နာဟုံ 1:3-7
နာဟုံ 1:3-7 Judson Bible (JBMLE)
ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်း ကြီးတော်မူ၏။ သို့ရာတွင်၊ အပြစ်တည်သော သူတို့ကို အပြစ်မှ လွှတ်တော်မမူ။ ထာဝရဘုရားသည် လေပွေ၌လည်းကောင်း၊ မိုးသက်မုန်တိုင်း၌လည်းကောင်းကြွတော်မူ၍၊ မိုးတိမ်တို့သည် စက်တော်အောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြ၏။ ပင်လယ်ကို ဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသော မြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန်တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။ ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ်လျက်၊ ကုန်းတို့သည် အရည်ကျိုလျက်၊ ရှေ့တော်၌ မြေကြီးနှင့် လောကဓာတ်မှစ၍ လောကသားအပေါင်းတို့သည် ရွေ့လျက်ရှိကြ၏။ အမျက်တော်ရှေ့မှာ အဘယ်သူ ရပ်နိုင်သနည်း။ အမျက်တော်အရှိန်ကို အဘယ်သူ ဆီးတားနိုင်သနည်း။ မီးလောင်သကဲ့သို့ အမျက်ထွက်၍၊ ကျောက်တို့ကို ဖြိုချတော်မူ၏။ ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။
နာဟုံ 1:3-7 Common Language Bible (BCL)
ထာဝရဘုရားသည်အလွယ်တကူ အမျက်ထွက်တော်မမူတတ်။ သို့ရာတွင်ကိုယ်တော်သည်တန်ခိုးကြီး တော်မူ၍၊ အပြစ်ရှိသူတို့ကိုအပြစ်ဒဏ်မခတ်ဘဲ အဘယ်အခါ၌မျှထားတော်မမူပါ။ ကိုယ်တော်လျှောက်သွားရာအရပ်တို့၌ လေမုန်တိုင်းများကျရောက်တတ်၏။ မိုးတိမ်များကားကိုယ်တော်၏ရွှေစက်တော် အောက်မှ ထသည့်မြေမှုန့်များပင်တည်း။ ကိုယ်တော်သည်ပင်လယ်ကိုအမိန့်ပေးတော်မူ သောအခါပင်လယ်ရေသည်ခန်းခြောက်၍ သွား၏။ ကိုယ်တော်သည်မြစ်တို့ကိုလည်း ရေကုန်ခန်းစေတော်မူ၏။ ဗာရှန်တောင်သည်ညှိုးနွမ်းခြောက်သွေ့ကာ ကရမေလတောင်သည်အညိုရောင်သန်း၍ သွား၏။ လေဗနုန်တောင်မှပန်းများသည်လည်း ညှိုးနွမ်းကြကုန်၏။ ကိုယ်တော်၏ရှေ့၌တောင်ကြီးများသည် တုန်လှုပ်ကြလျက်၊ တောင်ငယ်များသည်အရည်ပျော်ကြကုန်၏။ ထာဝရဘုရားကြွလာတော်မူသောအခါ မြေငလျင်လှုပ်၍၊ ကမ္ဘာလောကနှင့်တကွကမ္ဘာသူကမ္ဘာသား အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။ ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍၊ မိမိ၏လူမျိုးတော်ဒုက္ခရောက်ချိန်၌ကွယ်ကာ စောင့်ရှောက်တော်မူ၏။ အထံတော်တွင်ခိုလှုံသူတို့အားကြည့်ရှု ပြုစုတော်မူ၏။
နာဟုံ 1:3-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားသည် စိတ်ရှည်သောဘုရား၊ တန်ခိုးကြီးသောဘုရား၊ အပြစ်ရှိသူကို အပြစ်ဒဏ်မခတ်ဘဲမနေသောဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် လေပွေနှင့် မိုးသက်မုန်တိုင်းအလယ်တွင် ကြွမြန်းတော်မူ၏။ မိုးတိမ်တို့သည် ခြေတော်အောက်၌ မြေမှုန့်ကဲ့သို့ဖြစ်၏။ ပင်လယ်ကို ဆုံးမပြီး ခြောက်သွေ့စေတော်မူ၏။ ရှိသမျှသောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူ၏။ ဗာရှန်ပြည်နှင့် ကရမေလတောင်တို့သည် ခြောက်သွေ့၍ လက်ဘနွန်တောင်ရှိပန်းများလည်း ညှိုးနွမ်းကြပါ၏။ တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။ ကိုယ်တော်၏အမျက်တော်ရှေ့၌ မည်သူရပ်နိုင်မည်နည်း။ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်ကို မည်သူကြံ့ကြံ့ခံနိုင်မည်နည်း။ အမျက်တော်ကို မီးကဲ့သို့သွန်ချတော်မူလျှင် ရှေ့တော်၌ ကျောက်ဆောင်များ ပြိုကျကုန်ပါ၏။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်ချိန်၌ မှီခိုရာဖြစ်တော်မူ၏။ ကိုယ်တော်၌ ခိုလှုံသောသူတို့ကို စောင်မတော်မူ၏။