YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 4:13-34

ရှင်မာကု 4:13-34 Judson Bible (JBMLE)

သင်​တို့​သည် ဤ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​လျှင်၊ ဥ​ပ​မာ​ရှိ​သ​မျှ​တို့​ကို အ​ဘယ်​သို့ နား​လည်​ကြ​မည်​နည်း။- မျိုး​စေ့​ကြဲ​သော​သူ​သည် တ​ရား​စ​ကား​ကို ကြဲ၏။- တ​ရား​စ​ကား​ကို လမ်း၌​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ စာ​တန်​သည် ချက်​ချင်း​လာ၍ နှ​လုံး၌​ကြဲ​သော တ​ရား​စ​ကား​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။- ကျောက်​ပေါ​သော​အ​ရပ်၌ ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ချက်​ချင်း ခံ​ယူ​သော်​လည်း၊- စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ ခ​ဏ​သာ​တည်​သ​ဖြင့် တ​ရား​စ​ကား​ကြောင့် အ​မှု​အ​ခင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​အ​ခါ ချက်​ချင်း ဖောက်​ပြန်​တတ်​သည်​ဟု ဆို​လို​သ​တည်း။- ဆူး​ပင်​တို့​တွင် ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား၍၊- လော​ကီ​အ​မှု၌ စိုး​ရိမ်​ခြင်း၊ စည်း​စိမ်​ဥ​စ္စာ၏ လှည့်​စား​ခြင်း၊ ကြွင်း​သော​အ​ရာ​ကို တပ်​မက်​ခြင်း​စိတ်​တို့​သည် တ​ရား​စ​ကား​ကို လွှမ်း​မိုး​ညှဉ်း​ဆဲ​တတ်​သော​ကြောင့် အ​သီး​မ​သီး​နိုင်​ဟု ဆို​လို​သ​တည်း။- ကောင်း​သော​မြေ၌ ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား၍​ခံ​ယူ​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​တတ်​သည်​ဟု ဆို​လို​သ​တည်း။ ထို​မှ​တစ်​ပါး ဆီ​မီး​ကို ဆီ​မီး​ခုံ​ပေါ်​မှာ​မ​တင်၊ တောင်း​ဇ​လား​အောက်၊ ခု​တင်​အောက်၌ ဖုံး​ထား​ခြင်း​ငှာ ယူ​ခဲ့​သ​လော။- ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည် ထင်​ရှား​လိမ့်​မည်။ ဝှက်​ထား​လျက်​ရှိ​သ​မျှ​တို့​သည်​လည်း ပွင့်​လင်း​လိမ့်​မည်။- ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။ ထို​မှ​တစ်​ပါး သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​တိုင်​ခံ​ရ​ကြ​မည်။- အ​ကြင်​သူ​သည် ရ​တတ်၏၊ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏၊ ထို​သူ၌ ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။ ထို​မှ​တစ်​ပါး လူ​သည် လယ်၌ မျိုး​စေ့​ကြဲ​ပြီး​မှ နောက်​တစ်​ဖန် မိ​မိ​မ​ကြည့်​မ​မှတ်၊- ည၊ နေ့၊ အိပ်​လျက်၊ နိုး​လျက်​နေ​သော်​လည်း အ​ပင်​ပေါက်၍ ကြီး​ပွား​သည်​နှင့် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် တူ၏။- မြေ​ကြီး​သည် မိ​မိ​အ​လို​အ​လျောက် အ​သီး​ကို​သီး​စေ၍ ရှေ့​ဦး​စွာ အ​ညှောက်၊ ထို​နောက်​အ​နှံ၊ ထို​နောက် အ​နှံ​ထဲ​မှာ အောင်​မာ​သော​အ​ဆန်​ကို ဖြစ်​စေ​တတ်၏။- အ​သီး​မှည့်၍ ရိတ်​ချိန်​ရောက်​သော​အ​ခါ၊ လယ်​ရှင်​သည် မ​ဆိုင်း​မ​လင့်၊ တံ​စဉ်​နှင့် ရိတ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​ဥ​ပ​မာ​နှင့် ခိုင်း​နှိုင်း​ရ​အံ့​နည်း​ဟူ​မူ​ကား၊- မုန်​ညင်း​စေ့​နှင့် တူ၏။ မုန်​ညင်း​စေ့​သည် မြေ၌​စိုက်​သော​အ​ခါ မြေ၌​ရှိ​သော အ​စေ့​တ​ကာ​တို့​ထက် ငယ်​သော်​လည်း၊ စိုက်​ပြီး​မှ အ​ပင်​ပေါက်၍၊- မြက်​ပင်​တ​ကာ​တို့​ထက် ကြီး​ပွား​သ​ဖြင့်၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အ​ရိပ်​ခို၍ နား​နေ​လောက်​သော အ​ကိုင်း​အ​ခက်​ကြီး​တို့​ကို ဖြစ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​သို့​သော ဥ​ပ​မာ​စ​ကား​များ​အား​ဖြင့် ကိုယ်​တော်​သည် ပ​ရိ​သတ်​များ နား​ထောင်​နိုင်​သည်​အ​တိုင်း တ​ရား​ဟော​တော်​မူ၏။- ဥ​ပ​မာ​ကင်း၍ ဟော​ပြော​တော်​မ​မူ။ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ တ​ပည့်​တော်​တို့​အား ဖွင့်​ပြ​တော်​မူ၏။

ရှင်မာကု 4:13-34 Common Language Bible (BCL)

ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​ကြ​လျှင် အ​ဘယ်​ပုံ​ဥ​ပ​မာ​ကို​နား လည်​နိုင်​ကြ​မည်​နည်း။- လူ​အ​ချို့​တို့​သည်​လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့် တူ​၏။ မျိုး​ကြဲ​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​မျိုး​စေ့​ကို​ကြဲ​သ​ဖြင့် လူ​တို့​ကြား​သည် နှင့်​တစ်​ပြိုင်​နက်​စာ​တန်​သည်​လာ​၍​ထို​တ​ရား​တော် ကို​သူ​၏​စိတ်​နှ​လုံး​မှ​နုတ်​ယူ​သွား​၏။- ထို​နည်း​တူ​စွာ​အ​ချို့​သော​သူ​တို့​သည်​ကျောက်​ခံ မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည် တ​ရား​တော်​ကို​ကြား​လျှင်​ကြား​ချင်း​ဝမ်း​မြောက် စွာ​ခံ​ယူ​ကြ​၏။- သို့​သော်​ယင်း​တ​ရား​တော်​သည်​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ ထို​နောက်​ဤ​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့်​နှိပ်​စက် ညှဉ်း​ပန်း​မှု​ကို​ကြုံ​တွေ့​ရ​သော​အ​ခါ သူ​တို့ သည်​ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။- အ​ချို့​သော​သူ​တို့​သည်​ဆူး​တော​မြေ​တွင်​ကျ သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည်​တ​ရား​တော် ကို​ကြား​ရ​ကြ​၏။- သို့​သော်​ဘ​ဝ​ရပ်​တည်​မှု​အ​တွက်​စိုး​ရိမ်​ကြောင့် ကြ​စ​ရာ​များ၊ စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု​များ နှင့်​အ​ခြား​လို​အင်​ဆန္ဒ​များ​ပေါ်​ပေါက်​လာ​ပြီး​လျှင် ထို​တ​ရား​တော်​ကို​လွှမ်း​မိုး​သ​ဖြင့်​တ​ရား​တော် မျိုး​စေ့​သည်​မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်။- အ​ချို့​သော​သူ​များ​မူ​ကား​မြေ​ကောင်း​မြေ​သန့် တွင်​ကျ​သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည်​တ​ရား တော်​ကို​ကြား​၍​ခံ​ယူ​ကြ​သည်​ဖြစ်​ရာ​အ​ဆ သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​သီး နှံ​များ​ကို​ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​က ``ဆီ​မီး​ကို​တောင်း​ဇ​လား​နှင့်​အုပ်​ထား ရန်​မ​ဟုတ်။ ခု​တင်​အောက်​တွင်​ထား​ရန်​လည်း​မ​ဟုတ်။ ဆီ​မီး​ခုံ​ပေါ်​မှာ​သာ​တင်​ထား​ရန်​မ​ဟုတ်​ပါ​လော။- ကွယ်​ဝှက်​ထား​သော​အ​ရာ​ဟူ​သ​မျှ​သည်​ပေါ်​လာ ရ​ပေ​မည်။ ဖုံး​အုပ်​ထား​သော​အ​ရာ​သည်​ပွင့်​လာ ရ​မည်။- ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။ ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​က ``သင်​တို့​ကြား