YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 10:1-18

ဆာလံ 10:1-18 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား။ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် ဝေး​ဝေး​ရပ်၍ နေ​တော်​မူ​သ​နည်း။ ဘေး​အ​န္တ​ရာယ် ရောက်​သည်​ကာ​လ အ​ဘယ်​ကြောင့် ပုန်း​ကွယ်၍ နေ​တော်​မူ​သ​နည်း။ မ​တ​ရား​သော​သူ​သည် မာ​န​စိတ်​ရှိ၍၊ ဆင်း​ရဲ​သော​သူ​ကို ညှဉ်း​ဆဲ​တတ်​ပါ၏။ မိ​မိ​ပြု​သော ပ​ရိ​ယာယ်​အား​ဖြင့် ထို​သူ​ကို ဖမ်း​ဆီး​တတ်​ပါ၏။ မ​တ​ရား​သော​သူ​သည် မိ​မိ​စိတ်​အ​လို၌ ဝါ​ကြွား​တတ်​ပါ၏။ လော​ဘ​ကြီး​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပယ်၍ မ​ထီ​မဲ့​မြင်​ပြု​တတ်​ပါ၏။ မ​တ​ရား​သော​သူ​သည် မာ​န​ထောင်​လွှား​သော​ကြောင့်၊ မ​စဉ်း​စား​တတ်​ပါ။ ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ် အောက်​မေ့​တတ်​ပါ၏။ အ​စဉ်​ခိုင်​မာ​စွာ ကျင့်​ကြံ​ပြု​မူ​တတ်​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် သူ​နှင့်​ဝေး​မြင့်​သည်​ဖြစ်၍ ခပ်​သိမ်း​သော​ရန်​သူ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ပါ၏။ ငါ​သည် အ​စဉ်​မ​ရွေ့​ရ၊ ဆင်း​ရဲ​ခြင်း​သို့ မ​ရောက်​ရ​ဟု အောက်​မေ့​တတ်​ပါ၏။ သူ၏​နှုတ်​သည် ကျိန်​ဆဲ​ခြင်း၊ လှည့်​စား​ခြင်း၊ ရှုတ်​ချ​ခြင်း​နှင့် ပြည့်​ဝ​ပါ၏။ လျှာ​အောက်​မှာ မ​ကောင်း​သော​အ​ကြံ​နှင့် မ​တ​ရား​သော​အ​မှု​ရှိ​ပါ၏။ ရွာ​အ​နား​တွင် ပုန်း​နေ​ရာ​အ​ရပ်​မှာ​ထိုင်၍၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ သတ်​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ချောင်း​မြောင်း​တတ်​ပါ၏။ ချုံ​ထဲ​မှာ​နေ​သော ခြင်္သေ့​ကဲ့​သို့ ကွယ်​ရာ​အ​ရပ်၌ ပုန်း၍​နေ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ဖမ်း​ဆီး​ခြင်း​ငှာ ပုန်း​ကွယ်၍ နေ​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ကွန်​ရွက်​ထဲ​သို့​ဆွဲ၍ ဖမ်း​ဆီး​တတ်​ပါ၏။ ထို​သို့ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ ဆင်း​ရဲ​သော​သူ အ​ပေါင်း​တို့​သည် သူ၏​လက်​သို့ ကျ​ရောက်​တတ် ကြ​ပါ၏။ ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင် လက်​တော်​ကို ချီ​တော်​မူ​ပါ။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​ကို မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။ မ​တ​ရား​သော​သူ​သည် ဘု​ရား​သ​ခင်​ကို အ​ဘယ်​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​ရ​ပါ​အံ့​နည်း။ ကိုယ်​တော်​သည် စစ်​တော်​မ​မူ​ဟု အ​ဘယ်​ကြောင့် အောက်​မေ့​ရ​ပါ​အံ့​နည်း။ သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ မ​တ​ရား​သ​ဖြင့်​ပြု၍ ဆိုး​သော​သူ၏ လက်​ရုံး​ကို