​လည်း လျော့နည်း​စေ​တော်​မ​မူ​ခဲ့​ပေ​။ ထို့နောက် သူ​တို့​သည် ဖိစီးမှု​၊ ဘေးအန္တရာယ်​နှင့်​ဝမ်းနည်း​ခြင်း​ကြောင့် လျော့နည်း​လာ​၍ နှိမ့်ချ​လျက်​နေ​ကြ​ရ​၏​။ ကိုယ်တော်​သည် မင်းအရာရှိ​တို့​ကို မထီမဲ့မြင်ပြု​ခြင်း​ခံရ​စေ​၍ သူ​တို့​ကို လမ်း​မ​ရှိ​သော လွင်တီးခေါင်အရပ်​၌ လှည့်လည်သွားလာ​စေ​တော်မူ​၏​။ နွမ်းပါး​သော​သူ​တို့​ကို​ကား ဖိစီးနှိပ်စက်မှု​ထဲမှ​ကယ်နုတ်​၍ လုံခြုံ​စွာ​စောင့်ရှောက်​တော်မူ​၏​။ သူ​တို့​၏​မျိုးနွယ်စု​များ​ကို​လည်း သိုးအုပ်​ကဲ့သို့ ပွားများ​စေ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​သည် ထို​အမှုအရာ​ကို​မြင်​၍ ဝမ်းမြောက်​ကြ​၏​။ မတရားမှု​ရှိသမျှ​တို့​မူကား နှုတ်ဆိတ်​နေ​ကြ​ရ​၏​။ မည်သူ​သည် ပညာရှိ​ဖြစ်​သနည်း​။ ထို​သူ​သည် ဤ​အမှုအရာ​တို့​ကို​မှတ်သားဆင်ခြင်​၍ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို နားလည်​ပါစေ​။