သည့်​အ​ရာ​ကို​ဂ​ရု​စိုက်​၍​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​အား​စစ်​ကြော​သော​တင်း တောင်း​ပ​မာ​ဏ​အ​တိုင်း ဘု​ရား​သ​ခင်​သည်​သင် တို့​အား​စစ်​ကြော​တော်​မူ​လိမ့်​မည်။ ထို​ထက်​မ​က ပို​၍​ပြင်း​ထန်​စွာ​စစ်​ကြော​တော်​မူ​လိမ့်​မည်။- ရှိ​သူ​အား​ထပ်​၍​ပေး​လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က​ဆက်​လက်​၍ ``ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​သည် မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​ကြုံ တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။- သူ​သည်​မြေ​တွင်​မျိုး​ကို​ကြဲ​ပြီး​နောက် နေ့​ည အ​လိုက်​အိပ်​စက်​တုံ​နိုး​ထ​တုံ​ပြု​၏။ ထို​အ​ခိုက် မျိုး​စေ့​သည်​အ​စို့​ထိုး​၍​အ​ပင်​ပေါက်​၏။ မည် သို့​အ​စို့​ထိုး၊ အ​ပင်​ပေါက်​သည်​ကို​သူ​မ​သိ။- မြေ​ကြီး​သည်​အ​လို​အ​လျောက်​ကောက်​စ​ပါး ကို​ဖြစ်​စေ​၏။ ဦး​စွာ​ကောက်​ညွန့်​ကို​ထွက်​စေ​၏။ ထို​နောက်​ကောက်​နှံ​ကို​ဖြစ်​စေ​၏။ ထို​နောက်​ကောက် ဆန်​ကို​အောင်​စေ​၏။- ကောက်​သီး​များ​မှည့်​သော​အ​ခါ​ကောက်​ရိတ်​ချိန်​ကျ ပြီ​ဖြစ်​၍ ထို​သူ​သည်​ချက်​ချင်း​ပင်​ကောက်​ရိတ်​စ ပြု​၏'' ဟု​မိန့်​တော်​မူ​၏။ တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ကို​မည်​သို့​ဥ​ပ​မာ​နှိုင်း​ရ​အံ့​နည်း။ မည်​သည့်​ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​ဖော်​ပြ​ရ​မည်​နည်း။- ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​မုန်​ညင်း​စေ့​နှင့် တူ​၏။ မုန်​ညင်း​စေ့​သည်​မြေ​၌​စိုက်​စဉ်​အ​ခါ ကမ္ဘာ ပေါ်​ရှိ​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ်​၏။- စိုက်​ပြီး​နောက်​ကြီး​ပွား​လာ​သော​အ​ခါ အ​ခြား အ​ပင်​ငယ်​များ​အား​လုံး​ထက်​ပို​၍​ကြီး​မား​၏။ အ​ကိုင်း​အ​ခက်​ကြီး​များ​လည်း​ပေါ်​ထွက်​လာ​၏။ ကောင်း​ကင်​ငှက်​များ​ပင်​ထို​အ​ပင်​အ​ရိပ်​ဝယ် နား​နေ​နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ ယင်း​သို့​လျှင်​ကိုယ်​တော်​သည်​ထို​သူ​တို့​နား​လည် နိုင်​သည့်​ပုံ​ဥ​ပ​မာ​များ​အား​ဖြင့် တ​ရား​တော် ကို​ဟော​ပြော​တော်​မူ​၏။- ပုံ​ဥ​ပ​မာ​နှင့်​ကင်း​၍​ဟော​တော်​မ​မူ။ တ​ပည့်​တော် တို့​အား​လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌ ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။

ရှင်မာကု 4:13-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​က“ဤ​ပုံ​ဥပမာ​ကို​နား​မ​လည်​ကြ​သလော။ သို့ဖြစ်လျှင် သင်​တို့​သည် ပုံ​ဥပမာ​အားလုံး​ကို မည်ကဲ့သို့​နားလည်​ကြ​မည်နည်း။ မျိုးကြဲ​သော​သူ​သည် တရား​စကား​ကို​ကြဲ​၏။ တရား​စကား​ကို​ကြဲ​သောအခါ လမ်း​ဘေး​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ဤသို့သော​သူ​တို့​ကို​ဆို​လို​၏။ တရား​စကား​ကို​သူ​တို့​ကြား​သောအခါ စာတန်​သည်​ချက်ချင်း​လာ​၍ သူ​တို့​၌​ကြဲ​ထား​သော​တရား​စကား​ကို နုတ်ယူ​လေ​၏။ ကျောက်​ပေါများ​သော​နေရာ​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သောအခါ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​တို့​ကို​ဆို​လို​၏။ သို့သော် သူ​တို့​၌​အမြစ်​မ​စွဲ​သဖြင့် ခဏ​သာ​ခံ​၏။ တရား​စကား​ကြောင့် ဆင်းရဲ​ဒုက္ခ​၊ သို့မဟုတ် ညှဉ်းဆဲ​ခြင်း​ရောက်လာ​သောအခါ ချက်ချင်း​စိတ်ပျက်​သွား​ကြ​၏။ အချို့​တို့​မူကား ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​ကြ​၏။ ဤ​သည်​ကား တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌ စိုးရိမ်​ပူပန်​ခြင်း၊ စည်းစိမ်​၏​လှည့်ဖြား​ခြင်း​နှင့် အခြား​သော​တပ်မက်​ခြင်း​များ​ဝင်လာ​၍ တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​တို့​ကို​ဆို​လို​၏။ ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ လက်ခံ​သဖြင့် အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆ​တစ်ရာ အသီး​သီး​သော​သူ​တို့​ကို​ဆို​လို​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“ဆီမီး​ကို တောင်း​အောက်​၊ သို့မဟုတ် ခုတင်​အောက်၌​ထား​ရန် ယူလာ​လေ့​ရှိ​သလော။ ဆီမီးခုံ​ပေါ်၌​ထား​ရန် ယူလာ​သည်​မ​ဟုတ်​လော။ အကြောင်းမူကား ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ဖုံးကွယ်​ထား​သော​အရာ​များ​တွင်​လည်း မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“သင်​တို့​ကြား​ရ​သည့်​အရာ​ကို သတိပြု​ကြ​လော့။ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်။ ထို့ပြင် သင်​တို့​အတွက် ထပ်၍​ဖြည့်​ပေး​ကြ​လိမ့်မည်။ အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကို​ပင် သိမ်းယူ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မြေ​ပေါ်၌ လူ​တစ်​ဦး​မျိုးစေ့​ကြဲ​သည်​နှင့်တူ​၏။ သူ​သည် ည​အချိန်​နှင့်​နေ့​အချိန်​၌ အိပ်​လျက်​၊ ထ​လျက်​နေ​စဉ် မျိုးစေ့​သည် အညှောက်​ထွက်​၍ ကြီးထွား​လာ​၏။ ၎င်း​သည် မည်ကဲ့သို့​ကြီးထွား​လာ​သည်​ကို ထို​သူ​မ​သိ။ မြေကြီး​သည် အလိုအလျောက်​အသီး​သီး​စေ​လျက် ဦးစွာ အပင်၊ ထို့နောက် အနှံ၊ ထိုမှတစ်ဆင့် အနှံ​ထဲတွင် အောင်​သော​အဆန်​ကို​ဖြစ်​စေ​၏။ အသီး​မှည့်​သောအခါ ရိတ်သိမ်း​ချိန်​ရောက်လာ​သည်​ဖြစ်၍ သူ​သည် ချက်ချင်း​တံစဉ်​ဖြင့်​ရိတ်​လေ​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​ပုံ​ဥပမာ​ဖြင့် ဖော်ပြ​ရ​မည်နည်း။ ၎င်း​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ ထို​အစေ့​သည် မြေ​၌​စိုက်​သောအခါ မြေကြီး​ပေါ်​ရှိ အစေ့​တကာ​တို့​ထက် သေးငယ်​၏။ စိုက်​ပြီး ကြီးထွား​လာ​သောအခါ​တွင်​မူ ဟင်းသီးဟင်းရွက်​ပင်​အားလုံး​ထက်​ကြီး​၍ ၎င်း​၏​အရိပ်​အောက်​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည် အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော ကြီးမား​သည့်​အကိုင်း​များ​ထွက်လာ​၏”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ထိုသို့သော​ပုံ​ဥပမာ​များစွာ​တို့​ဖြင့် လူတို့​ကြားနာ​နိုင်​သည့်​အတိုင်း တရား​စကား​ကို သူ​တို့​အား ဟောပြော​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား ဟောပြော​တော်​မ​မူ။ သို့သော် မိမိ​တပည့်​တော်​တို့​ကို​မူကား အကြောင်းအရာ​အားလုံး​ကို သီးသန့်​ရှင်းပြ​တော်မူ​၏။