ချိုး​တော်​မူ​ပါ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို အ​ကုန်​အ​စင် စစ်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ​တည်​သော​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် နိုင်​ငံ​တော်​ထဲ​က ကွယ်​ပျောက်​ကြ​ပါ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့၏ တောင့်​တ​ခြင်း​အ​သံ​ကို ကြား​တော်​မူ၏။ သူ​တို့၏​စိတ်​နှ​လုံး​ကို တည်​ကြည်​စေ​တော်​မူ၏။ ဆင်း​ရဲ​သား​ကို သူ၏​မြေ​မှ တစ်​ဖန်​မ​နှင်​ထုတ်​မည်​အ​ကြောင်း၊ မိ​ဘ​မ​ရှိ​သော​သူ​နှင့် ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို တ​ရား​ပေး​ခြင်း​ငှာ နား​တော်​ကို​ဖွင့်​တော်​မူ၏။

ဆာလံ 10:1-18 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ဝေး​၌ နေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​ချိန်​၌​အ​ဘယ် ကြောင့် မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​ပါ​သ​နည်း။ သူ​ယုတ်​မာ​တို့​သည်​မာ​န​ထောင်​လွှား​လျက် ဆင်း​ရဲ​သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​ကြ​၏။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​များ​တွင် ပြန်​၍​မိ​စေ​တော်​မူ​ပါ။ သူ​ယုတ်​မာ​သည်​မိ​မိ​၏​ဆိုး​ညစ်​သော အ​လို​ဆန္ဒ​များ​အ​ကြောင်း​ကို​ကြွား​ဝါ​တတ်​၏။ လော​ဘ​ကြီး​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကျိန်​ဆဲ​ပစ်​ပယ်​တတ်​၏။ သူ​ယုတ်​မာ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဂ​ရု​မ​စိုက်​တတ်။ သူ​သည်​မာ​န​ထောင်​လွှား​လျက်​ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ်​ယူ​ဆ​တတ်​၏။ သူ​ယုတ်​မာ​သည်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင် အောင်​မြင်​တတ်​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သော​အ​မှု တို့​ကို သိ​မြင်​နား​လည်​နိုင်​စွမ်း​မ​ရှိ။ ရန်​သူ​များ​ကို​လည်း​ပြက်​ရယ်​ပြု​တတ်​၏။ ``ငါ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​မျှ​ဒုက္ခ​ရောက်​ရ​လိမ့်​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။ သူ​၏​နှုတ်​သည်​ကျိန်​ဆဲ​ခြင်း၊လိမ်​လည်​ခြင်း၊ ခြိမ်း​ခြောက်​ခြင်း​တို့​ဖြင့်​ပြည့်​ဝ​၏။ မုန်း​တီး​သော​စ​ကား၊ယုတ်​မာ​သော​စ​ကား​ကို အ​လျင်​အမြန်​ပြော​ဆို​တတ်​၏။ သူ​သည်​ရွာ​များ​တွင်​ပုန်း​အောင်း​ကာ အ​ပြစ်​မဲ့​သူ​များ​ကို​သတ်​ဖြတ်​တတ်​၏။ ခို​ကိုး​ရာ​မဲ့​သူ​များ​ကို​ချောင်း​မြောင်း​နေ​တတ်​၏။ သူ​သည်​သား​ကောင်​ကို​ဖမ်း​ဆီး​ရန်​သား​ရဲ​တွင်း​၌ ချောင်း​မြောင်း​နေ​သော​ခြင်္သေ့​ကဲ့​သို့​ဝပ်​၍​နေ တတ်​၏။ သူ​သည်​ဆင်း​ရဲ​သူ​များ​ကို​ချောင်း​မြောင်း​၍ မိ​မိ​ပိုက်​ကွန်​တွင်​ဖမ်း​ဆီး​ပြီး​လျှင်​ဆွဲ​ယူ သွား​တတ်​၏။ သူ​၏​ရက်​စက်​သော​ခွန်​အား​ဖြင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​ကို ပြို​လဲ​စေ​၏။ သူ​ယုတ်​မာ​က``ဘု​ရား​သခင်​သည်​ဤ​အ​မှု​တွင် ဂ​ရု​စိုက်​တော်​မ​မူ။ ကိုယ်​တော်​သည်​မျက်​စိ​ကို​မှိတ်​၍​ထား​တော် မူ​ပြီ။ ငါ့​ကို​အ​ဘယ်​အ​ခါ​မျှ​မြင်​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​တတ်​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ ထို​ယုတ်​မာ​သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။ သူ​ယုတ်​မာ​သည်​အ​ဘယ်​သို့​လျှင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ထီ​မဲ့​မြင်​ပြု​၍ ``ကိုယ်​တော်​သည်​ငါ့​ကို​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နိုင်​ပါ​သ​နည်း။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။ ယုတ်​မာ​သူ​နှင့်​ဆိုး​ညစ်​သူ​တို့​၏​လက်​ရုံး​ကို ချိုး​တော်​မူ​ပါ။ ထို​သူ​တို့​သည်​ဒု​စ​ရိုက်​ကို​မ​ပြု​တော့​သည့်​တိုင် အောင် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​သူ​တို့​သည် ပြည်​တော်​မှ​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လျက် သူ​တို့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော်​မူ​လိမ့် မည်။ ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​များ​နှင့် မိ​ဘ​မဲ့​သူ​များ​အား နောက်​တစ်​ဖန်​မ​ခြောက်​မ​လှန့်​နိုင်​စိမ့်​သော​ငှာ ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​၏​ဟစ်​အော်​သံ​ကို ကြား​တော်​မူ​၍ သူ​တို့​၏​အ​ကျိုး​ကို​ထောက်​လျက်​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။

ဆာလံ 10:1-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အဝေး​၌​ရပ်​နေ​တော်မူ​သနည်း​။ ဘေးဒုက္ခ​ရောက်​ချိန်​၌ အဘယ်ကြောင့် ပုန်းကွယ်​၍​နေ​တော်မူ​သနည်း​။ ဆိုးယုတ်​သော​သူ​သည် အဖိနှိပ်​ခံရ​သော​သူ​ကို မာန်မာန​ဖြင့် အပြင်းအထန်​လိုက်​တတ်​၏​။ သူ​တို့​သည် မိမိ​တို့​ကြံစည်​ထား​သည့် ကောက်ကျစ်​သော​အကြံအစည်​များ​ဖြင့် ပြန်​၍​ဖမ်းဆီး​ခြင်း​ခံရ​ကြ​ပါစေ​။ အကြောင်းမူကား ဆိုးယုတ်​သော​သူ​သည် မိမိ​စိတ်ဝိညာဉ်​၏​အလိုဆန္ဒ​များ​၌ ဂုဏ်ယူဝါကြွား​၍ လောဘကြီး​သော​သူ​သည် ထာဝရဘုရား​ကို​ကျိန်ဆဲ​လျက် မထီလေးစား​ပြု​၏​။ ဆိုးယုတ်​သော​သူ​သည် ဘဝင်မြင့်​၍ ကိုယ်တော်​ကို​မ​ရှာ​တတ်​။ “​ဘုရားသခင်​မ​ရှိ​”​ဟု အစဉ်​တွေးတော​တတ်​၏​။ သူ​၏​လမ်းခရီး​တို့​သည် အစဉ်အမြဲ​ချောမွေ့​နေ​တတ်​၏​။ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် သူ​နှင့်​အလှမ်းဝေး​သည့် မြင့်သောအရပ်​၌​ရှိ​၏​။ သူ​သည် မိမိ​ရန်သူ​ရှိသမျှ​တို့​ကို ပြောင်လှောင်​တတ်​၏​။ သူ​၏​စိတ်နှလုံး​ထဲ၌ “​ငါ​သည် တုန်လှုပ်​မည်​မ​ဟုတ်​။ မျိုးဆက်​အစဉ်အဆက် ဘေးအန္တရာယ်​နှင့် ကြုံတွေ့​ရ​မည်​မ​ဟုတ်​”​ဟု ဆို​တတ်​၏​။ သူ​၏​နှုတ်​သည် ကျိန်ဆဲ​ခြင်း​၊ လိမ်လည်လှည့်ဖြား​ခြင်း​၊ ဖိနှိပ်ခြယ်လှယ်​ခြင်း​နှင့်​ပြည့်​လျက်​ရှိ​၏​။ သူ​၏​လျှာ​အောက်​၌ အခက်အခဲ​ပြဿနာ​နှင့် အပြစ်ဒုစရိုက်​ရှိ​၏​။ သူ​သည် ရွာ​များ​တွင် ချုံခိုတိုက်ခိုက်​ရန်​ထိုင်စောင့်​လျက် အပြစ်ကင်း​သော​သူ​ကို​ကွယ်​ရာ​၌ သတ်ဖြတ်​တတ်​၏​။ သူ​၏​မျက်လုံး​တို့​သည် ခိုကိုးရာမဲ့သောသူ​ကို ချောင်းမြောင်း​တတ်​၏​။ သူ​သည် ပုန်းအောင်း​နေ​သော​ခြင်္သေ့​ကဲ့သို့ ကွယ်​ရာ​မှ ချောင်းမြောင်း​နေ​တတ်​၏​။ အဖိနှိပ်​ခံရ​သော​သူ​ကို​ဖမ်းဆီး​ရန် ချောင်းမြောင်း​နေ​တတ်​၏​။ အဖိနှိပ်​ခံရ​သော​သူ​ကို သူ​၏​ပိုက်ကွန်​ထဲသို့​ဆွဲယူ​ဖမ်းဆီး​တတ်​၏​။ သူ​သည် အင်အားကြီး​သောကြောင့် ခိုကိုးရာမဲ့​သော​သူ​တို့​သည် သူ​၏​ချေမှုန်း​ခြင်း​ကို​ခံရ​၍ ပြားပြားဝပ်​လျက်​ကျဆုံး​ကြ​၏​။ သူ​က “​ဘုရားသခင် မေ့လျော့​တော်မူ​ပြီ​။ မျက်နှာ​တော်​လွှဲ​၍ မည်သည့်​အခါ​မျှ မြင်​တော်​မ​မူ​”​ဟု စိတ်နှလုံး​ထဲ၌​ပြောဆို​တတ်​၏​။ အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ အို ဘုရားသခင်​၊ လက်​တော်​ကို​မြှောက်​တော်မူ​ပါ​။ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​ကို မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။ ဆိုးယုတ်​သော​သူ​သည် အဘယ်ကြောင့် ဘုရားသခင်​ကို​မထီလေးစား​ပြု​၍ “​ကိုယ်တော်​သည် စစ်ကြောစီရင်​တော်မူ​မည်​မ​ဟုတ်​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​ရ​သနည်း​။ သို့သော် ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​နှင့် ပူဆွေး​ခြင်း​တို့​ကို​မြင်​၍ လက်​တော်​ဖြင့်​ဖြေရှင်း​ရန် ကြည့်ရှုဆင်ခြင်​တော်မူ​၏​။ ခိုကိုးရာမဲ့သောသူ​သည် ကိုယ်တော်​ထံ၌ မိမိကိုယ်ကို​အပ်နှံ​ပါ​၏​။ ကိုယ်တော်​သည် မိဘမဲ့သူ​ကို ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​နှင့် မကောင်းမှု​ပြု​သော​သူ​တို့​၏​လက်ရုံး​ကို ချိုး​တော်မူ​ပါ​။ သူ​တို့​၏​ဆိုးယုတ်မှု​ကို တစ်ခုမကျန်​တွေ့ရှိ​အောင်​စစ်ဆေး​တော်မူ​ပါ​။ ထာဝရဘုရား​သည် ကာလ​အစဉ်အဆက် ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ တိုင်းနိုင်ငံ​တို့​သည် ကိုယ်တော်​၏​ပြည်​တော်​ထဲမှ ပျောက်ကွယ်​သွား​ကြ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏​အလိုဆန္ဒ​ကို ကြားသိ​လျက် သူ​တို့​၏​စိတ်နှလုံး​ကို တည်ကြည်​စေ​တော်မူ​၏​။ မြေကြီး​မှ​ဖြစ်လာ​သော​သူ​သည် နောက်တစ်ဖန် မ​ခြောက်လှန့်​နိုင်​မည့်​အကြောင်း ကိုယ်တော်​သည် အာရုံစိုက်​နားထောင်​လျက် မိဘမဲ့သူ​နှင့်​ဖိနှိပ်​ခြင်း​ခံရ​သော​သူ​တို့​အတွက် တရားစီရင်​ပေး​တော်မူ​၏​။