တောလည်ရာ 22:21-31
တောလည်ရာ 22:21-31 Judson Bible (JBMLE)
နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူ လိုက်လေ၏။ ထိုသို့လိုက်သောကြောင့်၊ ဘုရားသခင်အမျက်တော်ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကိုဆီးတားခြင်းငှာ လမ်း၌ရပ်နေ၏။ ထိုအခါ ဗာလမ်သည် မြည်းကိုစီး၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ်တွင်၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည်မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ဝင်လေ၏။ ဗာလမ်လည်း မြည်းကိုလမ်းသို့ပြန်စေခြင်းငှာ ရိုက်လေ၏။ ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း၌ တစ်ဖန်ရပ်နေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြည်းသည်မြင်ပြန်သောအခါ၊ စောင်ရန်းတစ်ဖက်၌တိုး၍ ဗာလမ်၏ခြေကို ဖိလေ၏။ ဗာလမ်လည်း တစ်ဖန်ရိုက်ပြန်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် လွန်သွား၍ လမ်းတစ်ဖက်ဖက်မျှ မလွှဲနိုင်အောင် ကျဉ်းမြောင်းသောအရပ်၌ ရပ်နေ၏။ မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက်နေ၏။ ဗာလမ်သည်အမျက်ထွက်၍ တောင်ဝှေးနှင့် မြည်းကိုရိုက်လေ၏။ ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကိုသုံးကြိမ်တိုင်အောင် ရိုက်ရမည်အကြောင်း၊ ငါသည်သင်၌ အဘယ်သို့ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊ ဗာလမ်က၊ သင်သည် ငါ့ကိုကျီစားပါသည်တကား။ ငါ၌ဓားရှိပါစေသော။ ဓားရှိလျှင် သင့်ကိုယခုသတ်မည်ဟု မြည်းအားဆို၏။ မြည်းကလည်း၊ ငါသည်ယနေ့တိုင်အောင် သင်၏အစီးကို အစဉ်ခံရသော သင်၏မြည်းဖြစ်သည်မဟုတ်လော။ သင်၌တစ်ခါမျှ ဤသို့ငါပြုဖူးသလောဟု ဗာလမ်အားမေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏။ ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကိုဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဓားကိုမိုးလျက်၊ လမ်း၌ရပ်နေသည်ကို ဗာလမ်သည်မြင်သဖြင့် ဦးချ၍ပျပ်ဝပ်လေ၏။
တောလည်ရာ 22:21-31 Common Language Bible (BCL)
သို့ဖြစ်၍နောက်တစ်နေ့နံနက်တွင်ဗာလမ် သည် မြည်းကိုကုန်းနှီးတင်၍စီးပြီးလျှင် မောဘအမျိုးသားခေါင်းဆောင်တို့နှင့် အတူလိုက်သွားလေ၏။ ထိုသို့ဗာလမ်လိုက်သွားသဖြင့်ဘုရားသခင်သည် အမျက်တော်ထွက်လေ၏။ ဗာလမ် သည်အစေခံနှစ်ယောက်လိုက်ပါလျက်မြည်း ကိုစီး၍သွားနေစဉ် ထာဝရဘုရား၏ ကောင်းကင်တမန်သည်သူသွားရာလမ်း ပေါ်တွင်ရပ်၍တားဆီးနေ၏။- မြည်းသည်လမ်းပေါ်တွင်ဋ္ဌားကိုကိုင်ဆွဲလျက် ရပ်နေသော ကောင်းကင်တမန်ကိုမြင်လျှင်လမ်း လွှဲ၍လယ်ကွင်းထဲသို့ဆင်းလေ၏။ ထိုအခါ ဗာလမ်သည်မြည်းကိုရိုက်၍လမ်းမပေါ်သို့ ပြန်တက်စေ၏။- ထိုနောက်ကောင်းကင်တမန်သည်စပျစ်ဥယျာဉ် နှစ်ခု၏ ကျောက်နံရံအကြားလမ်းကျဉ်းပေါ် တွင်ရပ်နေလေသည်။- မြည်းသည်ကောင်းကင်တမန်ကိုမြင်သော အခါနံရံတစ်ဖက်သို့ကပ်သဖြင့် ဗာလမ် ၏ခြေညှပ်မိလေသည်။ ထိုအခါဗာလမ် သည်မြည်းကိုရိုက်ပြန်သည်။- တစ်ဖန်ကောင်းကင်တမန်သည်ရှေ့မှဆီးကြို၍ ဝဲယာသို့မြည်းမလှည့်သာသောနေရာတွင် ရပ်နေ၏။- မြည်းသည်ကောင်းကင်တမန်ကိုမြင်ပြန်သော အခါ လမ်းမပေါ်တွင်ဝပ်ချလိုက်၏။ ဗာလမ် သည်ဒေါသထွက်၍မြည်းကိုတောင်ဝှေးဖြင့် ရိုက်လေသည်။- ထိုအခါထာဝရဘုရားသည်မြည်းကိုလူကဲ့ သို့ စကားပြောစေသဖြင့်မြည်းကဗာလမ် အား``ငါ့ကိုအဘယ်အပြစ်ကြောင့်သုံးကြိမ် တိုင်အောင်ရိုက်ရပါသနည်း'' ဟုမေးလေ သည်။ ဗာလမ်က``သင်သည်ငါ့ကိုအရူးဖြစ်အောင် ပြုလုပ်ပါသည်တကား။ ငါ့လက်ထဲ၌ဋ္ဌား ရှိလျှင်သင့်ကိုငါသတ်မည်'' ဟုဆိုလေ၏။ ထိုအခါမြည်းက``ငါသည်သင်စီးနေကျ မြည်းမဟုတ်ပါသလော။ ငါသည်ယခင်ဤ ကဲ့သို့ပြုခဲ့ဖူးပါသလော'' ဟုဗာလမ်အား မေးလေ၏။ ဗာလမ်က``မပြုဘူး'' ဟုပြန်ပြော၏။ ထိုနောက်ထာဝရဘုရားသည်ဗာလမ်အား ဋ္ဌားကိုင်၍ ရပ်နေသောကောင်းကင်တမန်ကို မြင်စေတော်မူသဖြင့် သူသည်မြေပေါ်တွင် ပျပ်ဝပ်၍နေလေ၏။
တောလည်ရာ 22:21-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နံနက်ရောက်လျှင် ဗာလမ်သည် ထ၍ မိမိ၏မြည်းကိုကုန်းနှီးတင်ပြီးလျှင် မောဘလူမျိုးတို့၏အကြီးအကဲတို့နှင့်အတူ လိုက်သွားလေ၏။ သို့သော် ဗာလမ်လိုက်သွားသောကြောင့် ဘုရားသခင်သည် အမျက်ထွက်၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုတားဆီးရန် လမ်း၌ရပ်နေ၏။ ဗာလမ်သည် မြည်းကိုစီးလျက် မိမိ၏ငယ်သားနှစ်ယောက်နှင့်အတူ သွားစဉ်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုကိုင်လျက် လမ်း၌ရပ်နေသည်ကို မြည်းသည် မြင်၍ လမ်းမှလွှဲပြီး လယ်ထဲသို့ ဆင်းသွားလေ၏။ ဗာလမ်သည် မြည်းကို လမ်းပေါ်သို့ပြန်တက်ရန် ရိုက်လေ၏။ ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် စပျစ်ခြံ၏ခြံစည်းရိုးနှစ်ခုကြားရှိ လမ်းကျဉ်း၌ ရပ်နေ၏။ မြည်းသည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်သောအခါ ခြံစည်းရိုးနံရံတစ်ဘက်ကိုကပ်သဖြင့် ဗာလမ်၏ခြေထောက်သည် ခြံစည်းရိုးနံရံဖြင့်ညှပ်မိ၏။ ထို့ကြောင့် ဗာလမ်သည် မြည်းကို ရိုက်ပြန်၏။ ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှေ့မှကြိုသွား၍ လက်ယာဘက်၊ လက်ဝဲဘက်သို့လှည့်၍မရနိုင်သည့် ကျဉ်းမြောင်းသောနေရာ၌ ရပ်နေပြန်၏။ မြည်းသည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်သောအခါ ဝပ်ချလေ၏။ ဗာလမ်သည် အမျက်ထွက်၍ မြည်းကိုတောင်ဝှေးဖြင့် ရိုက်ပြန်၏။ ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူသဖြင့် မြည်းက ဗာလမ်အား “ငါမည်သို့ပြုမိသဖြင့် သင်သည် ငါ့ကို ဤသို့သုံးကြိမ်ရိုက်ရသနည်း”ဟု မေးလျှင် ဗာလမ်က မြည်းအား “သင်သည် ငါ့ကို မထီလေးစားပြုပါသည်တကား။ ငါ့လက်ထဲ၌ဓားရှိလျှင် ယခုပင် သင့်ကိုငါသတ်ပြီ”ဟု ဆို၏။ မြည်းကလည်း ဗာလမ်အား “ငါသည် ယနေ့အထိ သင်အစဉ်အမြဲစီးသော သင်၏မြည်းဖြစ်သည်မဟုတ်လော။ ငါသည် သင့်အား ဤသို့ပြုလေ့ရှိသလော”ဟု ဆိုသော် ဗာလမ်က “မရှိပါ”ဟု ဆို၏။ ထိုအခါ ထာဝရဘုရားသည် ဗာလမ်၏မျက်စိကို ဖွင့်တော်မူသဖြင့် ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုကိုင်လျက်လမ်း၌ရပ်နေသည်ကို ဗာလမ်မြင်၍ ဦးညွှတ်ပျပ်ဝပ်လေ၏။